www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 21, 2015

စစ်မှန်သောအပြုံး

စစ်မှန်သောအပြုံး

လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံရာတွင် မျက်နှာမြင် ချစ်ခင်ပါစေ ဟူသော ဆုနှင့် ပြည့်ဝသည့် မျက်နှာသည် အပြုံးနှင့် တန်ဆာဆင် ထားသော မျက်နှာ ဖြစ်သည်။ အရှုံးလည်း မရှိ၊ အမြတ်လည်း ရသော ရင်းနှီးရသော အလုပ်သည် ပြုံးခြင်းဖြစ်သည်။ မျက်နှာလေး နှင့် မျက်လုံးလေး များကို အပြုံးလေး များဖြင့် တန်ဆာဆင် ပါက ကျက်သရေ ရှိ၍ မြင်သူ၊ တွေ့သူ တို့က ချစ်ခင်နှစ်သက် ကြလေသည်။ ထို့ကြောင့် မျက်နှာနှင့် မျက်လုံးတွင် အပြုံးဖြင့် တန်ဆာဆင် သင့်သည်။

သို့သော် အချို့သော သူများသည် ပြုံးရသော အလုပ်ကိုပင် အလွန် ခက်ခဲသော အလုပ်ဟု ယူဆ နေကြသည်။ ပြုံးချင်စိတ်မှ မရှိ ပြုံးလည်း အာညောင်း ရုံသာဟု ဆိုကြသည်။ အချို့က အမြဲ ပြုံးနေပါက ပေါသည်ဟု ထင်မှာစိုးရိမ် သည်ဟုလည်း ဆိုကြသည်။ ဤတွင် အပြုံးနှင့် ပတ်သက်၍ တွေးတော စရာများစွာ ရှိနေသည်။ စစ်မှန်သော အပြုံးနှင့် အပြုံးတု ဟူ၍ ရှိသည်ဟု ဆိုချင်သည်။

မုန်းသောသူနှင့် ဆက်ဆံ ရသောအခါ နှလုံးသားတွင် ဒေါသစိတ်နှင့် ယှဉ်၍ ထိုသူ၏ အပြုံးသည် ဟန်ဆောင်ပြုံးသာ ဖြစ်၍ အပြုံးတု မချိပြုံး ဖြစ်သည်။ သူတစ်ပါး အပေါ်၌ ကောက်ကျစ်သော စိတ်ဖြင့် လုပ်ကိုင် ဆောင်ရွက် နေချိန်တွင် ပြုံးပါက ထိုအပြုံးသည် မစစ်မှန်၍ စဉ်းလဲသော အပြုံးသာ ဖြစ်မည်။ ကာမရာဂ စိတ်ဖြင့်ပြုံးသော အပြုံးသည် ရမ္မက် အပြုံးသာ ဖြစ်မည်။ ထိုအပြုံး များသည် ရင်မှလာသော သန့်ရှင်းသော စိတ်စေတနာ မပါ၍ အပြုံးတု များသာ ဖြစ်သည်။ အမှန်မှာ ပါးစပ်ကို ဖြဲပြတိုင်း အပြုံးမဟုတ်၊ သူတစ်ပါးအပေါ် စေတနာ သန့်သန့်နှင့် ရိုးရိုးသားသား ခင်မင်သော နှစ်လိုဖွယ် အပြုံးသာလျှင် ကျက်သရေ ရှိသော၊ လှပသော အပြုံးစစ် ဖြစ်သည်။ 

ဆေးသိပ္ပံ၏ တွေ့ရှိချက် အရလည်း ပြုံးနေစဉ် ပြုံးသူ၏ အကြောငယ်များ လှုပ်ရှားကြသည်။ ထို အကြောလေး များသည် နုပျိုမှုကို ပေးစွမ်း စေနိုင်သည်ဟု ဆိုသည်။ ထို့အတူ မဲ့နေသော အခါ တွင်လည်း မျက်နှာပေါ်ရှိ အကြောလေးများ လှုပ်ရှားကြသည်။ မဲ့ခြင်းကြောင့် လှုပ်သော အကြော များသည် အိုစာမှုကို ဖြစ်ပွား စေသည်ဟု ဆိုသည်။

ထို့ကြောင့် ပြုံးနေနိုင်ရန် ကြိုးစားကြရမည် ဖြစ်သည်။ ပြုံးရန် ကြိုးစားရာတွင် စိတ်နှလုံးကို မေတ္တာဖြင့် ပြည့်ဝနေရန် အလျင် ပြုပြင်ရမည် ဖြစ်သည်။ မုဒိတာတရား နှလုံးသားတွင် ပြည့်နေရန် ပြုပြင်ရမည် ဖြစ်သည်။ ကရုဏာ တရားနှင့် ပြည်စုံနေရန် ပြုပြင် ထားရမည် ဖြစ်သည်။

ထိုသို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ် တို့ဖြင့် ပြည့်လျှမ်း နေသောသူ၏ အပြုံးသည် ဒေါသထွက်သူ၏ စိတ်နှလုံးကို အေးချမ်း သွားစေမည်။ စိုးရိမ်ကြောင့်ကြ နေသူအတွက် ခွန်အားကို ဖြစ်စေသည်။ ဝမ်းနည်း နေသူကို ပျော်ရွှင်ချမ်းမြေ့ စေမည်ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဦးနှင့် တစ်ဦးကြား အမုန်းတရားများ ပျောက်စေ၍ ချစ်ခြင်းတရား များသာ ပွားများ စေသော၊ လှပသော အပြုံးပန်းများ ဖြစ်စေရန် နှလုံးသားတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ ထုံမွမ်းရမည် ဖြစ်ပြီး လောက အေးချမ်းသာယာ စိုပြည်စေရန် လူတိုင်း နှုတ်ဖျားတွင် စစ်မှန်သည့် နှစ်လိုဖွယ် အပြုံးများ ဆင်မြန်း ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

ရတနာပုံနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger