www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 20, 2015

ခင်မင်မှုတန်ဖိုး


ခင်မင်မှုတန်ဖိုး 

မဒါလေး

အပြင် ထွက်ရသည့် ရုံးပိတ်ရက် နေ့များမှာ ကျွန်မ အတွက်တော့ ဝန်လေး လှသည်။ အရွယ်ရောက်စဉ် အခါ ကတည်းကပင် ကျောင်းပိတ်လျှင် အိမ်ထဲတွင် တစ်နေကုန် စာဖတ်ရမှ ကျေနပ်  တတ်သည်။ အပေါင်းရယ် အသင်းရယ် လည်ရမည်လည်း စိတ်မဝင်စား၊ အစား အသောက်ပင် မေ့သည့်အခါ မေ့တတ် သေးသည်။ စာအုပ် တစ်အုပ်နှင့် ကော်ဖီ တစ်ခွက်မှာ ကျွန်မအတွက် အဖော်ဖြစ်ခဲ့ ဖူးသည်။ ထိုသို့သော ကျွန်မ ယခုအချိန်တွင် အိမ်အပြင် ထွက်သွား လာရသော အလုပ်ကို ဝန်လေးသည်မှာ ဖြစ်သင့်သည့် အရာ တစ်ခုဟုပင် ဆိုရမည် ဖြစ်သည်။

ကျွန်မမိဘ များသည် သာမန် လခစား ဝန်ထမ်းများ ဖြစ်သည့် အတွက် ကျွန်မတို့ မိသားစုမှာ အပိုလျှံ ဝင်ငွေမရှိပါ။ ကျွန်မတို့ မောင်နှမ တစ်တွေ ပညာရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ရသဖြင့် အဖေနှင့် အမေ မှာလည်း မောလွန်းလှပြီ ဖြစ်သည်။ သို့အတွက် ပညာရေး အပြင် အခြားအပို ကုန်ကျစရိတ် များကို သူများတွေ နည်းတူ မစဉ်းစား နိုင်ခဲ့၊ မစဉ်းစား တတ်ခဲ့ပါ။ ကျွန်မတို့ ကျောင်းပြီး၍ လုပ်ငန်းခွင် ကိုယ်စီ ဝင်နိုင်ချိန် မှာတော့ အဖေနှင့် အမေအတွက် အနည်းငယ်သော စိတ်သက်သာရာ ရခဲ့သည်မှာ အမှန်ပင် ဖြစ်ပေ လိမ့်မည်။ အဖေသည် ပြုံးပြုံး .. ပြုံးပြုံးနှင့် ဘာမှ မပြောဘဲ နေတတ် သော်လည်း အမေကတော့ ''အခုမှပဲ ရင်ထဲက အလုံးတွေ တစ်လုံးပြီး တစ်လုံး ကျတော့တယ် ''ဟု မကြာခဏ ပြောတတ်သည်။

လုပ်ငန်းခွင် ဝင်တော့ ကျောင်းတုန်းက သူငယ်ချင်း အချို့နှင့် ပြန်ဆုံ ဖြစ်သည်။ ကျွန်မမှလွဲ၍ အားလုံးမှာ အရင် ကတည်းက အဆင်ပြေ ကြသူများမို့ ယခုတော့ ပိုမိုအဆင်ပြေ နေကြသည်။ လုပ်ငန်းခွင် ဝင်မှပင် သူငယ်ချင်းများ၊ လုပ်ဖော် ကိုင်ဖက် များနှင့် ဟိုဟိုသည်သည် သွားဖြစ်သည်။ တစ်ပတ် ခြောက်ရက် အလုပ်လုပ် ရသဖြင့် ပိတ်သည့် ရက်တွင် ဝယ်စရာ ရှိသူကဝယ် သွားစရာ ရှိသူကသွား တစ်ခါတစ်ရံ မိတ်ဆွေ သူငယ်ချင်းများ နှင့်မုန့်စုစား ကြသည်လည်း ရှိသည်။ သူ့အိမ် ကိုယ့်အိမ် အပြန်အလှန် သွားကာ တစ်လှည့်စီ မုန့်လုပ်စား ကြသည်။

မေဦး သည် တက္ကသိုလ်တက်စ ကတည်းက ခင်မင်ခဲ့သည့် သူငယ်ချင်း ဖြစ်သည်။ ထိုစဉ် ကတည်းက သူမမှာ စီးပွားရေး အကွက် မြင်တတ်၊ ကြည့်တတ်သည်။ အပေါင်းအသင်း ဆံ့သည်။ သူငယ်ချင်းများ ကလည်း သူ့ကို ခင်မင်ကြသူ များသည်။ မေဦးမှာ သူမမိခင်နှင့် ရင်းနှီးသည့် ရတနာဆိုင်တွင် အလုပ်လုပ်ရင်း တစ်ဖက်မှ ကျောင်းတက်သည်။ ထိုစဉ် ကတည်းက ပင် ဆရာမများနှင့် သူငယ်ချင်းများကို လက်ဝတ် ရတနာများ ကို ရောင်းချလေ့ ရှိသည်။ ကိုယ့်စရိတ် ကိုယ်ရှာကာ ကျောင်းတက်သော မေဦးကို ကျွန်မတို့အားလုံး အားကျ ခဲ့ကြသည်။ မဝယ်နိုင် သည့်တိုင် သူမပြသော ပစ္စည်းလေးများကို ကြည့်ရသော အခါမှာတော့ ပျော်ရွှင်မိသည်။ သူများတွေ ဝယ်တော့လည်း ကြည်နူးရသည်။ ကိုယ့် အခြေအနေ နှင့်ကိုယ်မို့ လိုချင် တပ်မက်သည့် စိတ်တော့ အများကြီး မဖြစ်ခဲ့ပေ။ သူမ ရောင်းသည့် လက်ဝတ်ရတနာ များမှာလည်း တန်ဖိုး မသေးလှ သဖြင့် လိုချင်၍လည်း မရနိုင်သေးသည့် အခြေအနေမို့ လိုချင်စိတ် မရှိသည့် ကိုယ့်စိတ်ကိုပင် ကျေးဇူး တင်မိသည်။

''သူငယ်ချင်း နင်လက်ဝတ် ပစ္စည်းဝယ်ရင် ငါ့ဆီကပဲ ဝယ်နော်။ ဈေး အသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်'' ထိုစဉ်က ပြောခဲ့သော မေဦး စကားမှာ ကျွန်မနားထဲမှ မထွက်ပါ။ သူငယ်ချင်း ရောင်းသော ပစ္စည်းမှာ တန်ဖိုးကြီး သဖြင့် မဝယ်နိုင်သော အားပေးချင် ပေမယ့် အားပေးရန် မဖြစ်နိုင်သော ကိုယ့်အဖြစ် ကြောင့်ပင် သူမ၏ ထိုစကား အတွက် အားနာခဲ့ ဖူးသည်။ အချိန်တွေလည်း ကြာခဲ့ပါပြီလေ။ မေဦး နှင့်လည်း မတွေ့ဖြစ်တာ ကြာပြီ။ ဖုန်းတွေ ပေါသည့်တိုင် မကိုင်နိုင်သည့် ကိုယ့်အဖြစ်ကြောင့် သူငယ်ချင်း အချို့နှင့်လည်း အဆက်အသွယ် ပြတ်ခဲ့ရသည်။ ဖုန်းလေး ကိုင်နိုင်တော့လည်း ဆက်သွယ်ရန် မည်သို့ ဆက်သွယ်ရမည် မသိ။ တစ်ဦးတွေ့ တစ်ခါမေးနှင့် ဒီလိုနဲ့ ဖုန်းလေးထဲမှာ သူငယ်ချင်း အတော် များများ၏ ဖုန်းနံပါတ်များ ရှိလာခဲ့ပြီ။

ယခုလည်း တနင်္ဂနွေ နားရက်တွင် ရွှေဆိုင်သွားကာ ပစ္စည်းအချို့ သွားလုပ်မည်ဟု သူငယ်ချင်း တစ်ဦး ဖုန်းဆက်သဖြင့် စောင့်နေခြင်း ဖြစ်သည်။ တစ်သက်လုံး အမေဆင်သည့် အတိုင်း ဝတ်စား လာခဲ့သော ကျွန်မ ဒီတစ်ခါတော့ ပစ္စည်းလေး တစ်ခုလောက် ကိုယ်တိုင် သွားလုပ်မည် ဟု မှန်းထား လိုက်သည်။ စုထားသော လစာလေးများ ပေါင်းကြည့် လိုက်တော့ အတန်အသင့်ပစ္စည်းလေး တစ်ခုလောက် လုပ်လို့ ရနိုင်မည်။ ဒီလိုနဲ့ တနင်္ဂနွေ တစ်ရက်မှာ ရွှေဆိုင်သို့ ရောက်ခဲ့ပါပြီ။ လိုချင်သော ပစ္စည်း လေးများကို ဈေးမေးကြည့်ကာ ကိုယ့်ငွေနှင့် ချိန်ကိုက် ကြည့်နေ မိသည်။

''ဟယ် .. သူငယ်ချင်း နင်က ရွှေတွေဘာတွေ ဝယ်လို့ပါလား။'' ရုတ်တရက် အနောက်မှ အော်လိုက်သော အသံကြောင့် လှည့်ကြည့် မိသည်။ ''ဟယ် .. မေဦး နင် ... မေဦး မဟုတ်လား။'' မေဦးနှင့် တွေ့သဖြင့် အခြား သူငယ်ချင်း တွေလည်း စုလာကြသည်။ ''ဒါနဲ့ တော်တို့က ပစ္စည်း လာလုပ်ကြ တာပေါ့လေ၊ ကျုပ်ဆီလဲ အားပေးလို့ ရပါတယ် ဘယ်ပုံ ကြိုက်လဲ သာပြောလိုက် ယူခဲ့ပေးမယ်။'' မေဦး အပြောကြောင့် အနည်းငယ် အံ့အားသင့် သွားသည်။ ဝယ်ရန် ပစ္စည်းတွေ အများကြီး ကြည့်ပြီးမှ မယူဘဲ ပြန်လို့ရမည်လား ဟုလည်း တွေးမိသည်။ ဘေးမှ သူငယ်ချင်း တစ်ဦးက ''မင်း သဘောနော် မဝယ်ချင်လဲ ရပါတယ်။ ကြည့်ရတာ အမြတ်ပေါ။့'' သူမ စကားကြောင့် အနည်းငယ် စဉ်းစားရခက် သွားသည်။ ထိုစဉ် မေဦး မှ ''ဘာမှ စဉ်းစားမနေနဲ့ မယူလဲ ဘယ်သူမှ ဘာမှမပြောဘူး၊ ဒါနဲ့နေတာ အရင်အိမ် ပဲလား၊ နောက်ရက် ပစ္စည်းလာပြ ပေးမယ် တစ်ခါတလေ သူငယ်ချင်း အချင်းချင်း အားပေးပါဦး။'' သူမ အပြောကြောင့် ကျောင်း ကတည်းက ခင်မင်ခဲ့သည့် သံယောဇဉ် တစ်ခါမှ မဝယ်ဖူးသော သူမထံမှပစ္စည်း များအတွက် အားနာမိ သွားသည်။ ဘာပဲပြောပြော သူငယ်ချင်း ဆီကို အားပေးရမည်။

 နောက်တစ်ပတ် တနင်္ဂနွေ နေ့တွင် မေဦး ကျွန်မအိမ်သို့ ရောက်လာ သည်။ သူထုတ်ပြသော လက်ဝတ် ရတနာများမှာ စုံလင်လှသည်။ ထို အထဲကမှ အဆင်ပြေသည့် တစ်ခုကို ရွေးချယ် လိုက်သည်။ ''ဒါက စိန်နော် ကျောက် မဟုတ်ဘူး၊ ဈေးက ရွှေနဲ့မတူဘူး။ ဒါယူ မလို့လား။'' မေဦး စကားကြောင့် စိတ်ထဲ တစ်မျိုး ဖြစ်သွား သော်လည်း ကိုယ့်အခြေအနေ ကိုငဲ့ပြီး ပြောတာလည်း ဖြစ်နိုင်သည်။ '' အင်း ဒါလေးကြိုက်လို့ စုထားတဲ့ ငွေနဲ့လဲ ဒါလေးတော့ ရပါတယ်'' ကျွန်မကို ကြည့်ကာ မေဦး အံ့သြသကဲ့သိြု့ ဖစ်နေသည်။ ထိုစဉ် ရုံးမှ သူငယ်ချင်း တစ်စု ရောက်လာသည်။ ကျွန်မယူ ထားသော ပစ္စည်းလေးကို ကြည့်ကာ အားလုံးက လှသည်ဟု ပြောကြသည်။ ကျွန်မ ငွေရှင်းရန် ပြင်လိုက်သည်။ ထိုစဉ် သူငယ်ချင်း တစ်ဦးမှ ဝင်ကာ ''ဒါဟိုနေ့က ငါကြည့်ခဲ့ သေးတယ်၊ ဈေးက သုံးသောင်းတောင် ပိုနေတယ်၊ သူငယ်ချင်း အချင်းချင်း မလျှော့ရင်တောင် ပိုမယူပါနဲ့ အေ။'' ထို စကားကြောင့် ထို သူငယ်ချင်းနှင့် မေဦး အချေအတင် ပြောသည့် အခြေအနေ သို့ ရောက်လာသည်။ ကျွန်မကပင် ကြားမှဝင်လျက် '' ဒါက မတူပါဘူး နည်းနည်း ကွာတယ်။'' ပြောရင်းပင် ငွေရှင်း လိုက်သည်။ မေဦး လည်း ဖျော်ရည်ဘူးကို အမြန်မော့ကာ ခပ်သွက်သွက်လေး ထွက်သွားသည်။ ''နင်ကလဲဟယ် အဲ့ဒီနားကပ် အရင်နေ့က ကြည့်တာ ဘယ်လောက်လဲ ဆိုတာ သိရဲ့သားနဲ့ နင်မို့ အကို အတယ်။'' မချိတင်ကဲ ကျွန်မကို အပြစ်တင်သော သူငယ်ချင်းကို ကျွန်မပြုံး၍ ကြည့်မိသည်။ ''အခု မေဦးကို အပိုပေး လိုက်ရတာ သုံးသောင်းထဲပါ သူငယ်ချင်းရယ်၊ ဒါပေမဲ့ ငါတို့ခင်မင် လာတဲ့ရက်၊ လ၊ နှစ် တွေရဲ့တန်ဖိုးက ဒါထက် အများကြီး တန်ပါတယ်'' ကျွန်မ အပြောကြောင့် သူငယ်ချင်းများ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက် ကြသည်။ ဟုတ်ပါသည်။ ကျွန်မတို့ တက္ကသိုလ် တက်စ ကတည်းက ခင်မင် လာခဲ့သည်မှာ ယခုအချိန် ဆိုလျှင် ဆယ်စုနှစ် တစ်ခုပင် ကျော်ခဲ့ပြီ။ ဤအချိန်ထိ ခင်မင် ပေးခဲ့သည့်၊ လမ်းတွေ့လျှင် အရေးတယူ နှုတ်ဆက် ပေးခဲ့သည့် ပြုံးပြပေး ခဲ့သည့် သူငယ်ချင်း မိတ်ဆွေများ၏ တန်ဖိုးမှာကား တန်ဖိုးဖြတ် နိုင်သည့် ရတနာထက်ပင် အဖိုးတန်သည် မဟုတ်ပါလား။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger