www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 22, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BBC မြန်မာသတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား (အပိုင်း-၂)





BBC - အကယ်၍ အတိုက်အခံဘက်က နိုင်သွားမယ်ဆိုရင် ဒီရလဒ်ကိုကော တပ်မတော်အနေနဲ့ လက်ခံမှာလား။

ဗိုလ်ချုပ်မှူးကြီး - ဘယ်သူရရ တရားနည်းလမ်း ကျကျနဲ့ ရတဲ့ result မှန်သမျှ လက်ခံပါတယ်။

BBC - နောက်ထပ်တစ်ခု ကျွန်တော် မေးလိုတာကတော့ တချို့ဖြစ်စဉ်တွေမှာ တပ်မတော်သား တွေက ပြစ်မှုကျူးလွန် နေတယ်ဆိုပြီး စွပ်စွဲမှုတွေရှိ နေပေမယ့်လည်း တပ်မတော်က တာဝန်ယူခြင်း မရှိဘူးလို့ ဝေဖန်မှုတွေ ရှိပါ တယ်။ ဥပမာအနေနဲ့ ကျွန်တော် ပြောရမယ်ဆိုရင် ကချင်ပြည်နယ်မှာ ဆရာမနှစ်ဦးကို အဓမ္မပြုကျင့် ပြီးတော့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီကိစ္စမှာ တပ်ကနေပြီးတော့ ကျူးလွန်တယ်လို့ တချို့ဒေသခံတွေ ပြောကြတာ ရှိပါတယ်။ နောက်တစ်ခု ကတော့ ကရင်ပြည်နယ်မှာ ပါကြီး အသတ်ခံရတဲ့ အမှု ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေ ရှိနေတာနဲ့ ပတ်သက်ပြီး သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ခင်ဗျားပြောတာ ကချင်ပြည်နယ်မှာ ဖြစ်တဲ့ ဆရာမ နှစ်ယောက် ကိစ္စကတော့ ကချင်ပြည်နယ် မဟုတ်ဘူး။ ရှမ်းပြည်နယ် မှာရှိတဲ့ ကချင် တိုင်းရင်းသား တွေနေတဲ့ ဒေသတစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။အဲဒီတော့ ကျွန်တော်တို့မှာ တပ်မတော်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ရှိတယ်။ ကျွန်တော်တို့မှာ ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေရှိတဲ့ အပြင် သူ့စည်းကမ်း သတ်မှတ်ချက် တွေရှိတယ်။ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ဆိုတာရှိတယ်။ ဒါကလည်း ခင်ဗျားတို့ ဗြိတိသျှကနေ ကျွန်တော်တို့ ယူလာခဲ့တဲ့ ဥပဒေ တစ်ခုပေါ့။ အင်မတန် ကောင်းတဲ့ ဥပဒေတစ်ခုပါ။ ဒီဥပဒေအပြင် ကျွန်တော်တို့မှာ အမိန့်နှင့် ညွှန်ကြားချက်တွေ သီးခြား ညွှန်ကြားချက် တွေရှိတယ်။ ပိုပြီးတော့ လေးနက်အောင် လုပ်ထားတာ တွေရှိတယ်။ ပြစ်မှုတစ်ခု ကျူးလွန်ရင် လွတ်ပြီဆိုတာ တော့မရှိဘူး။ ကျွန်တော်တို့ ထိထိ ရောက်ရောက် အရေးယူတယ်။ ဒီဟာကို တစ်ချို့လူတွေ ထင်တာကတော့ ကျွန်တော်တို့က ပြစ်မှုတွေနဲ့ ပတ်သက်ပြီး လျှော့လျှော့ပေါ့ပေါ့ လုပ်တယ်လို့ ယူဆ နေကြတယ်။ ကျွန်တော်တို့မှာ အဲဒီလို မဟုတ်ဘူး။ ပြင်းပြင်းထန်ထန် ကို အရေးယူခဲ့ တာတွေ တပ်မတော်မှာ ရှိပါတယ်။ ပြင်းပြင်း ထန်ထန်ကို ကျွန်တော်တို့ အရေးယူတယ် ဆိုတာကို ပြောလိုတယ်။ ဥပမာအားဖြင့် ခင်ဗျားပြောတဲ့ အမျိုးသမီး နှစ်ယောက် မုဒိမ်းကျင့်ခံ ရပြီး သတ်တဲ့ ကိစ္စပေါ့။ တပ်မတော် မှာ တကယ်သာ တပ်မတော်သား တစ်ယောက်က ကျူးလွန်တယ် ဆိုလို့ရှိရင် လူသတ်မှု အတွက်ကတော့ သေဒဏ်ကတော့ သေချာတယ်။ သေဒဏ်ပေးမှာ သေချာတယ်။ သေဒဏ်ပြစ်ဒဏ် အစီရင်ခံရမှာ သေချာတယ်။ နောက်တစ်ချက်က rape case ဆိုလို့ရှိရင်တော့ အမြင့်ဆုံး ပြစ်ဒဏ်ကိုပဲ အနိမ့်ဆုံး ခံစားရမှာ ဖြစ်တယ်။ အနည်းဆုံး ပေးမယ့်ပြစ်ဒဏ် ကတော့ အမြင့်ဆုံးပဲ။ ဒါကတော့ သေချာတယ်။ ကျွန်တော်တို့ တပ်မတော်မှာ လုံးဝကို လက်မခံတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ 

ခင်ဗျားပြောတဲ့ ကချင်အမျိုးသမီး နှစ်ယောက် ဖြစ်စဉ်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့ သိတဲ့ ရရှိခဲ့တဲ့ သက်သေ စစ်ဆေးချက် တွေက တပ်မတော်သား တွေနဲ့ မပတ်သက်ဘူး ဆိုတာကတော့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ သို့သော် သက်သေတွေ ကုန်ပြီလား ဆိုတော့ သက်သေတွေ ကုန်တဲ့ အဆင့်တော့ မရဘူး။ အဲဒီ သက်သေတွေက တစ်ဖက်ရဲ့ ဖိအားပေးမှု တွေကြောင့် သက်သေတွေ လွတ်နေတာတွေ ရှိတယ်။ အဲဒီ သက်သေတွေသာ စစ်နိုင်မယ်ဆိုရင်တော့ အဖြေက တိကျတဲ့ အဖြေတစ်ခု ထွက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တိကျတဲ့ အဖြေ ထွက်လာတယ် ဆိုလို့ရှိရင် တာဝန်ရှိတဲ့ လူကိုတော့ ထိထိရောက်ရောက် အပြစ်ပေးမယ်။ ဒါကတော့ တရားစီရင်ရေး ဘက်က စဉ်းစားမှာပေါ့။ တပ်မတော်ဘက် တရားစီရင်ဖို့ လိုရင်လည်း တပ်မတော်ဘက် ကတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမယ် ဆိုတာတော့ ကျွန်တော် ပြောနိုင်တယ်။ 
.
နောက်တစ်ခုက ခင်ဗျားပြောတဲ့ ခုနက ပါကြီး ကိစ္စပါ။ ကရင်ပြည်နယ် မှာဖြစ်ခဲ့တဲ့ ကိစ္စပေါ့။ ကျွန်တော်တို့ ဆီမှာ တန်းပြည့် စစ်မှုထမ်းခြင်း ဆိုတာ တစ်ခုရှိတယ်။ ဒီဥပဒေဟာ တပ်မတော်သား တစ်ယောက်က တိုင်းပြည် တာဝန် ထမ်းဆောင်တဲ့ အချိန်မှာ ပြဿနာ တစ်ခုရှိရင် သူ အကာအကွယ်ပေး ရမှာတွေရှိတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပါကြီး ကိစ္စ ဆိုလို့ရှိရင် ဒီတိုက်ပွဲ ဧရိယာဖြစ်တဲ့ နေရာမှာဖြစ်တဲ့ case တစ်ခု၊ အမှုတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ပါကြီးကို ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်တဲ့ နေရာမှာ မိတဲ့ အချိန်မှာ သူသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ လူတစ်ယောက် အနေနဲ့ မိခဲ့တာဖြစ်တယ်။ သူဟာ သတင်းထောက် တစ်ယောက် ဖြစ်တယ်။ ဒါမှမဟုတ်လို့ ရှိရင် သူဟာ အရပ်သား တစ်ယောက် ဖြစ်တယ် ဆိုတာကို သူဘယ်လိုမှ ပြောခဲ့တာ မရှိဘူး၊ ဒါကြောင့်သူ့ကို စနစ်တကျ ချုပ်နှောင်ထား တာပေါ့၊ ချုပ်နှောင် ထားပြီးတော့ သူဟာ ကျွန်တော်တို့ ကင်းသမားကို အန္တရာယ်ပေးပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ အခါမှာ ပစ်ခတ် ဖမ်းဆီးလို့ သေသွားတဲ့ case ဖြစ်ပါတယ်။ အဲဒီတော့ တန်းပြည့် စစ်မှုထမ်းခြင်း နဲ့ စစ်သည် တစ်ယောက်က တာဝန် ထမ်းဆောင်ချိန်မှာ ဖြစ်တဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဥပဒေအရ အကာအကွယ် ပေးလို့ရတာ ရှိပါတယ်။ ဒါကတော့ သာမန် အားဖြင့် ပြောတာပေါ့။ ဒါကြောင့်လည်း ကျွန်တော်တို့က စစ်သည် တစ်ယောက်ကို အရေးယူတဲ့ အခါမှာ ဒီ ဥပဒေအရ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ကနေ ကျွန်တော်တို့ အရေးယူခဲ့တာ ဖြစ်တယ်။ တကယ်လို့သာ ပါကြီး က သူဟာ အစ ကတည်းက အရပ်သား တစ်ယောက် ဖြစ်ပါတယ်။ သတင်းထောက် တစ်ယောက် ဖြစ်ပါတယ် ဆိုတာကို သက်သေ အထောက်အထား နဲ့ပြပြီး ပြောမယ်ဆိုလို့ ရှိရင် ဒီလိုမျိုး ပြဿနာ ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ပြောလိုတယ်။ ဒီနေရာမှာလည်း ဒီအမှု တစ်ခုက ခင်ဗျားက ဥပမာအနေနဲ့ ပြောလို့သာ ပြောလို့ ကျွန်တော်က ရှင်းပြတာ။ 
.
တပ်မတော်မှာ အလားတူ ကိစ္စတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အများကြီး ပြင်းပြင်း ထန်ထန်တွေ အရေးယူခဲ့တာ တွေရှိတယ်။ သိပ်မကြာသေး ခင်ကပဲ ကချင်ပြည်နယ် မှာ တစ်ခု ဖြစ်ခဲ့တဲ့ ရဲဘော် တစ်ယောက်က တိုင်းရင်းသား အိမ်တစ်အိမ်ကို သူလည်နေကျ အိမ်တစ်အိမ် ကိုသွားတယ်။ သွားတဲ့အခါ ကျတော့ သူ့ကို ဒီအိမ်မှာရှိတဲ့ အမျိုးသမီးကြီးကို မုဒိမ်းကျင့်ဖို့ ကြိုးစားတယ် ဆိုပြီး ရွာကနေ ဝိုင်းပြီး ဖမ်းလိုက်တယ်။ သူ့ကို ဖမ်းတဲ့အခါ ကျတော့၊ တကယ်တော့ မုဒိမ်းမှု ကျူးလွန်တဲ့ အဆင့်ကို မရောက်ဘူး။ ဘာသက်သေ အထောက်အထားမှ မရှိဘူး။ သို့သော်လည်းပဲ တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အထင်အမြင် လွဲမှားမှုကို ဖြစ်စေတဲ့ အတွက်ကြောင့် သူ့ကို ကျွန်တော် ထောင်ခုနစ်နှစ် အထိ သက်ဆိုင်ရာ တရားရုံး ကနေပြီးတော့ ပြစ်ဒဏ်ချခဲ့တာ ရှိတယ်။ အလားတူပါပဲ ကျွန်တော်တို့ အခြားနေရာမှာ ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေ ရှိပါတယ်။ ရဲဘော်တွေဟာ မ တစ်ထောင်သား တွေ ဖြစ်ပါတယ်။ ခြောက်ပြစ်ကင်း သဲလဲစင် လို့တော့ ကျွန်တော် မပြောလိုပါဘူး။ ဘယ်နိုင်ငံမှာ မဆို ရဲဘော်တွေ၊ စစ်မှုထမ်း တွေက ပြစ်မှုကျူးလွန် တဲ့သူတွေ ရှိကြတာပါပဲ။ အဲဒီတော့ ဒီမှာလည်း ပြစ်မှုကျူးလွန် တယ်ဆိုလို့ ရှိရင် သူတို့နိုင်ငံမှာ ရှိတဲ့ စစ်မှုထမ်း ဥပဒေအရ အပြစ်ပေးတဲ့ စည်းကမ်းတွေ အကုန်လုံး ရှိတယ်။ ဒီဥပဒေ အရ သွားကြတာ ဖြစ်တယ်။ ကျွန်တော်တို့လည်း ဒီဥပဒေ အရပဲ သွားတယ်။ သွားတဲ့အခါ ကြတော့ ဒီလိုဖြစ်တဲ့ အမှုမျိုး ဆိုလို့ရှိရင် ကျွန်တော်တို့ ထိထိ ရောက်ရောက် အရေးယူ ခဲ့တယ်ဆိုတာ ယခင် သာဓက တွေလည်း အများကြီး ရှိတယ်။ ခင်ဗျားတို့ ထင်သလို တာဝန်မရှိဘူး၊ တာဝန်မယူဘူး ဆိုတဲ့ဟာတော့ မဟုတ်ဘူးလို့ ကျွန်တော် ပြောလိုတယ်။

BBC - လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယခုဆိုရင်လည်း မီဒီယာမှာ ထိုင်းနဲ့ အခြားနိုင်ငံ တွေမှာလည်း ဆက်စပ်ဖြစ်ပွား နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အဆွေတော်ရဲ့အမြင်နဲ့ ရေရှည်မှာ ဖြေရှင်းမည့် နည်းလမ်းကို ဘယ်လိုများ ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် ထင်တယ်။ ခင်ဗျားမေးတဲ့ အဓိပ္ပာယ်က ဘင်္ဂါလီနဲ့ ပတ်သက်တယ်လို့ ယူဆတယ်။ ဒီ ဘင်္ဂါလီ ကလည်း ရခိုင်ပြည်နယ် မှာရှိနေတဲ့ အဖွဲ့အစည်း ပေါ့လေ။ တစ်ခုရှိတာပေါ့၊ တချို့ကလည်း ဘင်္ဂလားဒေ့ရှ် ကနေ ပြေးလာတဲ့ လူတွေလည်း ရှိတယ်။ ခုနကပြောတဲ့ မလေးရှား အိမ်နီးနားချင်း နိုင်ငံအထိ ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပေါ့၊ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဟိုဘက်က ပြေးတဲ့ လူတော့ ဒါ သူတို့ရဲ့ ပြဿနာပေါ့။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြေးတဲ့လူ ကတော့ ဒါကတော့ ဟိုဘက်နိုင်ငံရဲ့ ပြဿနာပေါ့။ ဒီဟာတော့ ကျွန်တော် ပြောလိုတယ်။ ဒါကိုတော့ သူတို့ ပြဿနာ သူတို့ရှင်းဖို့ လိုတာပေါ့။ ဒီဘင်္ဂါလီ ဆိုတာလည်း တကယ်တမ်း ပြောရရင် ကျွန်တော်တို့ ဗြိတိသျှ နိုင်ငံရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ အချိန်တုန်းက မြန်မာနိုင်ငံကို လယ်ကူလီ လုပ်ဖို့ဆိုပြီး တော့မှ အဲဒီတုန်းက ရခိုင်ဒေသမှာ ခေါ်လာတဲ့ လူတွေအများစု ဖြစ်ပါတယ်။ ဒီကနေပြီးတော့ ပေါက်ဖွား လာတဲ့လူတွေ များတာပေါ့။ စည်းမရှိ ကမ်းမရှိ ဝင်ကြတဲ့ လူတွေပေါ့။ အဲဒီက နေပြီး ပေါက်ဖွားလာပြီး ခုနက ရခိုင်ဒေသမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ သူတို့က ကျွန်တော်တို့ရဲ့ တိုင်းရင်းသား မဟုတ်ဘူး။ တိုင်းရင်းသား မဟုတ်တဲ့ အတွက်ကြောင့် တိုင်းရင်းသားနဲ့ တူညီတဲ့ အခွင့်အရေး တစ်ခု သူတို့ ရစရာ အကြောင်းတော့ မရှိဘူး။ သို့သော် လူသားချင်း စာနာ ထောက်ထားမှု အနေနဲ့ ဥပဒေအရတော့ ကျွန်တော်တို့ စောင့်ရှောက် ပေးမယ့် လုပ်ငန်းတွေ တော့ရှိပါ လိမ့်မယ်၊ ပိုင်ခွင့်တွေ ရှိလိမ့်မယ်၊ အဲဒီတော့ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကတော့ သက်ဆိုင်ရာ တည်ဆဲ  ဥပဒေအရပဲ ဖြေရှင်းပြီး သွားရမှာပေါ့။ 
.
နံပါတ်တစ် အချက်ကတော့ ဒီအဖွဲ့တွေကို ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေနဲ့အညီ နေထိုင်ဖို့ အတွက် အရေးကြီးတယ်။ နံပါတ်တစ် အချက် အရေးအကြီး ဆုံးပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဥပဒေနဲ့ အညီ နေထိုင်ဖို့အတွက် အရေးအကြီးဆုံး ပဲဖြစ်ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ ကျွန်တော်တို့ တိုင်းရင်းသားပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံရဲ့ဥပဒေနဲ့ နေဖို့တော့ နံပါတ်တစ် အချက် အရေးကြီး ပါတယ်။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ ဆီမှာ နိုင်ငံသားနဲ့ ပတ်သက်တဲ့ ဥပဒေ ထုတ်ပြန် ထားတာ ရှိပါတယ်။ ဒီ ဥပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ရင်တော့ ဥပဒေနဲ့အညီ သူတို့ကို ဆုံးဖြတ်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် မှာလည်း သက်ဆိုင်တဲ့ နိုင်ငံတွေ ကလည်း သက်ဆိုင်ရာ အလျောက် တာဝန် ယူရမယ့် ဟာတွေလည်း ရှိလာနိုင် ပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်တာဝန် သူ့တာဝန်ကို ယူဖို့ကိုတော့ အရေးကြီးတယ် လို့ ပြောလိုတယ်။ ချက်ချင်းကြီး ဒီဟာကြီးကို ဖြေရှင်းဖို့ ဆိုတာလည်း သူတို့ အနေနဲ့လည်း ဒီဟာကို သိရှိနားလည် လက်ခံဖို့ လိုသလို သက်ဆိုင်ရာ နိုင်ငံတွေ ကလည်း ဒီပေါ်မှာ လက်ခံနိုင်ဖို့လည်း လိုအပ်တယ်လို့ ပြောလိုပါတယ်။ အဲဒီမှာ ကျွန်တော်တို့ နိုင်ငံလည်း ပါတာပေါ့၊ သက်ဆိုင်တဲ့ နိုင်ငံ အားလုံးပေါ့၊ ဒီနေရာမှာ တစ်ဖက်ကလည်း သူတို့အနေနဲ့ ဥပဒေနဲ့အညီ နေထိုင်ဖို့ လိုသလို သူတို့ကိုလည်း ဘေးကနေ မြှောက်ထိုး ပင့်ကော် လုပ်ပြီးတော့ တည်ငြိမ်မှု ပျက်ပြားအောင်၊ လှုံ့ဆော်မှုတွေလည်း မဖြစ်အောင် တစ်ဖက်ကလည်း အသိရှိရှိနဲ့ အားလုံးဝိုင်းပြီး လုပ်ဖို့ လိုလိမ့်မယ်။ ဒါမှသာ ဒီပြဿနာလည်း ကျော်လွှားလို့ ရမှာပေါ့၊ ဒီဟာမှာ အဖုအထစ် ဖြစ်နေတာနဲ့ ဒီပြဿနာ ကျော်လွှားဖို့ အတွက်ကျွန်တော်တို့ အချိန်ကာလ ပိုပြီးတော့ ကြာတဲ့ အခြေအနေ ကိုရောက်သွား နိုင်ပါတယ်။ တစ်ဖက်ကလည်း သက်ဆိုင် တဲ့ လူများကလည်း သူတို့အပေါ်မှာ ကုလသမဂ္ဂ ရဲ့ပြဋ္ဌာန်းချက် တွေရှိပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ အလေးထားပြီးတော့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

BBC - အဆွေတော် အနေနဲ့ ဒီနှစ်မှာ တပ်မတော်ကနေ ပြီးတော့ အငြိမ်းစား ယူမယ်လို့ ကျယ်ပြန့်စွာ သတင်းပေါ်ထွက် နေပါတယ်။ ဒီဟာကော မှန်ကန်မှု ရှိပါသလား၊ နောက်တစ်ခု သိချင်တာ ကတော့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိပါသလား၊ အကယ်၍ သမ္မတ တာဝန် ထမ်းဆောင် ပေးဖို့ တောင်းဆို လာတာရှိရင် ထမ်းဆောင် ပေးဖို့အတွက် ဆန္ဒ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ် အချက် ဒီနှစ် အငြိမ်းစား ယူမယ်ဆိုတာတော့ မဟုတ်ဘူး။ ၂ဝ၁၆ ခုနှစ်မှ ကျွန်တော် အသက် ၆ဝ ပြည့်မှာ ဖြစ်ပါတယ်။ ဒါကတော့ ဥပဒေအရ ပြောရမယ် ဆိုရင်ပေါ့၊ နောက်တစ်ခုက နိုင်ငံရေး နဲ့ပတ်သက် တာပေါ့၊ ကျွန်တော်တို့ အခု တပ်မတော်သား၊ တပ်မတော် အရာရှိကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ အချိန်ထိ တပ်မတော်မှာ တာဝန် ထမ်းဆောင်တာ နှစ် ၄ဝ ရှိပြီ ဖြစ်ပါတယ်။ ကျွန်တော့် မှာတော့ ဒီဟာတွေက တိုင်းပြည်အတွက် အတွေ့အကြုံ၊ ကျွန်တော် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး ရှိတာပေါ့။ နောက် တစ်ခုက ကျွန်တော်ကလည်း တပ်မတော်သား တစ်ယောက် တာဝန် ထမ်းဆောင်တာ နေ့စဉ် ကျွန်တော်တို့ မှာလည်း သစ္စာဆို ထားတာ ရှိတယ်။ တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင် ဖို့ဆိုတဲ့ အဓိဋ္ဌာန်ကို သစ္စာဆိုထားတဲ့ လူတွေဖြစ်တဲ့ အတွက် တိုင်းပြည်အတွက် လိုအပ်လာလို့ ရှိရင်တော့ ဘာတာဝန်ပဲ ဖြစ်ဖြစ် လုပ်ရမယ့်တာဝန် ရှိပါတယ်။ ဒါကတော့ အမျိုးသား နိုင်ငံရေးတာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်ကို ပြည်သူလူထုက တောင်းဆိုလာတယ်။ လုပ်မလားလို့ မေးတယ်၊ တောင်းဆိုမယ့် လူရှိလာ ရင်လည်း အဲဒီအပေါ် မူတည်မှာပေါ့။ ဒါပေမဲ့လည်း စစ်သား တစ်ယောက်ရဲ့ တာဝန်ကိုက တိုင်းပြည်ရဲ့ အကျိုးစီးပွား တစ်ခုခုကို ကျတဲ့နေရာ ကနေ တာဝန် ထမ်းဆောင်ဖို့ စစ်သား တစ်ယောက်မှာ တာဝန်ရှိသလို နိုင်ငံသား တစ်ယောက် အနေနဲ့လည်း တိုင်းပြည်ရဲ့ ကောင်းမယ့် ကိစ္စ မှန်သမျှကို ဘယ်လိုပဲ ဖြစ်ဖြစ် ထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ နောက်တစ်ခုက ဥပဒေ ကလည်း ကျွန်တော်တို့ နိုင်ငံသားတွေမှာ ခုနက ပြောတဲ့ သမ္မတဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ရင်လည်း ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒီအပေါ်မှာ ကိုက်ညီတယ် ဆိုရင် ကျွန်တော့်မှာ အခွင့်အရေး ရှိတယ်။ မကိုက်ညီရင်လည်း အခွင့်အရေး မရှိဘူးပေါ့၊ ဒီအခွင့်အရေး ရှိနေတာကို ကျွန်တော့်အနေနဲ့ ပြည်သူကလည်း တောင်းဆိုမှု ပြုလာတယ် ဆိုလို့ရှိရင် အဲဒီ အခြေအနေ ကျရင် ပြောမှာပေါ့။ ဒီအချိန်မှာ ကျွန်တော်လုပ်တဲ့ ဟာတွေက တိုင်းပြည် ကောင်းအောင် လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်း ရှိတယ်လို့ ပြောလိုပါတယ်။ နောက်တစ်ခု ကလည်း ပြည်သူက တောင်းဆိုမှလည်း မဟုတ်ဘူး။ ဥပဒေ ပြဋ္ဌာန်းချက် အရလည်း ကျွန်တော်တို့ ဥပဒေ ပြဋ္ဌာန်းချက်ကို ကျော်လွန်လို့ မရဘူးလို့ ပြောချင်တယ်။

BBC - ကျွန်တော်တစ်ခုလောက် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ခင်ဗျာ။ လာမယ့် မတ်လမှာ ပြည်ထောင်စု လွှတ်တော် ကနေပြီးတော့ အဆွေတော်ကို သမ္မတအဖြစ် အဆိုပြုမယ်ဆိုရင် ဘယ်လိုဆန္ဒရှိ ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - သူတို့ အဆိုပြုနိုင်တဲ့ အခြေအနေမျိုး ရှိဖို့က နံပါတ်တစ်အချက် အရေးကြီး ပါတယ်။ အဲဒီတော့ ခင်ဗျားက ထင်ခဲ့ရင်လို့ မေးတာပေါ့။ ပြည်ထောင်စု လွှတ်တော်က နေပြီးတော့ ဆန္ဒပြုပေး ခဲ့ရင် ဆိုပြီးတော့ ပေးမယ်၊ မပေးဘူး ဆိုတာတော့ အဲဒီအချိန် ကျမှပဲ သိနိုင်မယ်။ အဲဒီကျမှ ကျွန်တော်ပြော လို့ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ် ပြီးတော့ လျှောက်ပြော လို့လည်း မဖြစ်ဘူး။
.
BBC - ကျွန်တော်က အဆွေတော်ရဲ့ Facebook ကို ကြည့်ဖူး၊ သုံးဖူးပါတယ်။ အဲဒီမှာ အဆွေတော် အနေနဲ့ ပြည်သူလူထုနဲ့ တွေ့တာတွေ၊ နောက်ပြီးတော့ တပ်မတော် ဆေးရုံကို သွားရောက်ပြီးတော့ ဆေးရုံတက် လူနာတွေကို တွေ့ဆုံတာတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း Facebook ပေါ်မှာ ဖော်ပြထားတာကို တွေ့ရှိရ ပါတယ်။ ဒီလိုမျိုး အဆွေတော်ရဲ့ လုပ်ရပ်က တပ်မတော်ရဲ့ လှုပ်ရှားမှုကို ပေါ်လွင်စေ သလို အဆွေတော်ရဲ့ အရင်တုန်းက တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သူတွေရဲ့ ဆောင်ရွက်မှုတွေ၊ ဖော်ပြတာတွေနဲ့ အများကြီး ကွာခြားမှုရှိတာ၊ ပွင့်ပွင့်လင်းလင်း ရှိတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာ အခြား ရည်ရွယ်ချက်များ ရှိပါသလား ခင်ဗျာ။
.
ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ် အချက် ခင်ဗျား ကျွန်တော့်ရဲ့ Facebook ကိုကြည့်တဲ့ အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ နောက်တစ်ခုက ခင်ဗျား ကျွန်တော့်ကို ပထမဆုံး မေးတဲ့အချက် ထဲမှာ 

မြန်မာ့တပ်မတော် က ပြုပြင် ပြောင်းလဲမှု လုပ်သလားလို့ မေးတယ်။ အဲဒီမှာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု လုပ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ အရင်တုန်းက တပ်မတော်ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူက တချို့ အပိုင်းတွေ မသိဘူး၊ တချို့အပိုင်းတွေ သိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်တို့ တပ်မတော်ရဲ့ အခြေအနေ အားလုံးကို ပြည်သူက နေပြီးတော့မှ များများသိအောင် လုပ်ပေးတဲ့ ဟာလည်း ပြုပြင်ပြောင်းလဲမှု တစ်ခုထဲ မှာပါတယ်။ နောက်တစ်ခု ကလည်း တပ်မတော်ရဲ့ အခြေအနေ တွေပေါ့၊ ပြည်သူတွေကနေ မှန်မှန်ကန်ကန် သိခြင်းအားဖြင့် တပ်မတော် အပေါ်မှာ ပြည်သူက နားလည် ပြီးတော့မှ ကျွန်တော်တို့ တပ်မတော်သည် ပြည်သူရဲ့ အကျိုးစီးပွားကို ကာကွယ်နေတဲ့၊ ပြည်သူ့ အကျိုးစီးပွားကို ဖော် ဆောင်နေတဲ့၊ တိုင်းပြည်ရဲ့အန္တရာယ်ကို ကာကွယ်နေတဲ့ တပ်မတော် တစ်ရပ် ဖြစ်တယ်။ နောက် တပ်မတော် ခေါင်းဆောင် တွေကလည်း ဒီဟာကိုပဲ အလေးထားပြီး ဆောင်ရွက်ပေး နေတယ် ဆိုတာကို ပြည်သူက သိခြင်းအားဖြင့် ပြည်သူနဲ့ တပ်မတော်ဟာ အမြဲတမ်း တစ်သားတည်း ဖြစ်နေမယ့် အခြေအနေ မျိုးကို ရောက်စေချင်တဲ့ ဆန္ဒလည်း ကျွန်တော့်မှာ ရှိတယ်။ 
.
ကျွန်တော်တို့က ပြည်သူက ပေါက်ဖွားလာခဲ့တာ ဖြစ်တယ်။ ကျွန်တော်လည်း အရပ်သား မိဘကနေ ပေါက်ဖွားလာတဲ့ တပ်မတော် ခေါင်းဆောင် တစ်ယောက်ပါ။ ထို့အတူပဲ ကျွန်တော်မှာ ရှိတဲ့ တပ်မတော်သား အားလုံးနီးပါး ဟာလည်း ပြည်သူကနေ ပေါက်ဖွား လာတဲ့သူတွေ ဖြစ်တယ်။ တချို့လည်း တပ်မတော်သား ကနေပြီးတော့ မွေးတဲ့စစ်သား သားသမီးတွေ ရှိသလိုပဲ အဲဒီ စစ်သားမိဘ တွေဟာလည်း တစ်ချိန်တုန်းက ပြည်သူကနေ ပေါက်ဖွားလာတဲ့ သူတွေပဲ ဖြစ်ကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ပြည်သူနဲ့  တပ်မတော်ဟာ ကင်းကွာလို့ မရဘူး။ နောက် ပြည်သူက ပေါက်ဖွားလာတဲ့ တပ်မတော် ဖြစ်တဲ့ အတွက် ပြည်သူက ကျွန်တော်တို့ရဲ့ မိဘတွေပဲ ဖြစ်တယ်။ ဒီဟာကို ကျွန်တော်တို့ အနေနဲ့ အမြဲတမ်း ခံယူပြီးတော့ ပြည်သူကလည်း ကျွန်တော်တို့ အပေါ် ယုံကြည်မှု ရှိအောင် လုပ်ဖို့လည်း လိုတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ခုနကပြောတဲ့ Social Network ကနေပြီးတော့ တင်ပြသလို ကျွန်တော့် မီဒီယာတွေ ရှိပါတယ်။ မြဝတီသတင်းဌာန ရှိတယ်၊ မြဝတီသတင်းစာ ရှိတယ်၊ မြဝတီ ရုပ်မြင်သံကြား ရှိတယ်။ နောက်ပြီးလို့ ရှိရင် ကျွန်တော်တို့ရဲ့ မီဒီယာ ကနေပြီးတော့ ဒီ လုပ်ဆောင်ချက် တွေလည်း ပြည်သူ သိအောင်လို့ လုပ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မီဒီယာတွေနဲ့ ထိတွေ့မှု အများကြီး လုပ်တယ်။ ခင်ဗျား အပါအဝင်ပေါ့။ မီဒီယာနဲ့ ကျွန်တော် ထိတွေ့မှု လုပ်တယ်။ အရင်ကဆိုရင် ထိတွေ့မှု အင်မတန် နည်းတယ်။ ပုဂ္ဂိုလ်ရေး အရ ထိတွေ့မှု နည်းတဲ့အတွက် အရင်ကတော့ သတင်းစာ ရှင်းလင်းပွဲလေး၊ ဘာလေးတော့ လုပ်တာပဲရှိ ပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှု ဆိုတာ အင်မတန် နည်းပါတယ်။ ကျွန်တော့် လက်ထက်မှာတော့ ကျွန်တော် မီဒီယာတွေနဲ့ အကုန်တွေ့တယ်။ မီဒီယာအဖွဲ့ တွေဆို (၃)ကြိမ်လောက် တွေ့ခဲ့ပြီး ဖြစ်သလိုပဲ တခြား တွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေ နဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တွေနဲ့လည်း ကျွန်တော် အများကြီး တွေ့ခဲ့တယ်။ ဒါတွေက ဘာလို့လဲ၊ ပြည်သူနဲ့ ကျွန်တော် တို့သည် တစ်သားတည်း ရှိနေတယ် ဆိုတာကို၊ နောက်ပြီးတော့ ပြည်သူက ကျွန်တော်တို့ကို ယုံကြည်မှု ရှိနေတယ် ဆိုတာကို ဖြစ်စေချင်လို့ လုပ်တာပါ။ ကျွန်တော်တို့ အနေနဲ့ ဒါအမှန်အတိုင်းပဲ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ 
.
နောက် တစ်ခုက ဒီ Social Media တွေလုပ်တာ ကလည်း အခုက ဒီ Social Media တွေက အတုတွေ အများကြီး ပေါ်တယ်။ အတုတွေက နေပြီးတော့ Account အတုတွေနဲ့ လုပ်ပြီးတော့မှ ကျွန်တော်တို့ကို ဒုက္ခပေးတာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တရားဝင် Social Media မှာ Website တစ်ခုတင် ထားပြီးတော့ လုပ်တဲ့ အခါကျတော့ ကျွန်တော်တို့ အပေါ်မှာ မဟုတ်တဲ့ စွပ်စွဲချက်တွေ၊ တိုက်ခိုက်မှု တွေလည်း လျော့နည်း သွားမယ်လလို့ ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်နေတာလို့ ပြောလိုတယ်။ အခုခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ကြ တာပေါ့။ တကယ်လို့သာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ မတွေ့ဘူးဆိုရင် ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်း အချက်အလက်တွေ၊ ကျွန်တော့်ရဲ့ အတွေးအခေါ် အယူအဆေ တွနဲ့၊ ကျွန်တော့်ရဲ့ လုပ်နေတဲ့ အချက်အလက် တွေကို ခင်ဗျား တစ်ဆင့်ကြားပဲ ဖြစ်တဲ့အခါမှာ သံသယ ရှိလိမ့်မယ်။ အခု ကျွန်တော်နဲ့ ခင်ဗျားနဲ့ နှစ်ယောက်တွေ့ပြီး ပြောနေတဲ့အခါ ကျတော့ သံသယ တွေရှိခဲ့ရင် တောင်မှ နည်းသွား မယ်လို့ ကျွန်တော် ယူဆတာပေါ့။ ဒီလိုပဲ ခုနကပြောတဲ့ Social Media တွေနဲ့ ကျွန်တော်က ပြည်သူလူထုကို ထိတွေ့တဲ့ အခါမှာ ကျွန်တော်တို့ အပေါ်မှာလည်း ပြည်သူတွေ အနေနဲ့ရော၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ရော ကျွန်တော်တို့ အပေါ်မှာ ကောင်းမွန်တဲ့ အမြင်မျိုးကို ရခြင်းအားဖြင့် ကျွန်တော် တို့သည် ကျွန်တော်တို့ နိုင်ငံအတွက် တကယ်ကို အမှန်တကယ် လုပ်နေတယ် ဆိုတာ ပြည်သူက သော်လည်းကောင်း ခင်ဗျား အပါအဝင်ပေါ့၊ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ သိသွားတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် တွေဟာ ကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ် လို့ ကျွန်တော်တို့က ခံယူ ထားတာပါ။ ။


#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger