www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 21, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BBC မြန်မာသတင်းဌာန အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား (အပိုင်း-၁)


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BBC မြန်မာသတင်းဌာန မှ Mr. Jonah Fisher အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံ


နေပြည်တော် ၊ ၂၁-၇-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇူလိုင် ၁၇ ရက် ညနေ  နာရီတွင် BBC မြန်မာသတင်းဌာန မှ Mr. Jonah Fisher အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံ၍ သိရှိ လိုသည့် မေးမြန်မးမှု များအပေါ် ပြန်လည် ဖြေကြားသည်။

ထိုသို့ BBC မြန်မာသတင်းဌာန မှ မေးမြန်းသည့် မေးခွန်းများ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဖြေကြားချက် အပြည့်အစုံအား အောက်ပါအတိုင်း ဖော်ပြအပ် ပါသည်-

BBC - အခု ပြုပြင်ပြောင်းလဲရေး ကာလအတွင်းမှာ မြန်မာ့တပ်မတော် အနေနဲ့ ပြောင်းလဲမှု ရှိ/မရှိ သိလိုပါတယ်။ ဒီလိုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အောင်မြင်မှုအခြေအနေ၊ ပြောင်းလဲမှုအခြေ အနေ ဘယ်လိုပြောင်းခဲ့တယ် ဆိုတာကိုလည်း သိရှိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ဒီဘက် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့တပ်မတော်လည်း ပြုပြင် ပြောင်းလဲမှုတွေလုပ်တာပေါ့။ အဓိကကတော့ မြန်မာ့ တပ်မတော်ကို Professional တပ်မတော်တစ်ခု၊ Standard Army တစ်ခု ဒီလိုဖြစ်အောင် ပြောင်းလဲမှုတွေ လုပ်တာပေါ့။ ပထမ မြန်မာ့တပ်မတော်ရဲ့ အနေအထား ကတော့ ကျွန်တော်တို့ရဲ့သမိုင်း ကြောင်းမှာဖြစ်ခဲ့တဲ့ အခြေအနေအရ ပြည်တွင်းသောင်းကျန်းမှုကို အခြေခံပြီးတော့မှ သူတို့ကို တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ တပ်တစ်တပ် အနေနဲ့ရှိတယ်။ တစ်ဖက်ကလည်း ဒီဟာကနေ အခြေခံပြီး နိုင်ငံတော် ကာကွယ်ရေး အတွက် စွမ်းအားရှိတဲ့ တပ်မတော်တစ်ရပ် အနေနဲ့ ဖွဲ့စည်း ခဲ့တာတော့ မှန်ပါတယ်။ သို့သော်လည်းပဲ ပြီးပြည့်စုံတဲ့ တပ်မတော် တစ်ရပ် အနေနဲ့တော့ မရောက်သေးဘူး။ အခုအဲဒါတွေကို ပိုပြီးတော့ ခေတ်မီတဲ့ တပ်မတော်တစ်ရပ် ဖြစ်အောင် ပြောင်းလဲမှုတွေ လုပ်တယ်။ နောက်တစ်ခါ တပ်မတော်ရဲ့ တည်ဆောက်မှု အပိုင်းမှာလည်း စာရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ၀တ်ရေး စားရေး၊ လေ့ကျင့်ရေး အပိုင်းက အစပေါ့၊ ဒါတွေလည်း ပိုပြီးတော့မှ မြင့်အောင် ဆောင်ရွက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်ကို ပြောရလို့ ရှိရင်တော့ စွမ်းရည်ရှိတဲ့ တပ်မတော် တစ်ရပ်ဖြစ်အောင်၊ စွမ်းအားရှိတဲ့ တပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက် နေပါတယ်လို့ ကျွန်တော်ပြောချင် ပါတယ်။

BBC - မြန်မာ့တပ်မတော် အနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက် ခဲ့တာ ရှိပါသလား။ ဒီပြုပြင် ပြောင်းလဲမှုအတွက်ကို ဘာကြောင့် ဆောင်ရွက်ခဲ့ တာပါလဲ။ ဘာအတွက်ကြောင့် တပ်မတော် အနေနဲ့ ဒီပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ဖို့ လိုအပ်ခဲ့ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ အခုသွားနေတာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာ ဖြစ်တယ်။ အရင်တုန်းကတော့ တပ်မတော်က ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်က ကြည့်မယ်ဆိုရင် တော်လှန်ရေး ကောင်စီ အနေနဲ့ တပ်မတော်က နိုင်ငံရဲ့ဦးဆောင်မှု၊ တိုက်ရိုက် ဦးဆောင်မှု ကဏ္ဍကို ကျွန်တော်တို့ ယူခဲ့တာပေါ့။ ၁၉၇၄ ခုနှစ်ကျတော့ လမ်းစဉ်ပါတီ အစိုးရကြား မှာလည်း တပ်မတော်က နေပြီးတော့ တစ်စိတ်တစ်ပိုင်း ပါဝင်ပြီး တာဝန်ယူခဲ့ ရတာလည်း ရှိတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း ပြီးတဲ့နောက် တပ်မတော်အစိုးရ လက်ထက်တာဝန် ယူတဲ့အချိန် မှာလည်း တပ်မတော်က နိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ မှာပါတော့ တပ်မတော်က နိုင်ငံရဲ့ အရေးအခင်း အားလုံးမှာ သူပါခဲ့ တာတွေ ရှိတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း သွားတဲ့အခါမှာ ကျွန်တော်တို့ကို ပေးထားတဲ့ တာဝန်ရှိတယ်။ Constitution မှာ ပေးထားတဲ့ တာဝန်တွေ ရှိတယ်။ ဒီအပေါ်မှာပဲ ကျွန်တော်တို့ သွားလို့ရတယ်။ ကျွန်တော်တို့ သွားတာက ပါတီစုံ ဒီမိုကရေစီ ဖြစ်တဲ့ အတွက်ကြောင့် သူ့အခန်းကဏ္ဍနဲ့ သူပါတဲ့ နေရာမျိုး ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော် ကလည်း သူ့ကို ပေးတဲ့တာဝန် အရသာ ထမ်းဆောင်ရတာ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလို ပါတယ်။ အဲဒီမှာ တစ်ချက်ထပ်ဖြည့် ပြောချင်တာက ဒီအခြေခံ ဥပဒေအရ ပြောမယ် ဆိုရင်တော့ ဥပဒေပြုရေးက သူ့ကဏ္ဍနဲ့ သူပေါ့။ အုပ်ချုပ်ရေးလည်း သူ့ကဏ္ဍနဲ့သူပေါ့။ တရားစီရင်ရေး ကလည်း သူ့ကဏ္ဍနဲ့ သူပေါ့။ သူ့ဟာနဲ့သူသွားပြီးတော့ အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံစံနဲ့ ကျွန်တော်တို့ သွားတာ။ ထို့အတူပဲ တပ်မတော် လည်း ဘာတာဝန် ထမ်းဆောင်ပါ ဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ သူ့ရဲ့ဥပဒေ အကြောင်းအရ သွားရမယ်ဆိုတဲ့ အနှစ်သာရ ရှိတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဒီပြုပြင် ပြောင်းလဲရေးမှာ တပ်မတော်က နေပြီးတော့ ဒီဟာကိုပဲ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ နောက်တစ်ခါ ဒီလမ်းကြောင်းက ပြည်သူကနေ ရွေးချယ်တဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တပ်မတော်က နေပြီးတော့ ဖော်ဆောင်ပေး ထားတာ။ ဒီလိုဖော်ဆောင် ပေးထားတော့ တပ်မတော်ကနေပြီး စံနမူနာပြ လိုက်နာမှရမယ့် အနေအထား ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။

BBC - မည်သည့် အတွက်ကြောင့် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ပါဝင်ရန် လိုအပ်တယ်လို့ ယုံကြည်ပါသလဲ ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါသမိုင်းနဲ့ချီပြီး ပြောရလိမ့်မယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရတယ်။ လွတ်လပ်ရေး မရခင် ကျွန်တော်တို့က ဗြိတိသျှရဲ့ ကိုလိုနီဖြစ်ခဲ့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ ပေါ်လာတယ်။ နောက် ပြည်ပရဲ့ ကျူးကျော်မှုတွေ ဖြစ်လာတယ်။ ဥပမာ- တရုတ်ဖြူ အရေးအခင်းပေါ့။ ၁၉၄၈ ခုနှစ် နဲ့ ၁၉၅၀ ခုနှစ် ကြားထဲမှာ တရုတ်ပြည်က နေ ထွက်ပြေးလာတဲ့ ကူမင်တန် ပြဿနာ တွေပေါ်လာတယ်။ အဲဒီတော့ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာရယ်၊ နောက်ပြည်ပက ကျူးကျော်လာတဲ့ တရုတ်ဖြူ ကူမင်တန် ပြဿနာတွေကို တပ်မတော်က  ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ ရတယ်။ အဲဒီကနေ တစ်လျှောက်လုံး ပါပဲ။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကို ကျွန်တော်တို့ တပ်မတော်က နေပြီးတော့ ဆောင်ရွက်ခဲ့ ရတာပေါ့။ အဲဒီ အချိန်တုန်းက ကျွန်တော်တို့ ပါလီမန်စနစ်ကို သွားပါတယ်။ ပါလီမန်စနစ် ကျင့်သုံး ရတဲ့ အချိန်မှာလည်း နိုင်ငံရေးအရ အကွဲအပြဲတွေ၊ နောက် တိုင်းရင်းသား ရေးရာ ပြဿနာတွေ ဖြစ်တဲ့အခါမှာ နောက်ဆုံး တိုင်းပြည် မတည်ငြိမ်တဲ့ ပြဿနာတွေကြောင့် ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ ဆိုပြီးတော့ တပ်မတော်ကိုပဲ အာဏာရ အစိုးရက နေလွှဲပေးခဲ့ရတာ ရှိတယ်။ အဲဒီက နေပြီးတော့ ရွေးချယ် တင်မြှောက်ပွဲ ပြန်လုပ်တယ်။ နိုင်တဲ့ပါတီကို  အာဏာပြန် လွှဲပေးတယ်။ ပြီးတော့မှ ကျွန်တော်တို့ ဒီပါလီမန်စနစ်နဲ့ သွားတဲ့အချိန်မှာ နိုင်ငံရေး တည်ငြိမ်မှုက တော်တော်လေး ပျက်ပြားလာတဲ့ အတွက်ကြောင့်၊ ၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့ အခြေအနေဟာ ပြိုကွဲတော့မယ့် အခြေအနေမျိုးထိ ရောက်လာတဲ့ အတွက်ကြောင့် တပ်မတော် အနေနဲ့ တော်လှန်ရေး ကောင်စီ ဖွဲ့ပြီးတော့ နိုင်ငံတော်ရဲ့ အာဏာကို ယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်းမှု ကိုလည်း တပ်မတော်ကနေ ဦးဆောင်ပြီးတော့မှ တောက်လျှောက် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ တော်လှန်ရေး ကောင်စီ သက်တမ်း တစ်လျှောက် ၁၉၇၄ ခုနှစ် လမ်းစဉ်ပါတီ အစိုးရကို အာဏာလွှဲတဲ့ အချိန်ထိ ဖြစ်တယ်။ 

ဒီအချိန်မှာလည်း တိုင်းပြည်က တည်ငြိမ် အေးချမ်းမှု မရှိသေးပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု မရှိဘူး။ နောက် လက်နက်ကိုင် ပဋိပက္ခတွေ တည်ငြိမ်အေးချမ်းမှု မရှိဘူး။ ဒီပဋိပက္ခ တွေကို တပ်မတော်ကပဲ ပြည်သူနဲ့ ပူးပေါင်းပြီး တော့မှ ဖြေရှင်းဆောင်ရွက်ခဲ့ ရတာဖြစ်ပါတယ်။ အဲဒီတော့ ၁၉၇၄ ခုနှစ်မှာ လမ်းစဉ် ပါတီအစိုးရ တက်လာတဲ့ အချိန်မှာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေက လုံးဝ တည်ငြိမ်တဲ့ အခြေအနေတော့ မရောက်ဘူး။ ပြဿနာတွေ အများကြီး ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ လည်း လုံးဝ ချုပ်ငြိမ်းတဲ့ အဆင့်မရောက်ဘူး။ ငြိမ်းချမ်းရေးတော့ ကျွန်တော်တို့ လုပ်တယ်။ ဒါပေမဲ့ မအောင်မြင် တာတွေ 
အများကြီးရှိတယ်။ ပြောရရင်လည်း ဒီအခြေအနေတွေ အားလုံးကို တည်ငြိမ်အောင် တပ်မတော်ကပဲ အစိုးရနဲ့ပြည်သူ နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်၊ လုပ်ခဲ့တယ်။ သို့သော်လည်း ၁၉၈၈ ခုနှစ်ကာလ ရောက်တဲ့ အခါမှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေဟာ အဆိုးဘက် ကိုရောက်လာတဲ့ အတွက်ကြောင့် ပြည်သူကနေ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ဆိုပြီး ပြောလာတဲ့ အချိန်မှာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားတဲ့အခါမှာ၊ အဲဒီတုန်းက ရှိတဲ့ အစိုးရအနေနဲ့ အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်း မရှိတဲ့အခါ တပ်မတော်က အခြေအနေကို ပြန်ပြီးထိန်း ပေးခဲ့ရတာပေါ့။ ထိန်းပေးခဲ့ ရပြီးတော့မှ တပ်မတော် အစိုးရက ၁၉၈၈ ကနေပြီးတော့ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူတယ်။ ဒီကြားထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲတဲ့ကာလ အတွင်းမှာပဲ နိုင်ငံတော်ကိုလည်း တစ်ဘက်ကလည်း တည်ငြိမ် အေးချမ်းအောင်၊ တစ်ဘက်ကလည်း ဖွံ့ဖြိုးတိုးတက် အောင်လုပ်တယ်။ တစ်ဘက်ကလည်း ဒီမိုကရေစီ လမ်းကြောင်းကိုသွားနိုင်ဖို့ အခြေခံ တွေရအောင် ဆောင်ရွက် ပေးခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်တယ်။ ၂၀၁၁ ခုနှစ်မှာ အနိုင်ရတဲ့ ပါတီကို အာဏာပြန်ပြီးလွှဲ ပေးခဲ့တယ်။ လွှဲပေးခဲ့ပြီးတော့ လက်ရှိမှာလည်း ပြုပြင်ပြောင်းလဲမှု တွေနဲ့ သွားနေတဲ့ အချိန်ဖြစ်တယ်။ အဲဒီတော့ ၁၉၄၈ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်ထိ ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့ သမိုင်းနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ဘယ်လိုမှကိုခွဲခြားလို့မရဘူး ဆိုတာကိုတွေ့လိမ့်မယ်။ ဒီလို အခြေအနေမျိုး ရောက်အောင် ဆိုတာလည်း တပ်မတော်ကပဲ ပြည်သူနဲ့ ပူးပေါင်း ပြီးတော့၊ အသက်သွေးချွေး များစွာ ပေးပြီးတော့မှ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ရေး ရအောင် လုပ်ခဲ့တယ်။ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲအောင် ကျွန်တော်တို့ လုပ်ခဲ့တယ်။ 

တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး မထိပါးအောင် လုပ်ခဲ့တယ်။ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေနဲ့ ပတ်သက်ပြီးမထိပါး အောင်လုပ်ခဲ့တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်း အောင်လုပ်ခဲ့တယ်။ ဒီကိစ္စတွေမှာ တပ်မတော်သား တွေက အသက်သွေးချွေးများစွာပေးပြီး ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ဒီအခြေအနေမျိုးကို ယိမ်းယိုင်စေမယ့် ကိစ္စတွေဟာ ဘယ်လိုမှကို ကျွန်တော်တို့ တပ်မတော်အနေနဲ့ ကတော့ လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ဒါကြောင့် အခြေအနေ တည်ငြိမ် အေးချမ်းတဲ့ အဆင့်ထိ ရောက်အောင် တပ်မတော်အနေနဲ့ ပါဝင်နေရခြင်း ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။

BBC - နောက်ထပ် မေးခွန်းတစ်ခု မေးလိုပါတယ်ခင်ဗျာ။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်နဲ့ ပတ်သက်ပြီးတော့ ရရှိဖို့အတွက် အခက်အခဲကြုံတွေ့ နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ဒီလိုအခက်အခဲ ကြုံတွေ့ရတယ်ဆိုတာကို သိရှိလိုပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ တပ်မတော်ရဲ့ ဆန္ဒပြောရရင်တော့ ထာဝရငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ ကတော့ နံပါတ်တစ် လိုလားချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းက ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနေတာ။ ကျွန်တော်တို့က စစ်အုပ်ချုပ်ရေးလဲ မဟုတ်ဘူး။ တစ်ပါတီစနစ်လည်း မဟုတ်ပါဘူး။ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း သွားနေတယ်။ ဒီလမ်းကြောင်း သွားတဲ့ အတွက်ကြောင့် ဒီမိုကရေစီ စနစ်တကျပဲ ကျွန်တော်တို့ သွားရမယ့် အနေအထားရှိတာပေါ့။ အဲဒီတော့ ဒီလိုသွားဖို့အတွက် ဆိုလို့ရှိရင် နံပါတ်တစ် အချက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့ စိတ်ရှိဖို့ရယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တကယ်သွားချင်တဲ့ ဆန္ဒရှိဖို့လိုတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကို ကိုင်ပြီးတော့မှ သူတို့ရဲ့ အာဏာ တချို့တစ်ဝက် ကို ထိန်းသိမ်းချင်တဲ့ အခွင့်အရေးမျိုး ဆိုတာတော့ မရှိသင့်ဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့က ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ နံပါတ်တစ် အချက် အပစ်အခတ်ရပ်စဲ ရေးသွားပါ။ နောက်ပြီးရင် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းပါ။ လက်နက်ကိုင် ပြီးတော့မှ တစ်စိတ်တစ်ပိုင်း အာဏာယူထားတဲ့ အခြေအနေ မျိုးကို စွန့်လွှတ်ပြီးတော့ ငြိမ်းချမ်းတဲ့ လမ်းကြောင်းပေါ်မှာ တရားဥပဒေနဲ့ အညီသွားဖို့ သူတို့ကို ဖျောင်းဖျပါတယ်။ တပ်မတော် ကိုယ်တိုင်လည်း အရင်က နိုင်ငံတော်ရဲ့ အာဏာ ယူခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့လည်း အခြေခံ ဥပဒေနဲ့အညီ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ သည်လည်း ဥပဒေ စည်းကမ်းနဲ့အညီပဲ တာဝန် ထမ်းဆောင်မှာ ဖြစ်တဲ့အကြောင်း သူတို့ကိုရှင်းပြ ပါတယ်။ ဒီဟာတွေကို သူတို့လက်ခံ နိုင်မယ် ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ကတော့၊ ခုနက ပြောတဲ့ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှု ကတော့ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။ 

နောက်တစ်ခု ပြောချင်တာက သူတို့ကလည်း ကျွန်တော်တို့အပေါ် ယုံကြည်မှု ရှိဖို့လိုတယ်။ ကျွန်တော်တို့ကလည်း သူတို့အပေါ် ယုံကြည်မှုရှိဖို့ လိုတာပေါ့။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုပေါ့ ၊ ယုံကြည်မှုရှိမှ ဒါတွေက ဖြစ်မှာပေါ့၊ ကျွန်တော်တို့က တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင် တူညီတဲ့ အကျိုးခံစားခွင့်တွေ ပေးထားတယ်ဆိုတာကို သူတို့ကိုလည်း ရှင်းပြပါတယ်။ ကျွန်တော်တို့  ဥပဒေမှာလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး တူညီတဲ့ အခွင့်အရေး ပေးထား တာတယ်။ ဘယ်သူတော့ သာစေ ဘယ်သူတော့ နာစေ ဆိုတဲ့ အနေအထားမျိုး တစ်ခုမှ မရှိပါဘူး။ ဒါတွေလည်း သူတို့ကို ကျွန်တော်တို့ ရှင်းပြပါတယ်။ ဒါတွေလည်း သူတို့ယုံကြည် ဖို့လည်း လိုတာပေါ့။ ဒီအပေါ်မှာ ယုံကြည်မယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက ပိုပြီးတော့ အောင်မြင်မှာပေါ့။ ကျွန်တော်ထပ်ပြီး ပြောလို ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ သူတို့လိုချင်တဲ့ လိုလားချက် တွေကို၊ ရရှိထားတဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့အညီပဲ လုပ်ကိုင်သွားမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးကိစ္စ ရပ်တွေဟာ ရှောရှောရှူရှူ နဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။

BBC - ပြီးခဲ့တဲ့ ပါလီမန်မှာ တပ်မတော်အနေနဲ့ အခြေခံဥပဒေ ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီးတော့ မဲပေးခဲ့တာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေးအာဏာကို လျော့ချမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးကိုရော ကျွန်တော်တို့ မျှော်လင့်လို့ရပါသလား။ အကယ်၍ ပြင်မယ်ဆိုလို့ရှိရင် ဘယ်အချိန်ကာလ လောက်မှ ဖြစ်နိုင်မယ်လို့ ယူဆပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မဲပေးတာကတော့ အခန်း(၁၂)မှာ ပေးထားတဲ့ ပြဋ္ဌာန်းချက်အရ ကျွန်တော်တို့ မဲပေးခဲ့တာတွေ ရှိတယ်၊ ဗီတို လို့ ကျွန်တော်တို့ ပြောလို့မရပါဘူး။ ဒီမှာလဲ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆိုလို့ ရှိရင်တော့ ဘယ်ဥပဒေ ဖြစ်ဖြစ်ပေါ့လေ ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာတော့ မရှိဘူး၊ ပြင်ဖို့လိုတဲ့ ဥပဒေတွေ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ အခြေခံဥပဒေ လည်း ပြင်သင့် ပြင်ထိုက်တဲ့ အချက်အလက်တွေ ပါကောင်း ပါနိုင်ပါတယ်။ မရှိဘူးလို့ ကျွန်တော်မပြောဘူး။ ထို့အတူပဲ အိန္ဒိယနိုင်ငံ မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတယ်၊ ထိုင်းနိုင်ငံ မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတယ်။ အမေရိကန်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတယ်။ သူတို့လည်း သူတို့ရဲ့ ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဥပဒေအရပဲ ပြင်ဆင်မှုတွေ ဆောင်ရွက်ကြ ရပါတယ်။ ဒီလိုပဲ ကျွန်တော်တို့လည်း ပြင်ဆင်တဲ့ နည်းလမ်းအရ ကျွန်တော်တို့ သွားရမှာ ဖြစ်ပါတယ်။ တချို့ဥပဒေတွေ ဆိုလို့ရှိရင် သူ့နိုင်ငံရဲ့အခြေအနေ အပေါ်မူတည်ပြီးတော့ လုံးဝ ပြင်လို့မရတဲ့ အချက်အလက် တွေလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း လုံးဝပြင်လို့ မရတဲ့ အခြေအနေမျိုး ရှိနိုင်သလိုပဲ ပြင်လို့ရနိုင်တဲ့ အခြေအနေ တွေကိုလည်း သူ့ဥပဒေနဲ့ ပြင်လို့ရအောင် ဆိုပြီးတော့ ဥပဒေပြဋ္ဌာန်းချက် တွေရှိပါတယ်။ အဲဒီတော့ ခင်ဗျားပြောတဲ့အ ချက်ထဲမှာ ဒီဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တော့  ရှိမလားဆိုတော့ ကျွန်တော်ကတော့ ရှိတယ်လို့ ပြောနိုင်တာပေါ့။ သို့သော်လည်း ဘယ်အချိန်မှာ ပြင်မလဲဆိုတဲ့ အခါကြတော့ စောစောက ကျွန်တော် ခင်ဗျားကို ရှင်းပြတဲ့ သမိုင်းရဲ့အခြေအနေ တွေကို ရှင်းပြတယ်။ 

တိုင်းပြည်ရဲ့နိုင်ငံရေး အခြေအနေပေါ့၊ လက်နက်ကိုင် တိုင်းရင်းသား တွေရဲ့ အခြေအနေတွေ ကျွန်တော် ရှင်းပြတယ်။ ဒီနှစ်ချက် ရှင်းပြခဲ့တယ် ဒီနှစ်ချက်အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်လောက်ထိ တည်ငြိမ်မှု ရသလဲ၊  ငြိမ်းချမ်းမှု ရသလဲ၊ အာမခံချက် ဘယ်လောက် ရှိသလဲ ၊ ဒီအပေါ်မှာ တည်တယ်။ ခင်ဗျား ခုနကပြောတဲ့ NCA နဲ့ပတ်သက်ပြီးတော့ ခင်ဗျားပြောခဲ့တယ်။ အဲဒီတော့ NCA လက်မှတ် ထိုးပြီးပြီ ပြီးလို့ရှိရင် political Dialog ကနသွားမယ်။ ပြီးလို့ရှိရင် အဲဒါကို အကုန်လုံး ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီ တယ်ဆိုရင် အာမခံချက် တစ်ခု ကျွန်တော်တို့ ရတယ်။ ပြီးရင်ကိုင်ထားတဲ့ လက်နက်တွေ အားလုံးကို လက်နက်တွေ စွန့်တဲ့အထိ ကျွန်တော်တို့ သွားရမယ်။ ဒါမှမဟုတ်လို့ ရှိရင်လည်း ကျွန်တော်တို့ ပြောတဲ့ ငြိမ်းချမ်းရေးရဲ့ ပေါင်းစည်းခြင်းလို့ ကျွန်တော်တို့ ပြောကြတဲ့ DDR လုပ်ငန်းစဉ်တွေ မဖြစ်မနေ သွားရမယ်။ ဒီလို သွားပြီးတော့ တိုင်းပြည်က ပြည်သူလူထု အတွက် အာမခံချက် ရှိပြီဆိုလို့ ရှိရင်တော့ တပ်မတော် အနေနဲ့ ကလည်း သူရှိသင့် ရှိထိုက်တဲ့ နေရာမှာပဲ ရှိမယ်ဆိုတာ ကျွန်တော် အာမခံပြီး ပြောနိုင်ပါ တယ်။ ဒါပေမယ့် အချိန်သတ်မှတ်ဖို့ ဆိုတာကတော့ ခုနကပြောတဲ့ အခြအနေတွေ ဘယ်လောက်ထိ တိုးတက်မှုရှိပြီ ဆိုတာ ပေါ်မူတည်လိမ့်မယ်။ ၅ နှစ်လည်းဖြစ်ရင် ဖြစ်မယ်။ ၁၀ နှစ်လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပြောလို့တော့ မရဘူး။ ဒါပေမဲ့ သေချာတာကတော့ ခုနကပြောတဲ့ အခြေအနေ ရောက်သွားပြီ ဆိုလို့ရှိရင်တော့ တပ်မတော်က သူရှိသင့်ရှိထိုက်တဲ့ နေရာမှာပဲ ရှိမယ်ဆိုတာ ကျွန်တော်ပြောလို့ ရပါတယ်။ အဲဒီမှာ ခုနကပြောတဲ့ ဆွေးနွေးတဲ့ ရလဒ်အပေါ် အများကြီး မူတည်တယ်လို့ ကျွန်တော် ဆိုလိုချင် တာပါ။ ဒါကို ကျွန်တော်တို့ဘက် ကတော့ အချိန်မဆွဲဘူး။ မြန်မြန် ဖြစ်ချင်တယ်။ မြန်မြန် ဖြစ်ချင်ပြီး တိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အခြေအနေကို ကျွန်တော်တို့ သွားချင်တာပေါ့။ ကျွန်တော်တို့  တပ်မတော်ရဲ့ ဆန္ဒပေါ့။ တပ်မတော်ရဲ့ ဆန္ဒက ဘာလဲဆိုလို့ရှိရင် နံပါတ်တစ်ချက် တိုင်းပြည် တည်ငြိမ် အေးချမ်းရမယ်၊ နံပါတ်နှစ် အချက် ကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဖို့ ရှိတယ်။ အခု ကျွန်တော်တို့ကို ပြောတယ် နှစ်ပေါင်း ၆၀ လောက်ရှိပြီ၊ တိုင်းပြည်က တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးတဲ့။ ကျွန်တော်တို့ အပေါ်မှာ အမျိုးမျိုး ပြောဆိုတာတွေ ရှိတယ်။ ဒါတွေက ခုနကပြောတဲ့ အခြေအနေတွေ ပေါ်မှာလည်း  အများကြီး တည်တယ် ဆိုတာလည်း ကျွန်တော် ပြောလိုတယ်။

BBC - ဆိုလိုတာက လက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မပြီးဘူး ကျန်ရှိနေမယ် ဆိုလို့ရှိရင် တပ်မတော်အနေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ကနေပြီးတော့ ပြန်လည်ပြီးတော့ ထွက်ခွာဖို့ အစီအစဉ် မဖြစ်နိုင်ဘူး ဆိုလိုတာပါလား။

ဗိုလ်ချုပ်မှူးကြီး - နည်းနည်း ခက်ခဲသေးတာပေါ့။ ဘာလို့လဲ ဆိုတော့ ပြည်သူလူထု အပေါ် အာမခံချက် မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည် ဒီအတိုင်း ပြဿနာတွေ သောင်းခြောက်ထောင်နဲ့ အကုန်လုံး ဖြေရှင်းနေရမယ် ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး ဒီလိုအခြေအနေတွေ ရောက်အောင်လည်း အများကြီး ကြိုးစားခဲ့ရတာ။ ဒါဟာလည်း အင်မတန်ခက်ခဲတဲ့ ဖြေရှင်း ဆောင်ရွက်မှု တစ်ခုပါပဲ။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး ဆောင်ရွက်နေတယ်။ ဒါကိုလည်း သမ္မတကြီးက ငြိမ်းချမ်းရေး ရအောင် တော်တော်ကို ကြိုးစားနေတယ်။ သူ့ရဲ့ သဘောထားလည်း ကျွန်တော် ကောင်းကောင်း သဘောပေါက်တယ်။ ငြိမ်းချမ်းရေး ရမှသာ တစ်ဖက်ကလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်။ ဒါတင် မပြီးသေးဘူး ခုနကပြောတဲ့ ပြုပြင်ပြောင်းလဲရေး မှာလည်း နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်တဲ့ အခါမှာလည်း အခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ပြဿနာ တွေအများကြီးရှိတယ်။ ဒီဟာတွေလည်း အေးအေးချမ်းချမ်းနဲ့ သေသေချာချာ စည်းနဲ့ကမ်းနဲ့ ဖြစ်လာဖို့လည်း လိုတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ကျော်ဖြတ်ရမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်တော် ပြောချင်တယ်။

BBC - မကြာခင်မှာ သမိုင်းဝင် ရွေးကောက်ပွဲ က နိုဝင်ဘာလ အတွင်း ကျင်းပပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိမယ်လို့ အဆွေတော် ယုံကြည် ပါသလား။ ထို့အပြင် ဒီရွေးကောက်ပွဲ ကနေ ပြီးတော့ ဘယ်လို အဖြေထွက်ပေါ် လာပဲဖြစ်စေ ဒီရလဒ် အပေါ်မှာ အဆွေတို့အနေနဲ့ လက်ခံ လေးစားမှု ပြုနိုင်မလားလို့ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ် အချက်က လွတ်လပ်မှုနဲ့ မျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်း ဆန္ဒရှိတယ်။ ရအောင်လည်း ဒါကို ကူညီပေးဖို့ ကျွန်တော်တို့ တပ်မတော်က ဆောင်ရွက် ပေးနိုင်တဲ့ အခန်းကဏ္ဍ တွေကို အကုန်လုံး အပြည့်အစုံ ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထား ပြီးပါပြီ။ နောက်တစ်ခု ကတော့ ရွေးကောက်ပွဲ ရလဒ်ပေါ့။ ရွေးကောက်ပွဲ ရလဒ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က နေပြီးတော့ ဒီရလဒ်ကို ကြေညာလိုက်ပြီ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လက်ခံရ မှာပေါ့။ ဒါဟာ ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်တဲ့ဟာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မဲပေးမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီရလဒ် အပေါ်မှာ တရားနည်းလမ်း ကျကျနဲ့ ထုတ်ပြန်ထားတဲ့ အဖြေပေါ်လည်း လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အရင် ကတည်းက ကျွန်တော် ပြောခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီ ဒီမိုကရေစီ စနစ်ကို သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန် နဲ့ လုပ်ဖို့လိုတယ်။ အဲဒီ အပေါ်မှာလည်း မှန်မှန်ကန်ကန်နဲ့ ဘယ်သူမဆို လက်ခံဖို့ လိုတယ်လို့ ကျွန်တော် ပြောခဲ့တာတွေ ရှိပါတယ်။ သတိထားဖို့ တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့မှ သက်ရောက်မှု ရှိနေတဲ့ နယ်မြေတွေ မှာတော့ နည်းနည်း ဂရုစိုက်ဖို့ လိုတယ်။ မှန်မှန်ကန်ကန်နဲ့ ဖြစ်ဖို့လိုတယ်။ ဒီတစ်ချက်ပဲ ဂရုစိုက်ဖို့ လိုတယ်။ ကျန်တဲ့နေရာ ကတော့ နိုင်ငံရေး ပြိုင်ဆိုင်မှု ရှိမှာပဲ။ ဒီဟာကို ပြည်သူက လိုလို့ ဒီစနစ်ကို သွားတယ်။ ကျွန်တော်တို့ ကလည်း ဒီစနစ်ကို အကောင်အထည် ဖော်တယ်။ ပြီးတော့မှဒါကို ကဖျက်ယဖျက် ဖြစ်အောင် လုပ်နေတယ် ဆိုလို့ရှိရင် သမိုင်းမှာ ဘယ်လိုမှ ကောင်းနိုင်စရာ မရှိဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ခံယူချက်နဲ့ ပြောပြတာပါ။

(ဆက်လက်ဖော်ပြပါမည်။)



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger