www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 8, 2015

ခုံများနှင့် စကားပြောခြင်း


ခုံများနှင့် စကားပြောခြင်း

မဒါလေး

''ကျွန်တော့်ကို ခင်ဗျားလိုရာ သုံးပါဗျာ။ ကျွန်တော့်ဘဝ တစ်ခုလုံးကို ခင်ဗျား ပိုင်ပါတယ်။ ခင်ဗျား အသုံးချတတ်မှု အပေါ် မူတည်ပြီး ပြောင်းလဲ သွားမှာကလဲ ခင်ဗျားပါပဲ။'' တွေဝေနေသော စိတ်များ၊ အချိန် အတော်ကြာ လေလွင့်နေသော စိတ်များ ဤမျှ အချိန်လေး အတွင်း ပြန်လာ လိမ့်မည်ဟု ကိုယ်တိုင် ယုံကြည်ချက် မရှိသကဲ့သို့ ထင်မှတ် မထားခဲ့သည် မှာလည်း အမှန်ပင် ဖြစ်သည်။ ကျနေသော စိတ်ဓာတ်များ ကလည်း တစ်ရက်အတွင်း ပြန်လည် ချီတက် လာကြသည်။

နီညိုရောင် တောက်ပနေသော စားပွဲနှင့် ဆိုဖာ ကုလားထိုင်က ရုံးခန်းအတွင်း အသင့်စောင့်ကြို နေသည်။ ဤ စားပွဲနှင့် ထိုင်ခုံကို မြင်သည်နှင့် စိတ်ဓာတ်များက အလိုလို တက်ကြွ လာသည်။ အလုပ်လုပ်ရန် အတွက် အားလုံးအသင့် အနေအထားတွင် ရှိနေသည်။ အနာဂတ် အတွက် မျှော်လင့်ချက်များ ကလည်း ခန္ဓာကိုယ်မှ အရောင်များ တဖျပ်ဖျပ် ထွက်နေသကဲ့သို့ ခံစားရမိသည်။ ယနေ့ အလုပ်များပါ မက မနက်ဖြန် အတွက်ပါ ဦးနှောက် တစ်ခုလုံး အစီအစဉ် များနှင့် ပြည့်နေသည်။ မိမိရှေ့ ရောက်လာသူ များနှင့် ပြောဆိုဆက်ဆံ ရသည်ကိုက လေဟာနယ် အတွင်း ရောက်နေ သကဲ့သို့ ပေါ့ပါးလွတ်လပ် နေသည်။ ပျော်ရွှင် ငြိမ်းချမ်းသော အချိန်များသည် ခဏဆိုသော အရာအောက် အရာရာ ပျောက်ရှရန် အကြောင်းဖန် လာခဲ့သည်။ အခန်း နေရာနှင့် မသင့်တော် ဆိုသော အကြောင်းပြ ချက်ဖြင့် ထိုစားပွဲနှင့် ထိုင်ခုံတို့ကို ကျွန်းသား စားပွဲနှင့်ခုံအဖြစ် ပြောင်းလဲ လိုက်ကြသည်။

အရာရာသည် မတည်မြဲခြင်း သဘော ရှိသော်လည်း နိုးကြား တက်ကြွသော စိတ်တို့ရရှိရန် အတွက် ခဏတာနှင့် မရသည်ကို ကိုယ်တိုင် အသိပင် ဖြစ်သည်။ ရုံးခန်းသို့ ဝင်လိုက်သည်နှင့် ကျွန်းစားပွဲနှင့် ကုလားထိုင်ကို မြင်ရသည်က လူ့စိတ်ကို တွေဝေလေးလံ စေသည်။ ထိုအရာ များသည် မိမိနှင့် မလိုက်ဖက်ဟု ပင် စိတ်၌စွဲ နေသည်။ တစ်ပတ်နှစ်ပတ် ရှိပြီ။ အလုပ်အပေါ် အာရုံနှစ်၍ ယခုထိ သေချာ အဆင်မပြေ သေးပေ။ လက်ထဲမှ ဖုန်းနှင့် စာရွက်စာတမ်း များကို စားပွဲပေါ်ချကာ တွေတွေကြီး ငေးကြည့် နေမိသည်။ ထိုအခိုက် အနားမှ အထက်ပါ အသံတစ်ခုကို အသေအချာ ကြားလိုက်ရခြင်း ဖြစ်သည်။ ရုတ်တရက် ဖြစ်၍ အတော်လေးပင် လန့်မိသွား သည်။ ''ဘယ်သူလဲ။ ဘယ်ကအသံလဲ။ ရုံးခန်းထဲ ဘယ်သူ ရောက်နေတာလဲ။'' အလန့်တကြား အော်မေး လိုက်မိသည်'' ကျွန်တော်က စားပွဲပါ။ သူကတော့ ထိုင်ခုံပါ။'' သူတို့ မျက်နှာများတွင် တည်ကြည်မှု အပြည့် ရှိနေသည်။

''ရှင်တို့ ဘာဖြစ်ချင် တာလဲ။ ဘာကြောင့် ဒီမှာ ရှိနေတာလဲ''။ နှုတ်မှ မေးခွန်းများ အဆက်မပြတ် မေးမိသည်။ သူတို့ကို ကြည့်ကာ စိတ်ဆင်းရဲ နေသော ကျွန်မကို လှောင်ပြောင်ချင် ကြသည် ထင်သည်။

ကိုရွှေစားပွဲက စကာ ''ကျွန်တော်တို့က ခင်ဗျားစိတ် ထဲမှာ ဖြစ်နေတဲ့ အစိုင်အခဲ လေးတွေကို ခြေပေးချင် လို့ပါ။ ဒီလိုသာ အလုပ်ကို စိတ်မပါဘဲ လုပ်နေရင် ခင်ဗျားဘဝပဲ တိုးတက်မှု ယုတ်လျော့ သွားမှာပါ'' ကျွန်မစိတ် အတွင်း ဖြစ်နေသည်ကို သူတို့က မည်သို့ သိသနည်း။ ရယ်ချင်မိ သွားသည်။ ''ကျွန်တော်က ခင်ဗျား စိတ်ဆိုးမာန်ဆိုး နဲ့ ဖိုင်တွေ စာအုပ်တွေကို ဆောင့်ချ လိုက်တဲ့ အခါမှာလဲ ဘယ်လိုမှ နာကျင် မခံစားရပါဘူး။ ခင်ဗျားရေတွေ ဖိတ်စဉ်သွားလဲ ဗွေမယူပါဘူး။ ခင်ဗျား မျက်ဝန်းက မျက်ရည်တွေ ကျွန်တော့် အပေါ်ကျလဲ ကျွန်တော် ကတော့ ခံယူရမှာပါပဲ။ ဒါပေမဲ့ ခင်ဗျား သိထားဖို့က ကျွန်တော့်ကို ခင်ဗျား လိုရာသုံးပါဗျာ။ ကျွန်တော်ဘဝ တစ်ခု လုံးကို ခင်ဗျားပိုင် ပါတယ်။ ခင်ဗျားအသုံးချ တတ်မှုအပေါ် မူတည်ပြီး ပြောင်းလဲ သွားမှာလဲ ခင်ဗျားပါပဲ။'' ကျွန်မ အံ့သြမှင်တက် မိသည်။ ယခင် ရက်များက စိတ်မကြည် သဖြင့် စာရင်း စာအုပ်များ၊ ဖိုင်တွဲများကို  ခပ်ကြမ်းကြမ်းလေး ပစ်ချမိသည်။ တစ်ခါတစ်ရံ လူသူ မသိအောင် မျက်ရည်များ ကျမိသည်။ ''တချို့ လူတွေက ခင်ဗျားထက် ဆိုးပါတယ်ဗျာ။ စားပွဲပေါ်မှာ အလုပ်ရှင် လစ်ရင် လစ်သလို အိပ်တတ်ကြပြီး အစား အသောက် မျိုးစုံလဲ စားတတ်ကြ သေးတယ်။ တစ်ခါတလေ သွားရည်တွေနဲ့ ဆီတွေ ပေနေပေမယ့် သည်းခံ နေရတယ်။ ကျွန်တော်တို့ အတွက်က သည်းခံလို့ ဘာမှ မဖြစ်ပေမယ့် သူတို့ဘဝ ကတော့ အတော်ကို ပြောင်းလဲ သွားတယ်။ သူတို့ ကျွန်တော်တို့ ဆီက ဘာအမြတ်မှ ရမသွားဘူးလေ''

သူတို့ ပြောသော စကားကို ကြားသောအခါ ကျွန်မကိုယ် ကျွန်မ အတော်ရှက်မိ ပါသည်။ ဘာမျှ မဟုတ်သည့် နေရာလေး တစ်ခုအတွက် မစားနိုင် မသောက်နိုင် ဖြစ်ရသည်။ တန်ဖိုးရှိသော အချိန်တွေ တန်ဖိုးမဲ့စွာ ကုန်ဆုံးခဲ့ ရသည်။ စားပွဲပေါ် အကြွေး တင်နေသော အလုပ်များသည် ကျွန်မဘဝ တက်လမ်းအတွက် ပိတ်ပင်မည့် အရာများ ဆိုသည်ကိုကား မေ့နေခဲ့သည်။ နေရာ ကောင်းကောင်း တွင် ဇိမ်ကျကျ အလုပ်လုပ် ရရေးကိုပင် အလေးထား ခဲ့သည်။ အလုပ်၏ တန်ဖိုးကိုကား မေ့ထားမိသည်။ ထိုသို့ ဖြစ်နေသည်ထက် လက်ရှိ ရောက်နေသော အခြေအနေကို ကောင်းစွာ အသုံးချတတ်ကာ သူတို့ ပြောသည့်အတိုင်း ဘဝ တိုးတက်ရေး အတွက် ကြိုးစား နေသင့်သည်။ ထိုစဉ် ရုတ်တရက် အခန်းတွင်းမှ မီးချောင်းက ဖျတ်ခနဲ ပိတ်သွားသည်။ ထိုင်ခုံက ''ကဲ ခင်ဗျား အခုတော့ ကျွန်တော့်ကို အသုံးချလို့ ရပါပြီ။ အရင်ရက် ကလို မီးချောင်းလေး လွတ်တာကို လှေကားနဲ့ တက်မယ့်သူ ခေါ်ဖို့ နှစ်ရက် စောင့်စရာ မလိုတော့ဘူး။ ခင်ဗျားကိုယ်တိုင် တက်ပြီး လက်ကလေးနဲ့ ကိုင်လိုက်ရင် ရပြီ'' ကျွန်မ မဝံ့မရဲ ဖြစ်နေမိသည်။

စားပွဲကလည်း ''ခင်ဗျား လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ကို အားနာစရာ မလိုပါဘူး။ ကျွန်တော်တို့က ခင်ဗျား ဒီရုံးခန်းမှာ ရှိနေသရွေ့ ခင်ဗျားကို ကူညီဖို့ အမြဲအသင့် ရှိနေမှာပါ။ ခင်ဗျား လုပ်ကြည့်ပါ'' ထိုင်ခုံကို လှမ်းယူကာ အပေါ်သို့ တက်လိုက်သည်။ မမီမကမ်း ဖြစ်နေသဖြင့် ခြေဖျားလေး ထောက်ကာ မီးချောင်း ထိပ်နားမှ ချုပ်လေးကို လက်ဖြင့် ကိုင်ပေး လိုက်သည်။ တဖျပ်ဖျပ်ခါကာ မီးချောင်းလေး ပြန်လင်း လာသည်။ ယခုမှပင် စိတ်ထဲမှာ တင်းကျပ် နေသည်များ လွင့်ထွက် သွားသည်။ ကျွန်မကိုယ်တိုင် လုပ်နိုင်ခဲ့ပြီ။ ကျွန်မအတွက် အကောင်းဆုံး အဖော်မွန်များ ကျွန်မနားတွင် ရှိနေသည့်တိုင် အဝေး ထွက်သွားသော အရာများကို စွဲလမ်းတမ်းတ နေမိသည်။

ကျေးဇူးတင်စွာဖြင့် စားပွဲနှင့် ထိုင်ခုံကို သေချာ နေရာချ လိုက်သည်။ စားပွဲပေါ်တွင် တင်နေသော ဖုန်များကို နူးညံ့သော ပဝါလေးနှင့် သန့်စင် လိုက်သည်။ တောက်ပသော အပြုံးများ အခန်း အတွင်းတွင် လင်းလက် သွားသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger