www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 3, 2015

ကျောင်းပြင်ပ မူလတန်းပညာရေး ကို ဝေးလံသည့် ပြည်နယ်များမှ ကလေးများ သင်ယူနိုင်ရန် သွားရောက် သင်ကြားမည်


ကျောင်းပြင်ပ မူလတန်းပညာရေး သင်ကြားနေသည့် ကလေးငယ်များ

ရန်ကုန် ၊ ၃-၆-၂၀၁၅

ယခု ပညာသင်နှစ် တွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြား ပေးနိုင်ရန် စီစဉ်ထားပြီး ဝေးလံသည့် ချင်းပြည်နယ် နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်များသို့ သွားရောက် သင်ကြားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟို ကြီးကြပ်မှု ကော်မတီ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အဖြစ် ကျောင်းမနေရ သူများနှင့် မူလတန်း မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအား သင်ကြားပေး ခြင်းဖြစ်ပြီး မူလတန်း အောက်အဆင့် နှင့် မူလတန်း အဆင့် မပြီးမြောက်မီ ကျောင်းထွက် ခဲ့ရသည့် ကလေးများ အတွက် မူလတန်း အထက် အဆင့်ဖြင့် ဇွန်လမှ စတင်၍ ရက်ပေါင်း ၂ဝ၄ ရက် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ယခု ပညာသင်နှစ် တွင် ချင်းပြည်နယ် ဟားခါး နှင့် ကယားပြည်နယ် ဒီမော့ဆိုမြို့ တို့ အထိပါ သွားရောက် သင်ကြား ပေးမည်ဖြစ်ပြီး အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ မူလတန်း ပညာ သင်ကြားပေး နေသည့် သတ်မှတ် နေရာသို့ မလာရောက် နိုင်သည့် ကလေးငယ် များအား ၄င်းတို့ နေထိုင်သည့် နေရာအထိ သွားရောက် သင်ကြားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ အတန်းများ အောင်မြင်ပြီး ပါက အခြေခံပညာ မူလတန်း အဆင့် အောင်မြင် ပြီးမြောက်သည်ဟု သတ်မှတ်၍ အခြေခံပညာ ကျောင်းများ၌ ပဉ္စမတန်းမှ စတင် တက်ရောက် နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ သင်ကြားမှု အပေါ် မူတည်ပြီး နောင်နှစ်များ တွင် တခြားမြို့နယ် များ၌ တိုးချဲ့ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းထွက်နှုန်း မြင့်မား နေခြင်းကြောင့် ကျောင်းပြင်ပ ပညာရေး အားကောင်း လာစေရန် နိုင်ငံတော် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပြည်တွင်း အလှူရှင်များက ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိပြီး ၂ဝဝ၈ ခုနှစ်က မြို့နယ် ငါးမြို့နယ်၌ စတင်ခဲ့ကာ ၂ဝ၁၄ ခုနှစ်၌ မြို့နယ် ၈၉ မြို့နယ်ရှိ စာသင်ခန်း ၅၆၂ ခု၌ ဆရာအင်အား ၁၁ဝဝ ကျော်ဖြင့် သင်ကြား ခဲ့ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟို ကြီးကြပ်မှု ကော်မတီမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger