www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 12, 2015

ရေယာဉ်များ ကြံ့ခိုင်မှုစစ်ဆေးရာတွင် ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ စစ်ဆေးနိုင်ရန် လိုအပ်လျက်ရှိ



မန္တလေး ၊ ၁၂-၅-၂၀၁၅

မြန်မာနိုင်ငံ မြစ်ကြောင်းများ အတွင်းရှိ ပြေးဆွဲလျက် ရှိသော ရေယာဉ်များ သက်တမ်းတိုးခြင်း၊ ကျင်းတင် စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ မိရိုးဖလာ နည်းများဖြင့်သာ စစ်ဆေး ဆောင်ရွက် ခြင်းများ ပြုလုပ်ပေး နေရသည်ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ သိရသည်။

''နိုင်ငံတွင်း ပြေးဆွဲပေး နေတဲ့ ရေယာဉ်တွေ အားလုံး ပြေးဆွဲခြင်းနဲ့ ပတ်သက်ပြီး တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးကြ ရသလို သက်တမ်း နှစ်ကြိမ်တိုးပြီး နှစ်နှစ်ခွဲ သက်တမ်းရှိတိုင်း ကျင်းထိုး စစ်ဆေးမှု ခံယူကြ ရတယ်။ ရေယာဉ်တွေ ကြံ့ခိုင်ရေးနဲ့ ပြေးဆွဲရာမှ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ် စေဖို့အတွက် စစ်ဆေးတဲ့ အခါ မိရိုးဖလာ နည်းတွေ ဖြစ်တဲ့ ရေယာဉ် ကိုယ်ထည်ကို တူထု စမ်းသပ်ခြင်း၊ သံချောင်းဖြင့် ရိုက်ခတ်၍ အထူအပါးကို မှန်းဆ တွက်ချက်ခြင်း၊ မျက်မြင် ပျက်စီးမှု တွေကို အသေးစိတ် စစ်ဆေးခြင်း စတဲ့ နည်းလမ်းတွေ နဲ့ စစ်ဆေးပေး နေပါတယ်။ စစ်ဆေးခြင်း လုပ်ငန်းကို ညွှန်မှူးအဆင့် ပါဝင်ပြီး စစ်ဆေး ဆောင်ရွက်ပေး နေတဲ့အတွက် မဖြစ်မနေ ပြင်ဆင်ရမယ့် အပိုင်းတွေ ဆိုရင် ပြင်ဆင်ပြီး မှသာ ပြန်လည် ပြေးဆွဲခွင့်ပြု ပေးပါတယ်။ စစ်ဆေးမှု တွေကို စက်ကိရိယာ နဲ့ နည်းပညာ ပူးပေါင်းပါဝင် စစ်ဆေး ပေးနိုင်ရင်တော့ ပိုပြီး ကောင်းတယ်။ စမ်းသပ် စစ်ဆေးတဲ့ စက်ကို ပြည်တွင်း ရေကြောင်း အတွက် ဝယ်ယူနိုင်ဖို့ လဲ လိုအပ်နေ ပါတယ် '' ဟုပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

နိုင်ငံတကာ သဘောင်္ကျင်း များတွင် ရေယာဉ်များ ကျင်းထိုး စစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို X-Ray ရိုက်ခြင်း၊ ရေထိ သံကိုယ်ထည် အပိုင်းများကို စက်ကိရိယာ များဖြင့် စမ်းသပ် စစ်ဆေးခြင်း၊ ခေတ်မီ နည်းပညာများ ပူးပေါင်းပါဝင် စစ်ဆေးခြင်း များဖြင့် ဆောင်ရွက် ပေးမှုများ ဖြစ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယနေ့ အချိန်ထိ မိရိုးဖလာ နည်းလမ်းများ ကိုသာ အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေယာဉ်များ ကြံ့ခိုင်ရေး အတွက် စစ်ဆေး ဆောင်ရွက်ခြင်း များကို ခေတ်မီ နည်းပညာများ ပေါင်းစပ်မှုဖြင့် နိုင်ငံတကာ သင်္ဘောကျင်းများ ကဲ့သို့ ခေတ်မီ စက်ကိရိယာ များဖြင့် စမ်းသပ် စစ်ဆေး ဆောင်ရွက်ခြင်း များ လုပ်ဆောင် ပေးနိုင်လျှင် ယခုထက် ပို၍ လုံခြုံစိတ်ချ မှုများ ရှိလာ နိုင်သည်ဟု သိရသည်။ (၁၇၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger