www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 22, 2015

တွင်းတိမ် ရေနံတူးသူများ ရေနံဈေးများကျဆင်းနေ၍ အရှုံးနှင့် ရင်ဆိုင်နေရ



မင်းလှ ၊ ၂၂-၅-၂၀၁၅

မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မြို့နယ် အတွင်းရှိ ထန်းကိုင်း၊ ရေနံမ၊ ဒဟတ်ပင်၊ ပိတောက်ငုတ်၊ စခန်းကြီး စသော ကျေးရွာများရှိ ယာခင်းများ၌ တွင်းတိမ် ရေနံမှော်များ ပေါ်ပေါက် လျက် ရှိရာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ရေနံတူး သူများသည် တစ်ဦးချင်း သော် လည်းကောင်း၊ နှစ်ဦးစပ်၊ သုံးဦးစပ် သော် လည်းကောင်း လာရောက် ကြပြီး ယာခင်းရှင် များထံ မြေငှား၍ တွင်းတိမ် လက်တူးတွင်း လုပ်ငန်း များကို လွန်ခဲ့သည့် ၁ဝ နှစ် ခန့်ကတည်းက လုပ်ကိုင်ခဲ့ ကြသည်။

ယခုအခါ ရေနံဈေး ကျဆင်း နေသောကြောင့် အလုပ်မဖြစ် ကြတော့ဘဲ အများစုမှာ အရှုံးဖြင့် ရင်ဆိုင်ကြ ရကာ မိမိဒေသသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း မကွေးမြို့ နှင့် ဆင်ပေါင်ဝဲမြို့ တို့မှ ပုဂ္ဂလိက ရေနံတူး သူများက ပြောပြ၍ သိရသည်။

" ကျွန်တော်တို့က ဒေသခံတွေ  မဟုတ်တော့ အဆင်မပြေ ပါဘူး။ ဒေသခံတွေ ကတော့ အဆင်ပြေ ပါတယ်။ မှော်ထဲမှာ ဘဝကို နှစ်မြှုပ်ပြီး နေနိုင်သူတွေ အဆင်ပြေ ပါတယ်။ ကျွန်တော်တို့ တူးတုန်းက ရေနံဈေး တစ်ပီပါကို ငွေကျပ် ၉ဝဝဝဝ ကနေ တစ်သိန်းကျော် အထိ ဈေးရတယ်။ အဲဒါတောင် တွင်းပျက်တယ်၊ တွင်းပြိုတယ် ဆိုရင် ရှုံးပါတယ်။ အခု ဒီဇယ်ဈေး ကျနေတော့ ရေနံတစ်ပီပါ ကို ငွေကျပ် ခုနစ်သောင်းပဲ ရှိတယ်။ တချို့ ငွေကြေး တတ်နိုင်သူ တွေက ရေနံကို လိုက်ဝယ်ပြီး စုထားတယ်။ ဝယ်လက် ကုမ္ပဏီ ဝင်လာတဲ့အခါ စုရောင်းကြတယ်။ အမြတ် ရတာပေါ့။ ငွေကြေး တတ်နိုင်သူတွေ အကျိုးရှိတယ်။ ရေနံ မအောင်လို့ ပြန်ရတဲ့ သူတွေ အများကြီးပဲ သုံးပုံ နှစ်ပုံ လောက်ရှိတယ်။ ရေနံထွက်တဲ့ ရွာဆိုရင် အိမ်ဝိုင်းထဲ မှာတောင် ရေနံထွက်နေတာ စက်သီးတပ်ပြီး တူးနေကြတာ'' ဟု မကွေးဒေသခံ ရေနံတူးသူ တစ်ဦးက ပြောပြသည်။

အထက်မင်းလှမြို့ မှ ရေနံ အရောင်းအဝယ် လုပ်သူ ဒေသခံတစ်ဦးက သရက်မြို့နယ် နှင့် အထက်မင်းလှ မြို့နယ်ကြားတွင် ရေနံတွင်းတိမ် လက်တူး တွင်းပေါင်း တစ်သောင်းကျော် ရှိကြောင်း၊ လွန်ခဲ့သော သုံးနှစ်ခန့်က ရေနံတွင်းတိမ် တူးသူများ ရေနံမြေမှ ခုနစ်ရက် အတွင်း ထွက်ရမည်ဟု အမိန့်ထုတ် လာခဲ့ကြောင်း MOGE ကုန်း ပေါ်၌ရဲ ၃ဝဝ ခန့် ရောက်နေကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် တင်းမာနေဆဲ မှာပင် နောက်ပိုင်း မဖယ်ရတော့ ကြောင်း၊ ထိုအချိန်က ရေနံမြေသည် မြသလွန် ဘုရားပွဲတော် ထက်ပင် စည်ကား နေကြောင်း နေ့မီး၊ ညမီးများနှင့် နယ်စပ်မြို့ တစ်မြို့သို့ ရောက်ရှိနေ သကဲ့သို့ ခံစားရကြောင်း၊ ယခုအခါ ထိုသို့ မဟုတ်တော့ကြောင်း ရေနံဈေးကျပြီး အလုပ်အကိုင် မကောင်းတော့ သဖြင့် လုပ်သား သုံးပုံနှစ်ပုံ ခန့်က မိမိတို့ ဒေသများသို့ ပြန်သွားကြရပြီ ဖြစ်ကြောင်း ဆင်ပေါင်ဝဲ ဘက်မှ ရေနံတူးသူ တစ်ဦးက ပြောပြ၍ သိရသည်။ (ဝ၇၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger