အားသစ်လောင်းသည့် လနယုန်
နယုန်လသည် မြန်မာ လများ၏ တတိယလ ဖြစ်ကာ နွေဥတုတွင် ပါဝင်ပြီး နွေရာသီ ကုန်ဆုံးရန် ၁၅ ရက်သာ ကျန်တော့သည် ဖြစ်၍ နွေနှောင်းလ၊ နွေစွန်လ ဟုလည်း ခေါ်ကြသည်။ 'ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်' ဟု ဆိုရ လောက်အောင် ပူလောင်ရာမှ နယုန်လ ရောက်လျှင် 'နယုန်မိုးသေး မြက်သားမွေး' ဟု ဆိုသကဲ့သို့ မိုးရွာသွန်း စပြု၍ အပူဓာတ်များ လျော့ပါး သက်သာလာပြီး စံပယ်ပန်း နှင့် မြတ်လေးပန်း များ ပွင့်လာသည်။
အပူရှိန်ကြောင့် အရိုးပြိုင်းပြိုင်း ထနေသည့် သစ်ပင် သစ်ကိုင်းများမှာ ရွက်နုသစ် များကြောင့် စိမ်းစိုလာကာ မြေသား ပေါ်တွင်လည်း မြက်တို့ဖြင့် စိမ်းစိုလာသည်။ တောင်သူ တို့သည် ဝါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံ တို့ကို ကြဲကြပြီး စပါးများကို ပျိုးထောင်ကြပြီ ဖြစ်သည်။ မိုးနှင့်အတူ တောင်သူတို့ လယ်ယာတောသို့ တက်ကြွစွာ လုပ်ငန်းခွင် ဝင်ချိန်လည်း ဖြစ်သည်။
နယုန်လကို ပုဂံခေတ်က နံယုန်၊ နယုန် ဟူ၍ လည်းကောင်း၊ အင်းဝခေတ်တွင် နံမျုန် ဟု လည်းကောင်း ထိုခေတ်ထိုး ကျောက်စာ များတွင် တွေ့ရသည်။ ဗေဒင် ဝေါဟာရ အနေဖြင့် မေထုန်ရာသီ ဟုခေါ်ပြီး ရာသီရုပ်မှာ အပျို၊ လူပျိုရုပ် ဖြစ်၍ စန်းယှဉ် နက္ခတ်မှာ ဇေဋ္ဌနက္ခတ် ဖြစ်သည်။ နေ့ ၃၄ နာရီ၊ ည ၂၆ နာရီရှိ၍ နေ့တာ ရှည်သည့်လ ဖြစ်သည်။ နယုန်လသည် ရဟန်းတော်များ စာပြန်ပွဲ ကျင်းပသည့်လ ဖြစ်သည်။
ရှေးမြန်မာ မင်းများ လက်ထက်က စာပြန်ပွဲ ကျင်းပပုံကို ''ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော် မည်မျှ ခံတော်မူမည်။ ရှင်သာမဏေ တို့မှာ သင်ကြားသည့် စာမေး ဆရာတော် တို့က မေး၍ စာဝါကို ထောက်၍ စီစဉ်ရမည့် အကြောင်းကို စာမေး ဆရာတော် တို့ကို မာန်အောင် ရတနာ စေတီတော် ဝန်းကျင် ဇရပ်သို့ ပင့်၍ လျှောက်စေ၊ အမိန့်တော် ရှိသည့်အတိုင်း စာမေး ဆရာတော် တို့ကို လျှောက်ရသည်။ စာမေးရာမှာ အမတ် ၂ အကြပ်ခန့်သည်။ စာမေး ဆရာတော် တို့ကိုလည်း နယုန် လဆန်းတွင် အခါတော်နှင့် စ၍ မေးသည်။ နယုလကုန် နေ့ဆွမ်းကို အနောက် အတွင်းတော် က စီရင်၍ လုပ်ကျွေး ရသည်'' ဟု အင်ရုံစာတမ်း တွင် ဖော်ပြ ထားသည်။
နယုန်လ စာပြန်ပွဲသည် သာသနာ ဆိုင်ရာ ပွဲတော် ဖြစ်သော်လည်း ပညာရေး အတွက် အားသစ် လောင်းသည့် ပွဲလည်းဖြစ်သည်။ ထို့ကြောင့် နယုန်လသည် တောင်သူများ စိုက်ပျိုးရေး အတွက် အားသစ် လောင်းသည့် လုပ်ငန်းခွင် ဝင်သည့်လ ဖြစ်သကဲ့သို့ ပညာရေး တွင်လည်း စာသင်သားတို့ အားသစ် လောင်း၍ ထူးချွန်သည့် စာပေ ပညာရှင်များ မွေးထုတ်သည့် စာပြန်ပွဲ ကျင်းပသည့် လဖြစ်ရာ အရာရာတွင် အတွေးသစ် အမြင်သစ် တို့ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ခွန်အား သစ်လောင်း ကြိုးစားခြင်းဖြင့် အောင်မြင်မှုများ ရယူနိုင်ကြောင်း ရေးသား လိုက်ရ ပေသည်။
#Yadanarpondaily

No comments:
Post a Comment