www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 19, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ်

တိုက်ပွဲဖြစ်စဉ် အခြေအနေအား ရှင်းလင်းပြသခဲ့သည့် မြေပုံ

နေပြည်တော် ၊ ၁၉-၅-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထား ပါကြောင်း၊ လက်ရှိ လောက်ကိုင် ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်စဉ် များမှာ ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူ များ အနေဖြင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ နှင့် မိမိတပ် ဌာနချုပ် များကို စတင်တိုက်ခိုက် လာခြင်းကြောင့် ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း၊ မေလ ၁၄ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ဘက်ခြမ်း နမ်စန်မြို့ အတွင်း အမြောက်ကျည် ၂ လုံး ၊ မေလ ၁၅ ရက် နံနက်ပိုင်းတွင် အမြောက်ကျည် ၄ လုံး ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မရိုးသားမှုများ ရှိပါကြောင်း၊ ရန်သူ့ တောင်ကုန်း၏ အနေအထား၊ မိမိ တပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာ အနေအထား ၊ လက်နက်ကြီး ပစ်ခတ်မှု လမ်းကြောင်း အခြေအနေနှင့် အကွာအဝေး တို့အရ အဆွေတော်မှ အသိပေး အကြောင်းကြား လာသည့် နမ်စန်မြို့ တွင်းသို့ ကျည်ကျရောက် မှုမှာ မိမိ တပ်မတော် စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝ မဖြစ်နိုင် ပါကြောင်း၊ MNDAA သောင်းကျန်းသူ များက နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ထိခိုက်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါကြောင်း၊ မေလ ၁၄ ရက်ညပိုင်းတွင် MNDAA သောင်းကျန်းသူ များ နေရာယူ ထားသည့် ပွိုင့်-၂၀၇၁ တောင်ကုန်းမှ အဆွေတော် နိုင်ငံဘက်သို့ လက်နက်ကြီး ပစ်ခတ်သံနှင့် မီးအလင်းတန်း များကို မိမိတပ်များမှ မျက်မြင်တွေ့ရှိ ရသဖြင့် လင်ချန်း စစ်ဒေသ ဆက်ဆံရေး အရာရှိသို့ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် အကြောင်းကြား ခဲ့ကြောင်း၊ အလားတူ မေလ ၁၄ ရက်ညပိုင်း ဘီပီ-၁၁၃ နှင့် ဘီပီ-၁၁၅ ဘက်တို့တွင် တရုတ်နိုင်ငံ ဘက်ခြမ်း၌ အမြောက်ကျည် ၄၀ လုံး ထက်မနည်း ကျရောက် ပေါက်ကွဲခြင်းနှင့် ပတ်သက်၍ လည်း မိမိတပ်များက ယင်းအချိန် တွင် ပစ်ခတ် တိုက်ခိုက်မှု မရှိ၍ မဖြစ်နိုင် ပါကြောင်း၊ ဖြစ်စဉ်နေရာ များအား နှစ်ဘက် ကိုယ်စားလှယ် များနှင့် စစ်ဆေးရန် သဘောတူညီ ပါကြောင်းဖြင့် ဖြစ်စဉ် ဖြစ်ပွားသည့် နေရာများအား မြေပုံနှင့်တကွ ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး သံအမတ်ကြီး H.E.Mr. Yang Houlan က တရုတ်နိုင်ငံ ဗဟိုအစိုးရ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက် စေလိုပါကြောင်း ၊ MNDAA သောင်းကျန်းသူ များ အနေဖြင့် နှစ်ဦးနှစ်ဘက် ကို ဒုက္ခပေး နေပါကြောင်း ၊ တရုတ်- မြန်မာ နယ်စပ်ဒေသ အမြန်တည်ငြိမ် အေးချမ်း စေလိုပါကြောင်း ၊ အင်တာနက် လူမှုကွန်ယက် များတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့နေခြင်း မှာလည်း မိမိအစိုးရ အပေါ် ဖိအား ဖြစ်စေပါ ကြောင်း၊ နှစ်ဦးနှစ်ဘက် အေးချမ်းစွာ ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ယင်းဖိအား များကို လျော့ချ သွားမည် ဖြစ်ပါကြောင်း၊ နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေး စေလိုကြောင်း ပြန်လည် ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လူမှုကွန်ယက် များတွင် တရုတ်နိုင်ငံ သတင်းဌာနများ ၊ မြန်မာပြည်တွင်း သတင်းဌာန များသို့ အဓိက၀ါဒ ဖြန့်နေ သည်မှာ MNDAA သောင်းကျန်းသူ အဖွဲ့ပင် ဖြစ်ပါကြောင်း၊ မဟုတ်မမှန် ၀ါဒဖြန့် ခြင်းများကို မိမိတို့ နှစ်ဦးနှစ်ဘက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ရန် လိုအပ် ပါကြောင်း ၊ တိုက်ပွဲနေရာမှ ဆုတ်ခွာသွား သည့် MNDAA သောင်းကျန်းသူများ တရုတ်နိုင်ငံ အတွင်းမှ ဖြတ်သန်း သွားလာမှု မရှိရေး စစ်ဆေးကြပ်မတ် ပေးစေလို ကြောင်းနှင့် ကျည်ကျော် ကျရောက်မှု ထပ်မံ မဖြစ်ပွားရေး ကြိုးစား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan နှင့်အတူ စစ်သံမှူး Senior Colonel Wang Jinbo တို့ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger