ခရီးသွားလုပ်ငန်း နှင့် ဧည့်လမ်းညွှန်
ကမ္ဘာအရပ်ရပ်တွင် ခရီးသွား လုပ်ငန်းမှ ဝင်ငွေရှာဖွေ ခြင်းကို အာရုံစိုက် လာကြပြီ ဖြစ်သည်။ ထိုသို့ စိတ်ဝင်စား လာရခြင်းမှာ ခရီးသွား လုပ်ငန်းမှ ဝင်ငွေသည် မက်မောစရာ ပမာဏရှိပြီး မိမိတို့ နိုင်ငံ၏ အကြောင်းကို ကမ္ဘာက သိစေနိုင် သောကြောင့် ဖြစ်သည်။ ခရီးသွားလုပ်ငန်း တွင် ဧည့်လမ်းညွှန် တို့၏ကဏ္ဍသည် အဓိကနေရာမှ ပါဝင်သည်။
သာမန်လူ အဆင့်ထက် ထူးခြားစွာ ကုန်ကြမ်း များစွာကို ဦးနှောက်တွင် သိုမှီးရာတွင် လည်းကောင်း၊ ဧည့်သည်များကို တတ်ကျွမ်းမှု အပြည့်ဖြင့် ဝန်ဆောင်မှု ပြုရာတွင် လည်းကောင်း နည်းစနစ် ကျစွာသင်ယူ ကြရသည်။ ယနေ့ မြန်မာပြည်တွင် ဧည့်သည်များကို တရားမဝင် လမ်းညွှန်နေသည့် On the road guide များ ရှိနေသည်။ ထိုသူများ အနေဖြင့် မြန်မာ့ ခရီးသွား လုပ်ငန်းမှ ဖွင့်လှစ်သည့် အခြေခံ ဧည့်လမ်းညွှန် သင်တန်းများသို့ တက်ရောက်ရန် လိုသည်။
ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးလာသည် နှင့်အညီ မြန်မာပြည်သို့ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဝင်ရောက် လာကြသည့် နိုင်ငံခြားသားများ အပေါ် ဝန်ဆောင်မှု ကောင်းပြုနိုင် စေရန် နိုင်ငံတော် အစိုးရက ဦးဆောင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန၏ ကြိုးပမ်းမှုဖြင့် အခြေခံ လမ်းညွှန် သင်တန်းများကို ဖွင့်လှစ် ပေးခဲ့သည်။
ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်လိုသူ သည် လုပ်ကိုင်ခွင့် လိုင်စင်ရရှိရန် သတ်မှတ်ထားသည့် လျှောက်လွှာ ပုံစံဖြင့် လျှောက်လွှာ တင်သွင်းရသည်။ မြန်မာ့ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းဌာနမှ ဖွင့်လှစ်သည့် အခြေခံ ဧည့်လမ်းညွှန် ဆိုင်ရာ သင်တန်းသို့ တက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရမည်။ တရားဝင် ခရီးစဉ် ဝန်ဆောင်မှု များကို စီစဉ်ဆောင်ရွက် ပေးရသကဲ့သို့ ဌာနမှ သတ်မှတ်ထားသည့် ကျင့်ဝတ်များ ကိုလည်း လိုက်နာရသည်။
ဧည့်လမ်းညွှန် များသည် ပင်ကို စိတ်ကောင်းရှိခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း ရှိရမည့်အပြင် ဘာသာစကား ကျွမ်းကျင်ခြင်း၊ အသိပညာ၊ အတတ်ပညာ နှင့် ဆောင်ရန် ရှောင်ရန် ဗဟုသုတများ ပြည့်ဝ နေရန်လည်း လိုအပ်သည်။ မြန်မာနိုင်ငံတွင် မိုးတွင်းကာလ၌ ဧည့်လမ်းညွှန်များ ဧည့်သည်အလာ ပါး၍ အားလပ်ချိန် ရကြသည်။ ထိုကာလတွင် မိမိတို့ အားနည်းသော ပညာရပ် များကို ဖြည့်ဆည်း ကြရမည် ဖြစ်သည်။
ယခုအခါ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ ဧည့်လမ်းညွှန် တို့၏ အခန်းကဏ္ဍ ပိုမိုအရေးပါ လာသည့် အချိန်တွင် ဧည့်လမ်းညွှန် လုံလောက်သော အရေအတွက် ရှိရေး၊ အရည်အချင်း ပြည့်ဝသော ဧည့်လမ်းညွှန်များ ဖြစ်စေရေး တို့ကို ဆောင်ရွက် ထားကြရမည် ဖြစ်သည်။ ဧည့်လမ်းညွှန်တို့ အရည်အချင်း ပြည့်ဝမှုနှင့် နိုင်ငံချစ်စိတ်ပေါ် မူတည်၍ ခရီးသွား လုပ်ငန်းနှင့် အတူ အခြားကဏ္ဍ များ၏ အောင်မြင်မှုကို ဖန်တီး ပုံဖော်နိုင်သည်။
သို့ဖြစ်ရာ မီးခိုးမထွက်သည့် စက်ရုံဟု တင်စား ခေါ်ဝေါ်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှု နှင့်အတူ စည်းချက်ညီ ဖြစ်ပေါ် တိုးတက် လာရမည့် ဧည့်လမ်းညွှန် ကဏ္ဍကိုလည်း စနစ်တကျနှင့် အရည်အချင်း ပြည့်ဝ၍ နိုင်ငံချစ်စိတ် ရှိသော ဧည့်လမ်းညွှန်များ အဖြစ် ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily

No comments:
Post a Comment