သတိ . . . အလုပ်လုပ်ရင်း ဖုန်းမပြောရ
ကြယ်စင်စိုး (မန္တလေး)
''စာရင်းတွေကို သေချာမှတ်ကွ၊ ဂရုစိုက်ပြီးမှတ် မလွဲချော် စေနဲ့၊ အလုပ်လုပ်တဲ့ အခါ ဖုန်းကို တစ်ဖက်က အသုံးပြု နေရင်း မလုပ်နဲ့၊ အလုပ်လုပ် နေရင်း ဖေ့စ်ဘုတ် မသုံးနဲ့၊ အင်တာနက် မကြည့်နဲ့၊ ဖုန်းကိုလဲ အကြာကြီး မပြောကြ နဲ့ကွ၊ လိုအပ်မှပြော၊ အထူးသဖြင့် အလုပ်လုပ် နေတဲ့အချိန်မှာ အဲဒီဖုန်း အသုံးပြု တာတွေကို လျှော့ချ၊ မင်းတို့ မပြောနဲ့ ငါတို့တောင် မှားတတ်လွန်းလို့ သတိထား လုပ်နေရတာ၊ စာရင်း ဇယားတွေ ကွာဟသွားရင် မကောင်းဘူး'' အသိတစ်ယောက် အိမ်ရောက်တော့ အသိဖြစ်သူက သူ့အိမ်က အလုပ်သမား တစ်ယောက်ကို အထက်ပါ အတိုင်း သတိပေးစကား ဆိုနေတာပါ။ သူတို့အိမ်က ပဲပွဲရုံ ထောင်ထားတာ ဆိုတော့ ပွဲရုံကို ရောက်လာတဲ့ ပဲအိတ်တွေကို စာအုပ်ထဲမှာ စာရင်းမှတ် ရတာလဲ ရှိသလို ပွဲရုံကနေ တစ်ဆင့် တခြားကို ပို့ဆောင်ပေးရတဲ့ ပဲအိတ်တွေကို လဲ စာရင်းမှတ် ရပါတယ်။ အဲဒီလို စာရင်းမှတ်ရတဲ့ အခါမျိုးမှာ မကြာခဏ ဆိုသလို စာရင်းမှတ် တာတွေ မှားယွင်းမှု ဖြစ်တဲ့အတွက် သတိပေးစကား ဆိုတာ ဖြစ်ဟန်တူ ပါတယ်။
''မမှားသော ရှေ့နေ၊ မသေသော ဆေးသမားမရှိ'' ဆိုသလိုပါပဲ။ လူဆိုတဲ့အမျိုးဟာ မှားတတ်တဲ့ အမျိုးဖြစ်တယ်။ အဲဒီလို အမှား လုပ်တတ်ကြတဲ့ အထဲမှာ တချို့က မှားသင့်လို့ မှားကြတာ ရှိသလို၊ တချို့က မမှားသင့်ပါဘဲ မှားကြတယ်။ တချို့က မှားပြီးသား အကြောင်းအရာ တစ်ခုကို နောက်တစ်ကြိမ် ထပ်ပြီး မှားကြတယ်။ မောဟ မကင်းသူတိုင်း ဘယ်သူမဆို အမှား ကင်းနိုင်ကြမယ် မထင်။ သို့သော် မှားသင့်လို့ မှားတာမျိုးဟာ လက်ခံနိုင်စရာ ဖြစ်ပေမယ့် မမှားသင့် ပါဘဲ မှားတဲ့အမှားမျိုး ကတော့ ခွင့်လွတ် လက်ခံနိုင်စရာ အကြောင်းမရှိပါ။ အထူးသဖြင့် ကိုယ်ကိုယ် တိုင်ရဲ့ နမော်နမဲ့ နိုင်စွာ လုပ်ကိုင် ဆောင်ရွက်မှု၊ အလုပ်အပေါ်မှာ လေးစား တန်ဖိုးထား ရကောင်းမှန်း မသိမှုကြောင့် မှားယွင်းမှုမျိုး ကတော့ ပိုလို့တောင် လက်ခံနိုင်စရာ မရှိ။ အများ အားဖြင့်တော့ အလုပ်လုပ် ကြတဲ့ နေရာမှာ မှားယွင်းစွာ လုပ်ဆောင် လာကြတာဟာ ကိုယ်ကိုယ်တိုင် နမော်နမဲ့နိုင်မှု၊ အလုပ်အပေါ်မှာ တန်ဖိုးမထား တတ်မှု တွေကြောင့် မှားယွင်းကြတာ ဖြစ်ပါတယ်။
ဘာကြောင့် မှားယွင်းမှုတွေ ဖြစ်ပေါ် လာရသလဲ ဆိုရင် အလုပ်တစ်ခုကို လုပ်ကြတဲ့ နေရာမှာ အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိပါဘဲ အလုပ်လုပ် နေရင်းကနေ စာအုပ် ဖတ်နေတာ မျိုးတွေ၊ တယ်လီဖုန်း အသုံးပြု နေတာမျိုး တွေကြောင့် မှားယွင်းမှုတွေ ဖြစ်ပေါ် လာရတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု မရှိပါဘဲ စာအုပ်ဖတ် နေကြတာ၊ တယ်လီဖုန်း အသုံးပြု နေကြတာ တွေကြောင့် မမှားသင့်တဲ့ အမှားမျိုး တွေနဲ့ တွေ့ကြုံရသလို စာရင်းဇယားတွေ မလွဲချော်သင့် ပါဘဲ လွဲချော်မှုတွေ ဖြစ်လာကြတယ်။
အထူးသဖြင့် မိုဘိုင်းဖုန်း (လက်ကိုင် တယ်လီဖုန်း) တွေ တွင်ကျယ် လာခဲ့တဲ့ ဒီဘက်ပိုင်း နှစ်တွေမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစား တန်ဖိုးထားကြ ရကောင်းမှန်း မသိကြတော့ သလို ကိုယ်လုပ် နေတဲ့အလုပ် အပေါ်မှာလဲ လေးစား ရကောင်းမှန်း မသိကြတော့။ မိုဘိုင်းဖုန်း တွေက ပြည်သူတွေ ကြားထဲကို သောက်သောက်လဲ ဝင်ရောက် လာချိန်မှာတော့ ကိုင်တွယ် အသုံးပြု လာကြတဲ့ လူတွေကလဲ အလွှာပေါင်းစုံ ဖြစ်လို့ နေပါတယ်။
တချို့များဆို တစ်ယောက် တည်းနဲ့ ခါးမှာ ဖုန်းနှစ်လုံး သုံးလုံး ချိတ်ထားတာကို တွေ့မြင် ခဲ့ဖူးတယ်။ အဲဒီလို လူတွေကို ဘာအလုပ် လုပ်တာလဲလို့ မေးကြည့်တော့ ဘာအလုပ်မှ မည်မည်ရရ မရှိဘူးလို့ သိရတယ်။ ထားပါတော့။ ဒါကတော့ တတ်နိုင်ကြလို့ ကိုင်တွယ် သုံးစွဲတာ၊ ဘယ်နှလုံးပဲ ကိုင်ကိုင် အပြစ် ပြောစရာ မရှိဘူး။
လူတိုင်းလူတိုင်းရဲ့ လက်ဝယ်မှာ မိုဘိုင်းဖုန်း (လက်ကိုင် တယ်လီဖုန်း) တွေ ရှိနေပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သာကြောင်း မာကြောင်း ပြောချင်ရင်လဲ ဖုန်းနဲ့၊ လူငယ်တွေ ဘာသာဘာဝ ချစ်ကြောင်း ကြိုက်ကြောင်း ပြောမယ် ဆိုရင်လဲ ဖုန်းနဲ့။ အလုပ် အကြောင်းကိုပဲ ပြောမလား၊ စီးပွားရေး အကြောင်းကိုပဲ ပြောမလား၊ ကုန်ဈေးနှုန်း အတက် အကျကို ပြောမလား အားလုံးဟာ ဖုန်းတွေကို အသုံးပြုပြီး ပြောဆို လာကြတယ်။ ဘယ်သူမှ အချိန်ကုန် လူပင်ပန်း မခံကြတော့။ တယ်လီဖုန်း ယဉ်ကျေးမှု လို့ပဲ ဆိုရတော့မလား နေရာတိုင်း လိုလိုမှာ တယ်လီဖုန်း မပါရင် အလုပ် မတွင်ကျယ် တော့သလို ဖြစ်နေပြီ။ အဲဒီလို ထွန်းကားလာတဲ့ တယ်လီဖုန်း တွေကြောင့်ပဲ လူတွေဟာ အလုပ်တစ်ခု လုပ်ကြတဲ့ အခါမှာ မမှားသင့်တဲ့ အမှားတွေ မှားကြရသလို မလွဲချော် သင့်တဲ့ အရာတွေ လွဲချော် ကြရတယ်။ အဆိုးဆုံးကတော့ လူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ လေးစား တန်ဖိုးထားမှုတွေ မရှိကြတော့ ပါဘူး။
ဈေးရောင်း ကောင်တာမှာ ထိုင်ပြီး ဈေးရောင်းနေတဲ့ အရောင်း စာရေးမက ဈေးဝယ် ရောက်နေတာကို အလေးမထားဘဲ တယ်လီဖုန်း စကားပြောနေပြီး ဈေးဝယ်လာတဲ့ သူကို အားနာရ ကောင်းမှန်းမသိ။ ဈေးဝယ်မယ့် သူက တယ်လီဖုန်း စကားပြောပြီးတဲ့ ထိအောင် စောင့်ဆိုင်း နေရတယ်။ အလားတူပါပဲ ဘတ်စ်ကား ပေါ်က ခရီးသည် ကလဲ ဘတ်စ်ကား စီးနေရင်း ဖုန်းစကား ပြောတယ်။ ကားစပါယ်ယာရဲ့ ကားမှတ်တိုင် ရောက်လို့ အော်ပြောသံကို မကြားနိုင်တော့။ တယ်လီဖုန်းကို အားရ ကျေနပ်အောင် ပြောဆိုပြီးမှ ဘတ်စ်ကားပေါ်က ဆင်းမယ် လုပ်တော့ ဆင်းရမယ့် ကားမှတ်တိုင်က ကျော်လွန်သွားပြီ။ အဲဒီတော့မှ ကားစပါယ်ယာ လေးကို ကားမှတ်တိုင် ရောက်တာ မပြောရကောင်းလား ဆိုပြီး ရန်တွေ့စကား ဆိုတယ်။ ကားလမ်းမ ထက်က မော်တော်ဆိုင်ကယ် တွေကလဲ ဆိုင်ကယ် မောင်းနေရင်း လက်တစ်ဖက်က ဖုန်းစကား ပြောကြပြန် သေးတယ်။ ဖုန်းကိုပဲ အာရုံစိုက် ပြောနေတာ ဆိုတော့ သူမောင်းနေတဲ့ ဆိုင်ကယ်က လမ်းလယ်ကောင် တည့်တည့်က မောင်းနေမိ သလား၊ မီးနီမိ နေတာကို မောင်းနေမိ နေပါလား ဆိုတာကို သတိမထား မိနိုင်တော့။ နောက်က ယာဉ်တွေက ဟွန်းတွေ တရစပ် တီးနေလဲ ဖုန်းထဲက လာတဲ့ စကားသံက လွဲလို့ တခြား ဘာကိုမှ မကြားနိုင်။
တယ်လီဖုန်းကို အသုံးပြု လာကြတဲ့ လူအများစုဟာ ဖုန်းများ ပြောရမယ်ဆိုရင် ဒါမှမဟုတ် ဖုန်းကို အသုံးပြုပြီး တစ်ခုခု လုပ်နေရမယ် ဆိုရင် ပတ်ဝန်းကျင်ကို ဘာဆိုဘာမှ အလေးထားရ ကောင်းမှန်း မသိကြ တော့ဘူး။ အဲဒီလို ပတ်ဝန်းကျင်ကို အလေးမထားမှု တွေကြောင့်လဲ မမှားသင့်ဘဲ မှားခဲ့ရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရသလို မလွဲချော် သင့်တဲ့ အရာတွေလဲ လွဲချော်ခဲ့ရတယ်။ မှားသင့်လို့ မှားတာမျိုးလား၊ ကိုယ်ကိုယ်တိုင်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် မှားတာမျိုးလား ဆိုတာ ထည့်မတွက် ကြဘဲ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ မိဘနဲ့ သားသမီးကြား၊ တစ်ယောက်နဲ့ တစ်ယောက် ကတောက်ကဆတ် စကားတွေ များကြရတယ်။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုရင် မလိုအပ်ဘဲ တယ်လီဖုန်း (မိုဘိုင်းဖုန်း) တွေကို သုံးစွဲကြလို့၊ အတိုင်းထက် အလွန် သုံးစွဲကြလို့၊ သုံးစွဲသင့်တဲ့ အချိန်၊ သုံးစွဲသင့်တဲ့ နေရာမှာ မသုံးစွဲဘဲ မသုံးစွဲသင့်တဲ့ အချိန်၊ မသုံးစွဲသင့်တဲ့ နေရာမှာ သုံးစွဲနေကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်းဟာ၊ များသောအားဖြင့် မိုဘိုင်းဖုန်း တွေကို သုံးစွဲနေကြတဲ့ အလွှာ ပေါင်းစုံက လူတွေဟာ မမှားသင့်တဲ့ အမှားမျိုး မမှားရ လေအောင်၊ မလွဲချော် သင့်တဲ့ အရာတွေကို မလွဲချော် မိအောင် သတိတရား ကြီးစွာနဲ့ ဖုန်းကို သုံးစွဲကြပါလို့ တိုက်တွန်း လိုပါတယ်။
နောက်ဆုံး ပြောလိုတာကတော့ အိမ်တိုင်း အိမ်တိုင်းမှာ ''သတိ . . . အလုပ်လုပ်ရင်း ဖုန်းမပြောရ '' ဆိုတဲ့ သတိပေး စာတန်းလေး ရေးပြီး နံရံတွေမှာ ကပ်ထားရမလို ဖြစ်နေပါပြီလို့ ပြောကြား လိုပါတယ်။
#Yadanarpondaily
No comments:
Post a Comment