www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

ရှေးဟောင်းသမိုင်းဝင် မင်းကွန်းဒေသမှ ဆယ်ယူရရှိသော သစ်တစ်လုံးထွင်း လှေကြီးကို ပြည်သူများလေ့လာနိုင်ရန် ပြသထား



စစ်ကိုင်း ၊ ၂၇-၄-၂၀၁၅

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်သော မင်းကွန်းဒေသ ၌ ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ထွက်ပေါ်လာသည့် သစ်တစ်လုံးထွင်း လှေကြီး (ပုံ)ကို အများပြည်သူ လေ့လာနိုင်ရန် အတွက် မင်းကွန်း ဒေသရှိ စက်တော်ရာ ဘုရားဝင်း အတွင်း၌ ပြသထားကြောင်း သိရသည်။

ယခု ပြသထားသော လှေကြီးမှာ မင်းကွန်း လေးဌာန ဆရာတော်ကြီး များဦးစီး၍ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှစတင် ဖော်ဆောင် ခဲ့သည်။ ဆက်လက်၍ ဖေဖော်ဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တစ်စင်းလုံး ရေပေါ်သို့ ပေါ်သည်အထိ ဖော်ဆောင် နိုင်ခဲ့၍ ညီညာ ပြန့်ပြူးသော စက်တော်ရာ ဘုရား ဆိပ်ကမ်းထိ ဆွဲသယ် ခဲ့ကြကြောင်း၊ ထိုမှ တစ်ဆင့် ယခုပြသ ထားသော နေရာထိ ပျက်စီးကျိုးပဲ့ခြင်း မရှိစေရန် အထူး ဂရုပြု၍ သယ်ဆောင် ခဲ့ကြကြောင်း၊ ယခု ပြသထားသော နေရာတွင်လည်း ရေရှည် တည်တံ့ စေရန် အတွက် စနစ်တကျ ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း မင်းကွန်း ရွှေညောင်ပင် ကျောင်းတိုက် ဆရာတော် ထံမှ သိရသည်။

အဆိုပါ လှေကြီးမှာ အရှည် ၇၈ ပေ၊ အကျယ် ရှစ်ပေ၊ လေးလက်မ ရှိပြီး သစ်တစ်လုံးတည်း ထွင်းထားသော ထွင်းလှေ အမျိုးအစား ဖြစ်ကြောင်း၊ ၄င်းလှေကြီး ဆယ်ယူစဉ်က ပြုတ်ထွက် သွားသော လှေနံ၊ လှေဝမ်းကို ထိန်းထားသည့် အရှည်ပေ ၅ဝ ကျော်ရှိ တံကူကြီး လေးကြောင်း ကိုလည်း လှေအနီးချပြ ထားကြောင်း၊ ထပ်မံ မကွဲအက် စေရန်အတွက် သစ်သားအသစ် များဖြင့် ချုပ်ထိန်း ထားကြောင်း သိရသည်။

''လှေကြီးကို ကြည့်ရတာ တစ်ချိန်က ကျွန်တော်တို့ မြန်မာလူမျိုး တွေရဲ့ လက်မှု အတတ်ပညာနဲ့ လုပ်တဲ့ သူတွေရဲ့ ခွန်အားဗလကို ဖော်ပြ နေသလိုဘဲ။ နောက်ပြီး အဲဒီ အချိန်တုန်းက ကျွန်တော်တို့ နိုင်ငံမှာ သစ်ကြီးဝါးကြီး ဘယ်လောက် ပေါများခဲ့သလဲ ဆိုတာကို ပြသနေတာပဲ။ ခုနောက်ပိုင်း ဒီလောက်ကြီးတဲ့ သစ်ပင်ကြီးတွေ မမြင်ဖူး ကြတော့ပါဘူး။ သစ်တောကြီး တွေကို ပြန်လည် ထူထောင်ပြီး ထိန်းသိမ်း သင့်ပြီလို့ နှိုးဆော် နေသလို ခံစား ရပါတယ်'' ဟု လာရောက် လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၇၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger