တောင်ပေါ်မြေမှ လိပ်ပြာငယ်
မဒါလေး
မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားတွင် အချိန်ကာလ အခိုက်အတန့် တစ်ခုကို ဖြတ်သန်းကြ ရသည်မှာ လောက သဘာဝပင် ဖြစ်သည်။ အချိန်ကာလ ဟူသည် နာရီ၊ မိနစ်၊ စက္ကန့် သို့မဟုတ် ရက်၊ လ၊ နှစ်တို့ ဖြစ်ကြသည်။ လူတစ်ဦး မွေးဖွားချိန်မှ စတင်၍ အချိန်မည်မျှ နေခဲ့သည်။ မည်သို့သော အကျိုးပြု လုပ်ငန်းများ လုပ်ခဲ့သည်ကို ကြည့်၍ လူပီသသော လူတစ်ဦးအဖြစ် သတ်မှတ်ကြသည်။ လုပ်ငန်း လုပ်ဆောင်မှုများ ကို တိုင်းတာ မြော်ကြည့်၍ ရသော်လည်း ထိုလူတစ်ဦး အချိန်မည်မျှ နေရမည်ကိုတော့ ကာယကံရှင် ကိုယ်တိုင်ပင် ကြိုတင် သိရှိနိုင်ခြင်း မရှိသည်ကိုတော့ မမျှတသော သဘာဝတရား ဟုပင် ပြောရမည် ထင်သည်။
လူတစ်ဦး မွေးဖွားချိန်မှ စ၍ ပျော်ရွှင်ရယ်မော နေခဲ့ရသော နေ့ရက်များတွင် မိမိအတွက်၊ အများအတွက် အကျိုးရှိစေရန် ဘာတွေလုပ် ပေးနိုင်သလဲ၊ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေ ဆက်လုပ်ဦး မည်လဲ စသည်ဖြင့်
အကြောင်း အမျိုးမျိုးနှင့် ရှင်သန်နေကြ ရမည် ဖြစ်သည်။
အိမ်ရှေ့မှ ဖြတ်သန်းသွားသော အသုဘပို့ ယာဉ်တန်းကြီးကို ကြည့်ကာ အမျိုးမျိုးသော အတွေးများ မကြာခဏ ဝင်လာ တတ်သည်။ အချို့ ယာဉ်တန်းများမှာ မရေတွက် နိုင်အောင်ပင် ရှည်လျား လွန်းလှသည်။ အချို့မှာ အသုဘယာဉ်၏ အသံကြားရုံ နှင့်ပင် ပျောက်သွား တတ်ကြသည်။ ဘာတွေကွာခြား ပါသနည်း။ တစ်ခါက တရားပွဲ တစ်ခုသို့ တရားနာသွားရာ ဆရာတော်က ''ဒီက ဒကာ ဒကာမတွေ သေဖို့အတွက် ပြင်ဆင် ပြီးပြီလား အသေလှအောင် သေတတ်ပြီလား'' ဆရာတော် စကားအဆုံးတွင် မသိမသာ ပြုံးမိသည်။ အကြောင်းကတော့ အသေလှရန် အတွက် မိမိ ပူစရာမလို ကျန်ရစ်သူများက လှလှပပ လိမ်းခြယ် ပြင်ဆင်ပေးကြ လိမ့်မည်။ နဂို ကတည်းက အလှကြိုက်သူ ဖြစ်၍ သူတို့ သေချာ ပြင်ပေးမှာပါဟု တွေးမိခြင်း ဖြစ်သည်။ နောက်မှ ဆရာတော်က လူတိုင်း လူတိုင်း အနေလှရန်ပင် အပြင်ပန်း သဏ္ဌာန် များကို ပြင်ဆင် နေကြသည်။ အသေလှရန် အတွက် မိမိစိတ်ကို ပြင်ဆင်ရန်၊ ဝိပဿနာတရား အားထုတ်ရန် ပြောခြင်းကို သိသောအခါ မိမိ ကိုယ်မိမိ ရှက်မိ ပြန်သည်။
တစ်ခါက ကျွန်မ သွားဖူးသော တောင်တန်းဒေသ အရှို ချင်းလူမျိုးများ နေထိုင်ရာ ဒေသတစ်ခုတွင် ဖြစ်သည်။ နံနက် လေးနာရီကျော် ငါးနာရီခန့် ထကာ တစ်တောင်တက် တစ်တောင်ဆင်း ချောင်းပေါင်း များစွာကို ဖြတ်သန်းပြီး တစ်နေကုန် ခရီးကို လမ်းလျှောက် သွားရသော ခရီးဖြစ်သည်။ ထိုဒေသတွင် တစ်ဆယ်တန် မုန့်လေးများကို ကလေးများ ဝယ်စား နေကြသည် ကိုလည်း တအံ့တသြ တွေ့ခဲ့ရသည်။ ထိုတစ်ဆယ် ကိုပင် မိဘများက တောင်ယာလုပ်ကာ နေ့စဉ်မှန်မှန် မပေးနိုင်ဟု လည်း ကြားသိခဲ့ ရသည်။ ရေသန့် ဆိုသည်ကိုမသိ။ ဝယ်သောက်စရာ ရေမရှိ ချောင်းတွေ့လျှင် ရေခပ်သောက် စနစ်ဖြင့်သာ ခြေကျင်လျှောက် ခဲ့ကြရာ ည ၁၁ နာရီခန့်တွင် ရွာထိပ် စည်းရိုးစပ်သို့ ရောက်ခဲ့ကြသည်။ တစ်နေ့လုံး အားတင်းလာသမျှ မကြာမီ ခရီးဆုံးတော့မည် ဖြစ်၍ အားလုံး ပျော်ရွင် နေကြသည်။ တောင်ပေါ်လေ ဖြစ်သဖြင့် အေးမြခြင်းက ရာနှုန်းပြည့်။ လတ်ဆတ်မှုကဖြင့် ပြောဖွယ်ရာ မရှိပါ။ သို့သော် အစိုနံ့သင်းသော ဤ နေရာမှ လေအဝှေ့ကို ကျွန်မ ယနေ့ထိ မမေ့နိုင်သည် ကတော့ အသေအချာ ပင် ဖြစ်ခဲ့ရသည်။
သန့်ရှင်းသော တောင်ပေါ်လေ ထဲတွင် အစိုနံ့ သင်းနေသည်က ဤဒေသ၏ ရာသီဥတု ဖြစ်မည်ဟု တွေးဆကာ ဆက်လျှောက် လာခဲ့သည်။ လျှောက်နေရင်း သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသော ထိုဒေသ အခေါ် ထောင်ပို၊ ကျွန်မတို့ အခေါ် ပလိုင်းခြင်း တစ်လုံးကို သတိထား မိသည်။ ထိုခြင်းလေး၏ အကြည့်များ ကတော့ ကျွန်မဘဝ၏ အမှတ်တရများ ဖြစ်ခဲ့ရသည်။ သံဝေဂများ ဖြစ်ခဲ့ရပြီ။ မနက် မိုးသောက်တော့ သူတို့ဒေသ တစ်ဝိုက် လေ့လာရန် ခရီးဆက် ခဲ့သည်။ မနေ့ညက ဖြတ်လျှောက် ခဲ့သော ရွာအနီးအနား နေရာများကို တစ်ခုချင်းစီ လိုက်ရှင်းပြသည်။ မနေ့ညက ကျွန်မ သတိထားမိသော ထောင်ပိုလေးမှာ သူတို့ဒေသ၏ သင်္ချိုင်း နေရာတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ကျွန်မတို့ မလာခင် နှစ်ရက်ခန့်က သေဆုံးသွားသော ကလေးငယ်၏ ရုပ်အလောင်းကို ထောင်ပိုထဲ ထည့်ကာ ချိတ်ဆွဲထားခြင်း ဖြစ်သည်။
လောကအတွက် မဆိုထားနှင့် မိဘနှစ်ပါး အတွက် အပြုံးလေးတစ်ခု ပင် ချန်မထားခဲ့ပါဘဲ ရက်ပိုင်း အချိန်လေး အတွင်း၌ ထိုကလေးငယ်မှာ ပြန်လည် ထွက်ခွာသွား လေပြီ။ ထို ထောင်ပိုချိတ် ထားသော အပင်နားတွင် ဝါးစင်တစ်ခု ထောင်ထားသည်။ ထိုဝါးစင်သည် လူသေထားသော လင့်စင် ဖြစ်ကြောင်းနှင့် သေဆုံးပြီး သူများကို မီးမရှို့မီ တစ်ပတ် သို့မဟုတ် နှစ်ပတ် ထားကြကြောင်း၊ ထို့နောက်မှ မီးသင်္ဂြိုဟ်ကြောင်း။ မီးသင်္ဂြိုဟ်ပြီး မှ အရိုးကောက်ကာ မြေအိုးတစ်လုံးထဲ ထည့်၍ ထိုမြေအိုး ပေါ်တွင် မသေဆုံးမီ အချိန်က သုံးခဲ့သော ပစ္စည်းများ ကလစ်တချောင်းမှ အစ ရေဒီယိုအဆုံး ထည့်ပေးတတ် ကြကြောင်း သေချာ ရှင်းပြသဖြင့် သူတို့ လူမျိုးများ၏ သစ္စာတရား ကိုလည်း တွေ့မြင် ခဲ့ရသည်။ မနေ့ညက မပြောခဲ့ခြင်းမှာ ကျွန်မတို့ ထိတ်လန့်မည် စိုးသောကြောင့် ဟုလည်း ပြောရှာသည်။
ရှေးယခင်က ကျန်ရှိနေသော သင်္ချိုင်းမြေမှ အမည်မဖော် တတ်သော ရုပ်ပုံများနှင့် ရှေးခေတ် ငွေစက္ကူများ ကိုလည်း တွေ့ရသည်။ ယခင်က ငွေဒင်္ဂါးပြား များနှင့် အခြားငွေသားများ ပါရှိသော်လည်း လောဘသား များကြောင့် ယခုအခါ ရှေးသင်္ချိုင်းပုံစံ နှစ်ခုသာ ကျန်ရှိ တော့ကြောင်း ကို ရင်နာဖွယ်ရာ သိခဲ့ရသည်။ ထိုသင်္ချိုင်းမှ ပြန်အထွက်တွင် အစောက ထောင်ပိုလေးကို စိတ်မကောင်း စွာဖြင့် ကြည့်လိုက် မိသည်။ ထိုထောင်ပို ထဲမှ ရက်သားအရွယ် ကလေးငယ် တစ်ဦး၏ အဖြစ်ကား မတွေးရက် စရာပင်။ ခက်ခဲ ကြမ်းတမ်းပြီး သွားလာရန် ခက်ခဲသော ဒေသတွင် လူလာဖြစ် ရခြင်းကိုက ကံဆိုးခြင်းဟု ဆိုရလေမည်လား။ ဆရာဝန်မရှိ၊ သူနာပြုမရှိ ဆေးမြီးတိုလည်း နားမလည်သော ဤဒေသတွင် လူဖြစ် ရသည်ထက် သေသွားသည်က ပိုကောင်းသည်ဟု ပြောနေ လေမည်လား။
မြို့ပြတွင် သေဆုံးပါက အနည်းဆုံး နီးရာ ဆေးခန်းတော့ ပြရ ပေဦးမည်။ အနည်းဆုံး နာရေး ကားလေးဖြင့် သက်သက်သာသာ သွားရ ပေဦးမည်။ အနည်းဆုံး သင်္ဂြိုဟ်စက် လေးဖြင့် ခမ်းနားစွာ ကျော်ဖြတ် ရပေဦးမည်။ ယခုတော့ အသားများ ဆွေးသည့်အထိ ဤထောင်ပို လေးထဲတွင် ကျဉ်းကျပ်သည့် ဝေဒနာများနှင့် အတူ လိပ်ပြာငယ်လေး မည်သို့ပျံသန်း လေမည်လဲ။ မည်သည့်နေရာသို့ ပျံသန်းေ လမည်လဲ။ လိပ်ပြာလေးရေ ကြားနိုင်သေးသည် ဆိုလျှင် ပြောလိုက်ချင် ပါသေးသည်။ ဟိုးအဝေးဆုံး မြို့ပြဆီသို့ မနေမနား ကြိုးစား ပျံသန်းပါလို့လေ ...
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment