www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

ဂုဏ်သတင်းကောင်းသည့် ကုန်သွယ်ရေကြောင်း ကောလိပ်


ဂုဏ်သတင်းကောင်းသည့် ကုန်သွယ်ရေကြောင်း ကောလိပ်

စွန့်စားမှုများ ပြုလုပ်နိုင်ခြင်း၊ နိုင်ငံတကာသို့ ခြေဆန့်ခွင့် ရခြင်းတို့ကြောင့် သင်္ဘောသား အဖြစ် အသက်မွေး ဝမ်းကျောင်းပြုရန် မြန်မာလူငယ်များ စိတ်ဝင်စား လာကြသည်။ ထို့ပြင် ကုန်ကျစရိတ် သက်သာခြင်း၊ တစ်ကြိမ်တည်းဖြင့် ကုန်စည် အများအပြား သယ်ဆောင် နိုင်ခြင်း၊ တစ်ကမ္ဘာလုံး ကုန်စည်များ၏ ၉ဝ ရာခိုင်နှုန်းကို ရေကြောင်းမှ သယ်ဆောင်လျက် ရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖန်တီးပေး နိုင်သည့်အတွက် သင်္ဘောသား အဖြစ် လုပ်ကိုင် လိုကြသည်။

လူငယ်ထု၏ အလုပ်အကိုင် အခွင့်အလမ်း နှင့် နိုင်ငံတော် အတွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ကုန်သွယ် ရေကြောင်း ကောလိပ်ကို ၁၉၆၃ ခုနှစ်က တပ်မတော်(ရေ) နှင့်ပူးပေါင်း၍ ကုန်သွယ် ရေကြောင်း အရာရှိလောင်း သင်တန်းကို ဖွင့်လှစ် ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရေကြောင်းသိပ္ပံ အဖြစ် ရန်ကုန် ကမာရွတ် ဆင်မလိုက်တွင် ဖွင့်လှစ်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ကို တိုးမြှင့်ဖွင့်လှစ် သင်ကြားပေး ခဲ့သည်။

ထိုသို့ သင်ကြားပေး ရာတွင် နိုင်ငံတကာ စံနှုန်းများနှင့် ညီရန် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (IMO) မှ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများ နှင့်အညီ သင်ကြား ပေးလျက် ရှိသည်။ နိုင်ငံတကာ ရေကြောင်း လောကတွင် မြန်မာ သင်္ဘောများ၏ ဂုဏ်သတင်း တိုးတက်စေရန် သင်္ဘောသားများ တတ်အပ်သော ပညာရပ်များကို သင်ကြား၍ လိုအပ်သော အရည်အသွေးများ ဖြည့်ဆည်း ပေးလျက် ရှိသည်။

မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ ဖွင့်လှစ်သည့် သင်တန်းမှာ (၂)နှစ်သင်တန်း ဖြစ်ပြီး ကျောင်းပြီးပါက သင်္ဘောလိုင်း များနှင့် ချိတ်ဆက်ကာ အလုပ်လုပ် နိုင်သည်။ ပင်လယ်ပြင် လုပ်သက် တစ်နှစ်ခွဲရှိပြီး အရာရှိ စာမေးပွဲ ဖြေဆို အောင်မြင်ပါက အရာရှိအဖြစ် သင်္ဘောလိုင်း များတွင် တာဝန်ထမ်း ဆောင်နိုင်သည်။ ၂ဝ၁၄ ပညာသင်နှစ် အထိ ရေကြောင်း အရာရှိလောင်း ၂၃၉၃ ဦး၊ အင်ဂျင်နီယာ အရာရှိလောင်း ၂၃၄၃ ဦး မွေးထုတ် ပေးနိုင်ခဲ့သည်။

ထိုသို့ ရေကြောင်းပညာ သင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးမှုကြောင့် မြန်မာလူငယ်များ ရေကြောင်း ပညာရပ် များကို လွယ်ကူစွာ သင်ယူလာနိုင်ပြီး ကမ္ဘာ့ ကုန်သွယ် ရေကြောင်း လောကတွင် ပါဝင်နေရာယူ လုပ်ကိုင် လာနိုင်ကြပြီ ဖြစ်သည်။ ထို့အတူ နိုင်ငံ၏ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွက် လူသား အရင်းအမြစ် များကို ဖြည့်ဆည်း ပေးနိုင်ခဲ့သည်။

နိုင်ငံတကာ ပင်လယ်ရေကြောင်း လိုင်းများတွင် မြန်မာနိုင်ငံမှ သင်္ဘောသား များ၏ စံချိန်စံညွှန်း များနှင့်ပြည့်စုံ ကိုက်ညီမှုကြောင့် မြန်မာ သင်္ဘောသား များ၏ ပုံရိပ်ကောင်းကို ရရှိထားပြီး အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ဖြစ်ပေါ်လျက် ရှိသည်။ မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ အရည်အချင်း လက်မှတ်ကို နိုင်ငံတကာ သင်္ဘောလိုင်းများက အသိအမှတ်ပြု လက်ခံကြောင်း သိရသည်။

သို့ဖြစ်ရာ နိုင်ငံတကာ ရေကြောင်း လောကတွင် မြန်မာ သင်္ဘောသား တို့၏ ဂုဏ်သတင်း တိုးတက် ကောင်းမွန်မှုကို အစဉ်အလာ မပျက် ဆက်လက် ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ စနစ်တကျ စံချိန်စံညွှန်းမီ သင်ကြားပေး နေသကဲ့သို့ လူငယ်များ ကလည်း လိုအပ်သော ပညာရပ်များကို သေချာစွာ ခံယူသင်ယူ သွားကြပြီး အရည်အသွေး ပြည့်မီအောင် ကြိုးစား ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger