www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

ကိုယ်စီအသိဖြင့် ကျန်းမာရေး မြှင့်တင်


ကိုယ်စီအသိဖြင့် ကျန်းမာရေး မြှင့်တင်

နိုင်ငံတော် အနေဖြင့် လူတိုင်း ကျန်းမာပြီး သက်တမ်းစေ့ နေနိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍ အတွက် ဘတ်ဂျက်များ တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်ပေးလျက် ရှိသည်။ သို့သော် ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု၏ အခြေခံ အကျဆုံးဖြစ်သည့် ဆေးရုံ၊ ဆေးခန်းများ အသစ် တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ဆေးရုံ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများ တိုးမြှင့် ခန့်ထားခြင်း စသည့် အခြေခံ အဆောက်အအုံများ ဖြည့်တင်း နေရခြင်းကြောင့် ထိုသို့ လိုအပ်ချက်များ ရှိနေရခြင်း ဖြစ်သည်။

ထို လိုအပ်ချက် များကို လျော့နည်း စေနိုင်သည့် နည်းလမ်းမှာ ပြည်သူများ ကျန်းမာရေး အသိဖြင့် နေထိုင်မှုစနစ် ကျင့်သုံး နေထိုင်ခြင်း ဖြစ်သည်။ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု များကို မြှင့်တင် ဆောင်ရွက် ပေးနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံ မိအောင် အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ပြည်သူများ အနေဖြင့် အရွယ်သုံးပါး မရွေး ကျန်းမာရေး အသိဖြင့် နေထိုင် စားသောက်သည့် စနစ်ကို ကျင့်သုံးရန် လိုသည်။

မြန်မာနိုင်ငံတွင် ပြည်သူ အားလုံး၏ ၇ဝ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးရွာပေါင်း ၆၄ဝဝဝ ကျော်တွင် မှီတင်း နေထိုင်လျက် ရှိပြီး ထို ကျေးရွာ အားလုံးသို့ ဆရာဝန်၊ ဆရာမများနှင့် သားဖွား ဆရာမများ အရောက် သွားနိုင်ကြသည် မဟုတ်ပေ။ ထို့ပြင် မြို့ပြများရှိ ဆေးရုံများ တွင်လည်း ဆေးဝါးကုသမှု ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆရာဝန်၊ ဆရာမများ ပြည့်စုံ လုံလောက်မှု မရှိသေးသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ သုံးသောင်းခန့် ရှိပြီး ၄င်းတို့အနက် သုံးပုံတစ်ပုံသာ ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်ဟု သိရသည်။ ထို့အတူ သူနာပြုနှင့် သားဖွား ဆရာမ ဦးရေ သည်လည်း လူနာဦးရေ နှင့်မမျှတသည့် အတွက် ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက် နေရဆဲ ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား ကျန်းမာရေး မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်ကျင့်သုံး နေသည်မှာ အမှန်ဖြစ်သည်။ ကျန်းမာရေး အသုံးစရိတ် ပိုမိုသုံးစွဲ လာသောကြောင့် ဆေးရုံများ၊ ကျေးလက် ကျန်းမာရေး ဌာနများ၊ ဆရာဝန်၊ သူနာပြု၊ သားဖွား ဆရာမများ၊ ကျန်းမာရေး လုပ်သားများ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပြီး မြို့ပြ သာမက ကျေးလက်အထိ ကျန်းမာရေး အခြေခံ အဆောက်အအုံများ တိုးတက် လာသည်ကိုလည်း တွေ့မြင် နိုင်သည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးတက် လာသော်လည်း ပြည်သူများ အတွက် ကျန်းမာရေး အခြေခံ စောင့်ရှောက်မှု လုပ်ငန်းများ စီမံခန့်ခွဲမှု၊ ဆေးဝါးပစ္စည်း ပြည့်စုံ ကောင်းမွန်မှု၊ ကျန်းမာရေး ပညာပေးရေး လုပ်ငန်းများ၌ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် မိမိကိုယ်မိမိ ကြိုတင် ကာကွယ်မှု ပြုသည့် အလေ့အကျင့် ကောင်းများရှိရန် ကျန်းမာရေး အသိဖြင့် နေထိုင် စားသောက်မှု စနစ်ကို ကျင့်သုံး၍ ကျန်းမာ ကြံ့ခိုင်သော ပြည်သူဦးရေ တိုးပွားလာပြီး တစ်ဖက်မှ မကျန်းမာ သူများကို ပိုမို ထိရောက်စွာ ကာကွယ်နိုင်ပြီး အမျိုးသား ကျန်းမာရေးကဏ္ဍ တိုးတက်ခိုင်မာ လာနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက် ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger