တာဝန်ကိုယ်စီ ထမ်းဆောင်
နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ကြ ရာတွင် ထိုနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည် ထက်မြက်မှု အပေါ်တွင် အဓိက တည်မီ နေသည်။ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည် ထက်မြက် စေရန် စွမ်းဆောင် နိုင်ခြင်း၊ မစွမ်းဆောင် နိုင်ခြင်း အပေါ် မူတည်၍ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း တို့ ဖြစ်ပေါ် လာရသည်။
ထို အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း တို့မှာ မိမိနိုင်ငံ၊ မိမိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ တို့နှင့် ဒေသခံ ပြည်သူတို့၏ စိတ်နှလုံး ချမ်းမြေ့မှု၊ ကျေနပ်နှစ်သက် လက်ခံမှု အတိုင်း အတာ ပေါ်တွင် မူတည်သည်။
ထို့ပြင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင်ကြ ရာတွင် ယခင် လုပ်နည်း ကိုင်နည်း အဟောင်း များမှာ ယခု တိုးတက် လာသော ခေတ်စနစ်နှင့် အံမဝင် ခွင်မကျ ဖြစ်ကြရသည်။ ခေတ်သစ်၊ စနစ်သစ်ကို လုပ်နည်း ကိုင်နည်း အသစ်များဖြင့် လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။
ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက်ကြ သောအခါ လက်တွေ့တွင် အချို့နေရာ များ၌ လုပ်နည်း ကိုင်နည်း စနစ်ဟောင်းများ ဆက်လက် လုပ်ကိုင် နေကြဆဲ ဖြစ်သည်ကို တွေ့ကြရသည်။ ထိုသို့ ဖြစ်ရသည် မှာလည်း နဂို အမူအကျင့် များကို မဖျောက်ဖျက်ဘဲ အမူအကျင့် ဟောင်းများဖြင့် ဆက်လက် ကိုင်စွဲ လုပ်ကိုင် နေကြ သောကြောင့် ဖြစ်သည်။
အထူးသဖြင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များရှိ ပြည်သူတို့၏ လူမှုဘဝ အဆင်ပြေ ချောမွေ့ စေရေး အတွက် လိုအပ်ချက် များကို ဆောလျင်စွာ လုပ်ကိုင် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ သို့မှသာ ပြည်သူများ စိတ်နှလုံး ချမ်းမြေ့၍ ကျေနပ် နှစ်သက်ကြမည် ဖြစ်သည်။
ယနေ့ အချိန်အခါတွင် နိုင်ငံသား အားလုံးက သာမက နိုင်ငံတကာ ကပါ ကောင်းမွန်သော အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ရှိ၊ မရှိ အကဲခတ် လေ့လာ သုံးသပ် ဆုံးဖြတ်မှုများ ပြုလျက် ရှိသည်။ လက်ရှိတွင် အားနည်းချက်များ ရှိနေသေးရာ ယနေ့မှစ၍ ချို့ယွင်းချက်၊ အားနည်းချက် များ မရှိစေရန် အလေးထား လုပ်ဆောင်ကြ ရမည် ဖြစ်သည်။
စီမံခန့်ခွဲမှု ပြုကြသူ တို့တွင် ပြည်သူ့ဝန်ထမ်း အပါအဝင် အားလုံးသော ပြည်သူ့ ဘဏ္ဍာကို ရယူ ခံစားကြ သူများသည် ပြည်သူ့ဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုသည်။ အမျိုးသားရေး စိတ်ဓာတ် တစ်ဦးချင်း၊ တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ခံယူ ကျင့်ကြံ လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူ့ ဝန်ထမ်းများ အပါအဝင် ပြည်သူ အားလုံးတို့သည် မိမိတို့ တာဝန်ကျရာ အပိုင်းကဏ္ဍ များတွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ကို စေတနာ ကောင်းဖြင့် စီမံခန့်ခွဲမှုများ ပြု၍ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ အုပ်ချုပ်ရေးအမြင် များ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ် မြော်မြင် လုပ်ဆောင်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment