www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

စာဟောင်းနိပါတ်ဇာတ် နှင့် လျော်စွာ ကေသရာရန်နင်း ခြင်္သေ့မင်း ... သို့


စာဟောင်းနိပါတ်ဇာတ် နှင့် လျော်စွာ ကေသရာရန်နင်း ခြင်္သေ့မင်း ...  သို့

ယနေ့ ခရစ်နှစ် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်သည် မြန်မာ့ လွတ်လပ်ရေး ဗိသုကာနှင့် တပ်မတော် ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ နှစ် (၁ဝဝ)ပြည့် မွေးနေ့ ဖြစ်သည်။

အင်္ဂလိပ် နယ်ချဲ့တို့အား သူ့ကျွန်မခံ လိုသော စိတ်ဓာတ်ဖြင့် တော်လှန် တိုက်ခိုက်ခဲ့သည့် မျိုးချစ် ပုဂ္ဂိုလ်ကြီး ဗိုလ်မင်းရောင် ၏ မြေး သခင်အောင်ဆန်း သည် တက္ကသိုလ် ကျောင်းသားဘဝမ စ၍ အမျိုးသားရေး လှုပ်ရှားမှုများ ၌ ဦးစီး ခေါင်းဆောင် ပါဝင်ခဲ့သည်။ တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် ရဲဘော်သုံးကျိပ် ကို ဦးဆောင်၍ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို တည်ထောင် ခဲ့သည်။ တိုင်းရင်းသား အားလုံး ကိုလိုနီ ထမ်းပိုးအောက်မှ ရုန်းထွက်၍ အတူတကွ လွတ်လပ်ရေး ရယူကြရန် သမိုင်းဝင် ပင်လုံစာချုပ်ကြီး ချုပ်ဆို နိုင်အောင် ကြိုးပမ်း ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း သည် ရိုးသား ပွင့်လင်း၍ စွန့်လွှတ် အနစ်နာခံ တတ်သော ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ကျင့်ဝတ် စည်းကမ်းများကို စောင့်ထိန်းသည့် မျိုးချစ်စိတ်ဓာတ် ထက်သန်သော အာဇာနည် ပုဂ္ဂိုလ် အဖြစ် ထူးခြားသော ဂုဏ်ရည်တို့ကို ကမ္ဘာက အသိအမှတ်ပြု လေးစားခြင်း ခံရသူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ ထူးခြားသော ဂုဏ်ရည်တို့ကို စံနမူနာပြု၍ လူငယ်များ ကျင့်ကြံပြုမူ နေထိုင်ကြ စေခြင်းငှာ ဖေဖော်ဝါရီ ၁၃ ရက် ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်၍ ကလေးများနေ့ အထိမ်းအမှတ် ဉာဏ်ရည် ပြိုင်ပွဲများ ကျင်းပကာ ဆုများချီးမြှင့် ပေးခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း သည် စာတွေ့နှင့် လက်တွေ့ကို ပိုင်နိုင်စွာ ပေါင်းစပ်၍ နိုင်ငံနှင့် လူမျိုးအတွက် လက်တွေ့ အကျိုးရှိအောင် အသုံးချခဲ့သည့် ထူးခြားသော ပုဂ္ဂိုလ် ဖြစ်ကြောင်း ဗိုလ်ချုပ် ကိုယ်တိုင် ရေးသားခဲ့သည့် သေနင်္ဂဗျူဟာ စစ်ပညာ ဆောင်းပါးတွင် တွေ့နိုင်သည်။ ယနေ့ စာဖတ်သူသည် မနက်ဖြန်မှာ အနာဂတ် ခေါင်းဆောင် ( Today the reader, tomorrow the leader ) ဆောင်ပုဒ်ကို ဗိုလ်ချုပ်က သက်သေပြ ခဲ့သည်။

မြန်မာနိုင်ငံမှ ဗြိတိသျှတို့အား ဂျပန်တို့ အကူအညီဖြင့် မောင်းထုတ်ရန် ဂျပန်နိုင်ငံသို့ တိတ်တဆိတ် သွားရောက် ခဲ့စဉ် အင်္ဂလိပ် ဘာသာဖြင့် ပုံနှိပ်ထားသော စစ်ဘက်ဆိုင်ရာ စာအုပ်များ ဝယ်ယူဖတ်ရှု လေ့လာခဲ့သည်။ ထိုစာအုပ်များ အနက် Poots of Strategy စာအုပ်တွင် ကမ္ဘာအရပ်ရပ်မှ ထိပ်သီး စစ်သူကြီးနှင့် စစ်ပါရဂူ တို့၏ မှတ်သားဖွယ်ရာ စစ်ဗျူဟာအကြောင်း ရေးသားချက်များ ပါရှိသည်။ စစ်ပါရဂူတို့တွင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်က တရုတ်နိုင်ငံ စစ်ပါရဂူကြီးဆွန်ဇူး ( Sun Tzu ) ၏ မိန့်မှာချက် များမှ အစပြု၍ ခေါမ၊ ရောမ၊ ဥရောပ နိုင်ငံတို့၌ ကျော်ကြားခဲ့သော စစ်ပါရဂူများ၏ အရေးအသားများ၊ ဟစ်တလာနှင့် မူဆိုလီနီတို့ မပေါ်မီ ဥရောပ တစ်တိုက်လုံး တုန်လှုပ် ချောက်ချား စေခဲ့သော စစ်သူကြီး နပိုလီယံ၏ ဥပဒေသ များဖြင့် အဆုံးသတ် ထားကြောင်း သိရသည်။

ဗိုလ်ချုပ်သည် ထိုစာအုပ်ကို ဖတ်ပြီး ဆွန်ဇူး၏ သေနင်္ဂဗျူဟာ သံခိပ်သည် အနှစ် ၃ဝဝဝ ကျော်မျှ ဟောင်းခဲ့ လင့်ကစား စကားများမှာ ယခုတိုင် သစ်လျက် ရှိသေးသည်ဟု မှတ်ချက်ပြုကာ အရှေ့ အာရှသားတို့ အတွက်ဂုဏ်ယူ အားတက်ခဲ့သည်။ မြန်မာ့သမိုင်းမှ စစ်ပါရဂူ၊ စစ်ဧတဒဂ် ဟု ဂုဏ်ပြု ခဲ့ကြသော စစ်သူကြီး မဟာဗန္ဓုလ ၏ ရာမူးပန်းဝါမှ ရန်ကုန်သို့ စစ်ချီခဲ့ပုံ ကိုလည်းကောင်း၊ ဘုရင့်နောင် ကျော်ထင် နော်ရထာ ၏ နောင်ရိုး တိုက်ပွဲဝင် စိတ်ဓာတ်နှင့် ဆင်ဖြူရှင် မင်းတရား လက်ထက် ယူနန်နယ်စပ် တိုက်ပွဲဝင် စိတ်ဓာတ် တို့ကိုလည်းကောင်း ပြန်လည် သတိရ အားတက်ခဲ့ ပြန်သည်။

မန္တလာ ဦးကေလာသ ဆရာတော် ရေးသားသော သုဓနုဇာတ် နှင့် ဟိတောပဒေသ  ဘာသာပြန် စာအုပ်တို့ကို သခင် ကိုယ်တော်မှိုင်း ထံမှ ရရှိသဖြင့် ဖတ်ရှု လေ့လာခဲ့ရာ နောက်ဆုံးတွင် သေနင်္ဂဗျူဟာ ၏ တရားကိုယ်  အချက်အလက် တို့မှာ ယဉ်ကျေးမှု အခြေအနေ ပြောင်းသည့် အလျောက် အသွင်ပြောင်း၊ အမြင်ပြောင်း၊ အမည်ပြောင်း လာခဲ့သော်လည်း ယခုတိုင် အတူတူပင် ဖြစ်ကြောင်း တွေ့ရပေမည် ဟု ဗိုလ်ချုပ် က မှတ်ချက်ပြု ထားပြီး ကိုယ့်ဗမာစာ ဖြစ်လျှင် အလျှော်စားဟု အရမ်းမယူဆ ကြဘဲ မကောင်းရာနုတ်၊ လိုရာဖြည့်၍ လေ့လာအပ်ကြ လေသည်ဟု တိုက်တွန်း ထားသည်။

တိုင်းရင်းသား ပြည်သူအပေါင်းတို့ မမေ့အပ် မမေ့ထိုက်သော အာဇာနည် ပုဂ္ဂိုလ်ကြီး၏ အမှာစကား များမှ အသေးအမွှားပင် ဖြစ်စေကာမူ အလေးထား ရကြောင်းကို ''ကေသရာဇာ ခြင်္သေ့တို့ မည်သည် သားကောင်ကို ဖမ်းတဲ့ နေရာမှာ ကြီးငယ်မမူ လုံ့လ စိုက်ထုတ် သကဲ့သို့ စိုက်ထုတ် ကြရမည် '' ဖြစ်ကြောင်း အမှာစကား မှာလည်း တစ်သက်တာ မှတ်သားကြ ရမည် ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော်လျက် အနှစ် (၁ဝဝ)ပြည့် ဗိုလ်ချုပ်မွေးနေ့ အား မြဝတီ က ဂုဏ်ပြုအပ် ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger