www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

ကိုးကန့်သောင်းကျန်းသူများ ဥပဒေမဲ့ လုပ်ရပ်များ ချိုးဖောက်ကျူးလွန်


သိမ်းဆည်းရမိ ကျောက်စိမ်းများ ၊ လက်နက်များကို တွေ့ရစဉ်

လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်

လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၀-၂-၂၀၁၅

ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင် နယ်မြေအတွင်း ကြိုတင် စိမ့်ဝင်၍ ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက် ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ဖန်တီး လာခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ကာ လောက် ကိုင်မြို့အား သိမ်းပိုက်ရန် ကြိုးစားခဲ့ သော်လည်း တပ်မတော်မှ ရွပ်ရွပ်ချွံချွံ တုံ့ပြန် တိုက်ခိုက်မှု များကြောင့် ၄င်း သောင်းကျန်းသူ များ၏ လောက်ကိုင်မြို့အား သိမ်းပိုက်မည့် အစီအမံ ပျက်ပြား၍ ဆုတ်ခွာသွား ခဲ့ရသည်။

၎င်းတို့ ဆုတ်ခွာ သွားခဲ့သော်လည်း တိုက်ပွဲများကြောင့် တည်ငြိမ်မှု ပျက်ပြားစဉ် အခွင့်ကောင်း ယူ၍ တပ်ရင်းမှူး အဆင့်ရှိ ကော်စစ်ချီ ဦးဆောင်သော အင်အားစု များကို မြို့ခံ အရပ်သား အသွင်ဖြင့် မြို့ပေါ်တွင် ထားရှိကာ အရပ်ဝတ်ဖြင့်ပင် တပ်မတော် စစ်ကြောင်းများ နှင့် တပ်ဌာနချုပ် များကို အနီးအဝေးမှ နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ၄င်းတို့ ကြိုတင် သတင်းရယူ ထားပြီး ဖြစ်သည့် မြို့ပေါ်ရှိ ချမ်းသာသော နေအိမ်၊ ဈေးဆိုင်များ၊ လူရှိသော အိမ်များကို ဓားပြဆန်ဆန် လူသတ်၍ လုယက်ခြင်း၊ လူမရှိသော အိမ်များကို ဖောက်ထွင်း ယူဆောင်ခြင်းများ ဆောင်ရွက် လာခဲ့သည်။

ထို့အပြင် ကိုးကန့် သောင်းကျန်းသူ များ အနေဖြင့် လောက်ကိုင်မြို့ တွင် အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ်လုပ် ကိုင်နေသော အလုပ်သမားများ၊ ကြံခုတ် လုပ်သားများ နှင့် ဒေသခံ ပြည်သူများကို ဖမ်းဆီး၍ သေနတ်နှင့် ယူနီဖောင်းများ ထုတ်ပေးကာ ၄င်းတို့နှင့် စစ်တိုက်ရန် အဓမ္မ ခေါ်ဆောင်လျက် ရှိကြောင်း၊ မလိုက်လိုကြောင်း ငြင်းဆန်ပါက တစ်ယောက်/ နှစ်ယောက်ကို ရှေ့တွင် ပစ်သတ်ပြပြီး အကြောက်တရား နှင့် စုစည်း ခေါ်ဆောင် နေကြောင်း၊ လူတစ်ဦးလျှင် ယွမ် ၅ဝဝ နှင့် ရာမဆေးပြား တစ်ထုပ် ပေးကာ ၄င်း သောင်းကျန်းသူ အဖွဲ့များ၏ ရှေ့တန်းသို့ တင်ပြီး လောက်ကိုင်မြို့ရှိ တပ်၊ ဌာနချုပ် များအား ညစဉ် လာရောက် ပစ်ခတ်စေလျက် ရှိကြောင်း ကို ဒေသခံ ပြည်သူများနှင့် ဖော်ထုတ် ဖမ်းဆီး ရမိသူများ ထံမှ သိရှိရသည်။

ဒေသခံ ပြည်သူတို့၏ သတင်းပေးချက် အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၄င်းတို့ ခိုအောင်း လှုပ်ရှားလျက် ရှိသော လောက်ကိုင်မြို့ အတွင်းရှိ အဆောက်အအုံ အား ဝင်ရောက် ရှင်းလင်းခဲ့ရာ တပ်ရင်းမှူး အဆင့်ရှိ ကော်စစ် ချီ အပါအဝင် သောင်းကျန်းသူ ၂၆ ဦးအား အသေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁ဝဝ ကျော်၊ ခဲယမ်းမျိုးစုံ ၈၄၇၉ တောင့်၊ လက်ပစ်ဗုံး ၁ဝ၈ လုံး၊ တိုက်မိုင်း ရှစ်လုံး၊ ဖောက်ခွဲ ဖျက်ဆီးရေး ဆက်စပ် ပစ္စည်းများ၊ မူးယစ်ဆေးဝါး မျိုးစုံ၊ ကျောက်စိမ်းတုံး များနှင့် အခြား ဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

ကိုးကန့် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း လောက်ကိုင် နှင့် ချင်းရွှေဟော် ကြား၌ လောက်ကိုင်မြို့နယ် မှ နေရပ်ပြန်သူ များနှင့် တိုက်ပွဲရှောင် ပြည်သူများအား ကူညီပို့ဆောင် ပေးသည့် ကြက်ခြေနီ အမှတ်အသား ထင်ရှားစွာ ဖော်ပြထားသော ယာဉ်တန်းအား စစ်ရေးနှင့် မသက်ဆိုင်ကြောင်း သိရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်း ကြောင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

တပ်မတော် အနေဖြင့် လောက်ကိုင် ဒေသ တစ်ခုလုံး တည်ငြိမ် အေးချမ်းရေး အတွက် နယ်မြေလူထု နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး အပြစ်မဲ့ ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ လောက်ကိုင်မြို့ လုံခြုံရေး အတွက် စနစ်တကျ ကာကွယ် စောင့်ရှောက်ခြင်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger