www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 23, 2015

ကျေးဇူးတရားကို လက်ကိုင်ထားသည့် တပ်မတော်


ကျေးဇူးတရားကို လက်ကိုင်ထားသည့် တပ်မတော်

မန်းခင်ခင်

ကျွန်မတို့ မြန်မာနိုင်ငံတော်မှာ သစ္စာတရား ကြီးမားစွာဖြင့် အဆင်းရဲခံ နိုင်သော၊ ကိုယ်ကျိုး စွန့်လွှတ်ပြီး ဘယ်သူတွေ တရားပျက်ပျက် မပျက်သော အဖွဲ့အစည်း ကတော့ တပ်မတော် ကြီးသာ ဖြစ်သည်။

နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့စေရန်နှင့် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်သည့် အပိုင်းတွင် ရည်မှန်းချက် တာဝန်ကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေသူ မှာလည်း တပ်မတော်သာ ဖြစ်သည်။

ဘယ်အချိန် ဘယ်ကာလမဆို အချိန်ပြည့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသော တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို လည်းကောင်း၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် နိုင်ငံ့ လွတ်လပ်ရေးကို လည်းကောင်း ရှေးရှု ထိန်းသိမ်းပြီး နိုင်ငံတော်ကြီးပွား တိုးတက်စေရန် ကြိုးပမ်းနေသည့် တပ်မတော်လည်း ဖြစ်သည်။

မိဘပြည်သူများ ကလည်း ကိုယ့်သွေး၊ ကိုယ့်သား တိုင်းရင်းသား ညီအစ်ကို မောင်နှမများမှ ပေါ်ထွက်လာသော တပ်မတော်အား တစ်သွေးတစ်သားတည်း စိတ်ဖြင့် ချစ်ခြင်းမေတ္တာ ကြီးမားစွာ တစ်ဦးကို တစ်ဦး စောင့်ရှောက် လက်တွဲလာခဲ့ ကြသည်။ တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲနေထိုင် လာကြပြီး တစ်ဦးကျေးဇူး တစ်ဦးမေတ္တာဖြင့် ကြီးပြင်း ဆောက်တည် လာရသော တပ်မတော်သား တို့သည် မိဘပြည်သူများ၏ ကျေးဇူးကို သိတတ်စွာဖြင့် နိုင်ငံတော် အတွက် အသင့်ရှိသော တပ်မတော် ဆိုသည်မှာ ငြင်းဖွယ်ရာ မရှိပါ။ ရှေးအစဉ် အဆက်ကပင် တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုသကဲ့သို့ ပြည်သူများ၏ ကျေးဇူး မထိန်မြူး အထူး သိတတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက် နိုင်ရေးအတွက် အစွမ်းသတ္တိ ထက်မြက်ပြည့်စုံ သူများလည်း ဖြစ်ကြသည်။

လောက၌ မကောင်းတာ လုပ်လျှင် မကောင်းကျိုး ဖြစ်တတ်သကဲ့သို့ ကောင်းတာလုပ်လျှင် ကောင်းကျိုး ဖြစ်တတ်ပေသည်။ နောက်ဆုံးတွင် မိမိ၏သစ္စာနှင့် လုပ်ရပ်သည်သာ အဆုံးအဖြတ် ပေးပါသည်။ လူ့လောကတွင် ကျေးဇူးတရား သိသူသည် ဘယ်သောအခါမှ မဆင်းရဲပါ။

မြန်မာ့ ရာဇဝင်တွင် စစ်ကိုင်းစား အစ်ကိုဖြစ်သူ ငါးစီးရှင်ကျော်စွာ (ဆင်ဖြူတော် ငါးစီးပိုင်သောမင်း) က အသင်္ခယာ စောယွန်း ကို အမုန်းပွား၍ လုပ်ကြံ သတ်ဖြတ်ရန် ကျွန်ယုံဖြစ်သော ငခင်ညိုကို စေလွှတ် ခဲ့သည်။ ကျွန်ယုံတော် ငခင်ညိုလည်း သူ၏အရှင် ခိုင်းစေချက် အတိုင်း အသင်္ခယာ စောယွန်းရှိရာ စစ်ကိုင်းသို့ သွားရောက်ခဲ့သည်။ အသင်္ခယာ စောယွန်း ထံ ရောက်သောအခါ သခင်ခိုင်းစေချက် အတိုင်း သတ်ရန် အစီအစဉ် ဖြင့် နန်းတွင်း အိပ်ဆောင်သို့ ဝင်ခဲ့လေသည်။ အိပ်ဆောင် မရောက်မီ အချိန် ကလည်းနှောင်း၊ လမ်းခရီးမှာ ဘာမျှမစားခဲ့ ရသည်က တစ်ကြောင်းကြောင့် အသင်္ခယာ စောယွန်း နတ်တင်ထားသော ထမင်းကို ယူစားလိုက် လေသည်။ ငခင်ညိုသည် ထမင်းကိုစားပြီးမှ အသင်္ခယာ စောယွန်း အားသတ်ရန် အိပ်ဆောင်ထဲ ဝင်ခဲ့သည်။ အိပ်ပျော်နေသော အသင်္ခယာ စောယွန်း ကိုမြင်သော် အသင့် ပါလာသော သန်လျက်ဖြင့် သတ်ရန် လက်ကို မြှောက်လိုက်သည်။ သတ်မည်အပြုတွင် သူ၏ အသိတရားက သူစားလိုက်သော ထမင်းတစ်နပ်ကို သတိရသည်။ ထိုခဏအတွင်း အင်မတန် ဆာလောင် နေစဉ်အချိန်က စားလိုက်ရသော ထမင်းသည် ဤအရှင်၏ ထမင်းဖြစ် သည်။ ဤအရှင်ကား ငါ၏ ထမင်းရှင်ဖြစ်သည်။ ငါ၏ အသက်သခင် ဖြစ်သည်။ ထို့ကြောင့်ငါသည် ဤမင်းအား သတ်ရန်မသင့်ပြီ ဟု တွေးမိပြီး ငခင်ညိုက အသင်္ခယာ စောယွန်း အား မသတ်ခဲ့ တော့ပေ။ သူ့အား လုပ်ကြံခိုင်းသော သူ့သခင် ငါးစီးရှင်ကျော်စွာ ထံ ပြန်ရန်ဆုံးဖြတ် လိုက်သည်။ ငါးစီးရှင် ကျော်စွာထံ ရောက်သော် သခင်ပေးသည့် အပြစ်ဒဏ် ငါခံမည်ဟု ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ပြီး ဒူးထောက် ခစားခဲ့သည်။

ဤသည်တွင် ငါးစီးရှင် ကျော်စွာက ''ငါစေလွှတ် လိုက်သော ကိစ္စအဝဝ အောင်မြင် ခဲ့ပြီးလော'' ဟု မေးမြန်း လေတော့သည်။ ထိုအခါ ငယ်ကျွန် ငခင်ညို သည် မသတ်ခဲ့ကြောင်း၊ မအောင်မြင် ကြောင်း လျှောက်ထားသည့် အတွက်ကြောင့် ငါးစီးရှင် ကျော်စွာသည် သူကြံစည် ခိုင်းသည်ကို မအောင်မြင်၍ အဘယ်ကြောင့် မသတ်ခဲ့ သနည်းဟု မေးလေသည်။ ကျွန်ယုံ ငခင်ညို သည် အမှန်အတိုင်း လျှောက်တင် လိုက်သည်။ ''ကျွန်ုပ်သည် အရှင်မင်းကြီး ခိုင်းစေချက် အတိုင်း သတ်ဖြတ်ရန် သွားရောက်ခဲ့ ပါသည်။သို့သော် အသင်္ခယာ စောယွန်း အဆောင် အိမ်တော် အရောက်တွင် ကျွန်ုပ် ဆာလောင် မွတ်သိပ်၍ အသင်္ခယာ စောယွန်း ၏ နတ်တင် ထားသော ထမင်းကို စားလိုက် မိပါသည်။ ထို့အတွက် ကိုယ့်ရဲ့ ထမင်းရှင် အသက်သခင်ကို မသတ်ဝံ့၊ သတ်ရန် မသင့်သောကြောင့် ပြန်လာ ရပါသည်။ ကျွန်ုပ်၏ အရှင် ငါးစီးရှင်ကို မရိုသေ၍ မဟုတ်ကြောင်း'' လျှောက်တင်သံကို ကြားလိုက်ရသော် ငါးစီးရှင် ကျော်စွာမင်း သည် ငခင်ညို လျှောက်လဲသော စကားကိုမှီ၍ ဆင်ခြင် မိလေသည်။

''သြော် သူသည် သူတစ်ပါး၏ ထမင်းတစ်နပ် စားဖူးရုံမျှနဲ့၊ တစ်နည်း ဆိုရသော် မမျှော်လင့်ဘဲ စားလိုက် မိသော တစ်နပ်စာ စားရုံမျှနဲ့ ကျေးဇူး သိတတ်လျှင် ငါ၏ ကျေးဇူးကို ပို၍ သိတတ်မည်'' ဟု တွေးတော ကြံဆလျက် ကျွန်ယုံတော် ငခင်ညို အား အပြစ်ဒဏ်မှ လွှတ်ပြီး ရာထူးပင် တိုးမြှင့်ပေးအပ် ချီးမြှင့်လိုက်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ မြန်မာလူမျိုးများမှာ ကျေးဇူး သိတတ်သူများ ဖြစ်သည်။ မိမိတို့အပေါ် တင်ရှိဖူးသော ကျေးဇူးကို ပြန်ဆပ်ရန် ဝန်လေးတတ်ကြ သူများမဟုတ်ပေ။ တပ်မတော်သား များသည် သူ့ဆန်စားရဲမှ ဆိုသကဲ့ သို့အမိန့်နှင့် တာဝန်ကို တိကျစွာ လိုက်နာပြီး ကိုယ်ဖြစ်ချင် တာထက် ဖြစ်ထိုက် တာကိုပဲ အလေးထားပြီး ပေးအပ်သည့် အလုပ်ကို အောင်မြင်သည် အထိ ဆောင်ရွက် ခဲ့ကြပေသည်။

သတ္တိနှင့် စိတ်ဓာတ်သည် တိုင်းပြည်မှ ကျွေးသော ထမင်း၏ ကျေးဇူးကို ဆပ်သည့် အနေဖြင့် လည်းကောင်း၊ မိမိ၏ တာဝန်ပိုင်းကို အလေးထား ခြင်းကြောင့် လည်းကောင်း ကောင်းသော စိတ်ကောင်း အကျင့်များကို နှလုံးမူခဲ့ကြ ပေသည်။

ပြည်သူ့ ကျေးဇူးကို သိတတ်စွာ ကောင်းသော အလုပ်၊ ကောင်းသော အသက် မွေးဝမ်းကျောင်းမှု ဖြင့် ရပ်တည်နေသော တပ်မတော် ဖြစ်ပေသည်။

တကယ်တော့ တပ်မတော်သား များသည် စေတနာနှင့် ဝါသနာတွဲ၍ လုပ်ကိုင်ရသော အလုပ်ပင်ဖြစ်သည်။ နိုင်ငံအကျိုး သယ်ပိုးချင်သော စိတ်ဓာတ်သည် သန့်ရှင်းမွန်မြတ် လှပေသည်။ 

အများအကျိုး ဆောင်သယ်ပိုး၍
ကိုယ်ကျိုးစွန့်ခါ ဝါသနာတွင်
စေတနာ ဆင့်လောင်း နှစ်ရပ် ပေါင်းကြောင့်
ကောင်းကျိုးဝေဖြာ ပြည်မြန်မာ။
အေးချမ်းသာ၍ ဖွံ့ဖြိုးမှာ။
ခရီးဆက်ကြ ရှေ့သို့သာ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger