www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

မြန်မာနိုင်ငံ၌ ကလေး ၁၀၀၀ လျှင် နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ဖြစ်ပွားမှု ၁ ဒသမ ၇ ဦးနှုန်းအထိရှိ


ရန်ကုန် ၊ ၄-၂-၂၀၁၅

မြန်မာနိုင်ငံ၌ ကလေးငယ် တစ်ဦးတည်း တွင်ပင် နှုတ်ခမ်းနှင့် အာခေါင်ကွဲ ရာဖြင့် မွေးဖွား လာသည့် မွေးရာပါ ချို့ယွင်းမှု ဖြစ်သော ကလေးဦးရေမှာ အသက်ရှင်လျက် မွေးဖွားသော ကလေးဦးရေ ၁ဝဝဝ လျှင် ၁ ဒသမ ၇ ဦးနှုန်း အထိရှိကြောင်း သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မေးရိုးနှင့် ခံတွင်း ခွဲစိတ်ကုသ ဌာနမှ ထုတ်ဝေသော ပညာပေး စာစောင်များ အရ သိရသည်။

မိခင်အနေဖြင့် ကိုယ်ဝန်ဆောင် ချိန်တွင် အာဟာရ ချို့တဲ့ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ဆေးလိပ်နှင့် အရက် သောက်သုံးခြင်း၊ သန္ဓေသား အင်္ဂါ ချို့ယွင်း စေတတ်သော ဆေးများ သောက်မိခြင်း၊ ဓာတ်ရောင်ခြည် သင့်ခြင်း၊ ဗိုင်းရပ်စ် ကဲသို့သော ရောဂါကူးစက် ခံရခြင်းနှင့် အသက် အရွယ်ကြီးမှ ကိုယ်ဝန် ဆောင်ခြင်း စသော အကြောင်းရင်း များသည် မွေးဖွား လာသည့် ရင်သွေးငယ် များတွင် နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ရောဂါများ ပါဝင်လာနိုင် သော်လည်း ယေဘုယျ အားဖြင့် မျိုးရိုးဗီဇ ကြောင့် ဖြစ်ပွား နိုင်ကြောင်း သိရသည်။

မွေးရာပါ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးများကို ခွဲစိတ် ကုသခြင်းဖြင့် ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိ နိုင်သဖြင့် ကလေးငယ် ကျန်းမာ ဖွံ့ဖြိုးပြီး ခွဲစိတ်ဒဏ် ခံနိုင်၍ ကိုယ်ခံအား ကောင်းစေရေး အတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင် ကြရန် လိုအပ်သည်။ အာခေါင်ကွဲ ကလေးငယ်သည် နို့စို့ရန် အလွန် ခက်ခဲသဖြင့် မိခင်နို့ကို ခွက်ဖြင့် စုဆောင်း၍ သန့်ရှင်းသော လက်ဖက်ရည် ဇွန်းငယ်ဖြင့် ကလေးငယ်၏ ခေါင်းကို အနည်းငယ် ထောင်၍ တိုက်ပေးခြင်းဖြင့် လေပြွန်ထဲသို့ နို့များဝင် ရောက်ခြင်းမှ ကာကွယ်နိုင်ပြီး အခြား အစားအစာ များကိုလည်း ပုံမှန် ကလေးငယ်များ အတိုင်း ကျွေးမွေးနိုင်သည်။ 

လစဉ် ကလေး၏ ကိုယ်အလေးချိန် တိုးတက်မှုကို ခွဲစိတ်ခံ ရမည့် ကာလအထိ စိစစ် မှတ်သား ထားနိုင်၍ ကာကွယ်ဆေး ထိုးခြင်းကိုလည်း ပုံမှန် ကလေးငယ်များ အတိုင်း လုပ်ဆောင် နိုင်ပြီး နိုင်ငံတကာ စံညွှန်း အနေဖြင့် နှုတ်ခမ်းကွဲ ကလေးအတွက် ၁ဝ ပတ်သား အရွယ်တွင် ကိုယ် အလေးချိန် အနည်းဆုံး ၁ဝ ပေါင်နှင့် သွေးနီဥ ၌ ဟေမို ဂလိုဘင် ပါဝင်နှုန်း HB ၁ဝ ဂရမ်နှုန်း အနည်းဆုံးရှိမှ ခွဲစိတ်ကုသမှု ခံယူရန် သင့်လျော်ကြောင်း သိရသည်။

နှုတ်ခမ်းနှင့် အာခေါင် နှစ်ခုစလုံး ကွဲနေသော ကလေးအတွက် နှုတ်ခမ်းကွဲကို သတ်မှတ်ချိန်တွင် ပထမအဆင့် ခွဲစိတ်ခံယူ ပြီးနောက်မှ အာခေါင်ကွဲကို သတ်မှတ်ချိန် တွင် ဒုတိယအဆင့် ခွဲစိတ်မှု ခံယူရမည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger