www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေး တပ်မတော် က ကြိုးပမ်းဆောင်ရွက်လျက်ရှိ



ကိုးကန့် တိမ်းရှောင် သောင်းကျန်းသူအဖွဲ့များ နေရာယူထားသော တောင်ကုန်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၃-၂-၂၀၁၅

တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို လုံလုံခြုံခြုံ ကာကွယ် စောင့်ရှောက်ရန် ဖြစ်သည်နှင့် အညီ ပြည်သူ အေးချမ်း တည်ငြိမ်စွာ နေထိုင်ရပ်တည် နိုင်ရေးကို အနှောင့်အယှက် ဖြစ်စေသော ရန်ဟူသမျှကို ဖယ်ရှား ရှင်းလင်းရန် အသက်ခန္ဓာ အပ်နှင်း၍ တာဝန် ထမ်းဆောင်လျက် ရှိပါသည်။

တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ပိုင်နက်နယ်မြေ မှန်သမျှကို တာဝန်နှင့် အညီ ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် နယ်မြေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ လောက်ကိုင် နယ်မြေအတွင်း ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အင်အားစု များနှင့် တွေ့ဆုံ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ လာကာ ကျေးရွာ ပြည်သူ့စစ် များထံမှ လက်နက်ငယ် ရှစ်လက်အား သိမ်းယူ သွားခဲ့သည်။ ၄င်းတို့ ပြန်လည် ထွက်ခွာရာ တစ်လျှောက် တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်းရာမှ ကြိုတင် နေရာယူပြီး ယာယီခံစစ် ယူထားသည့် သောင်းကျန်းသူ အင်အားစု များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် တို့ဖြင့် ပစ်ကူပေး ခဲ့ရပြီး ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ လေးဦး၊ စစ်သည် ခုနစ်ဦး ကျဆုံးကာ၊ အရာရှိ နှစ်ဦး၊ စစ်သည် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

တစ်ချိန်တည်း တွင် ကုန်းကြမ်းနှင့် ညံခွမ်း လမ်း (၁၈) မိုင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု များနှင့် နှစ်ကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် စစ်သည်ငါးဦး ကျဆုံး၍ စစ်သည်နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။ ထို့အပြင် မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ-၁၆၁(၁) အနီးရှိ မော်ထိုက်မြို့ တစ်ဝိုက် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စခန်းအား ကိုးကန့်တိမ်းရှောင် အင်အားစု အချို့မှ နှစ်ကြိမ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့၍ တပ်မတော်မှ စစ်သည်လေးဦး ဒဏ်ရာရရှိ ခဲ့သည်။

ဖေဖော်ဝါရီ ၁ဝ ရက်တွင် ညံခွမ်းနှင့် (၁၈) မိုင်ကြား တစ်ဝိုက်တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့ အင်အားစု အချို့ ထပ်မံ၍ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ခြောက်ဦး ဒဏ်ရာရရှိ ခဲ့သည်။ ၄င်းနေရာသို့ တပ်မတော် စစ်ကြောင်း က လောက်ကိုင်မြို့ မှ စစ်ကူ သွားရောက်ခဲ့ရာ(၁၈)မိုင်နှင့် တာရွှေထန်ကြား ၌ သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်က အသင့်စောင့်ကြို တိုက်ခိုက် သဖြင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ် တို့ဖြင့် သုံးကြိမ် ပစ်ကူပေး ခဲ့သည်။ သောင်းကျန်းသူ များသည် ၄င်းည၌ပင် မြန်မာ- တရုတ် နိုင်ငံနယ်စပ်ရှိ နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ-၁၁၇ ဘက်သို့ ဆုတ်ခွာ သွားကြောင်း သိရှိရသည်။ တိုက်ပွဲတွင် အရာရှိ တစ်ဦး၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့၍ အရာရှိ ရှစ်ဦး၊ စစ်သည် ၃၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်ငါးစီး ပျက်စီးဆုံးရှုံး ခဲ့သည်။

ထို့အပြင် (၁၈) မိုင်အနီးတွင် လည်း သောင်းကျန်းသူ အင်အားစု များနှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် ပစ်ကူပေး ခဲ့ရပြီး တပ်မတော်မှ အရာရှိ တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

၎င်းနေ့တွင် လော်ကွာကျိုင်း ဘက်မှ သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်သည် ကုန်းကြမ်းဒေသ ရှိ တပ်ဌာနချုပ် အား ဝင်ရောက် တိုက်ခိုက်ရန် ရှိကြောင်း မြေပြင်သတင်း ရရှိသဖြင့် တပ်ဌာနချုပ် နှင့် မိသားစုများ လုံခြုံရေး အတွက် လိုအပ်သော တပ်အင်အား ဖြည့်တင်းမှု များကို လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် အချိန်မီ ဖြည့်တင်းပေး နိုင်ခဲ့သည်။ မိမိ တပ်စခန်း များအား အချိန်မီ အင်အား ဖြည့်တင်းပေး နိုင်ခဲ့၍ သောင်းကျန်းသူ များအနေဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် အဝေးမှ လက်နက်ငယ် များဖြင့်သာ နှောင့်ယှက် ပစ်ခတ် နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁ဝ ရက် ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး သို့လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီး ဌာနသို့ လည်းကောင်း၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် တစ်ဦးနှင့် ကိုးကန့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ် အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ ကုန်းကြမ်း ရှိ တပ်ရင်းဌာန ချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်း ခံစစ်စခန်း များအား အနီး/ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ စစ်သည်တစ်ဦး ကျဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့ထိ တိုက်ပွဲ ဖြစ်စဉ်ပေါင်း ၁၃ ကြိမ်ဖြစ်ပွား ခဲ့ပြီး လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်း ပစ်ကူငါးကြိမ် ဆောင်ရွက်ခဲ့ ရသည်။ ဖြစ်စဉ် တစ်လျှောက် တပ်မတော်မှ အရာရှိငါးဦး၊ စစ်သည် ၄၂ ဦး အသက် ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး ဒဏ်ရာ ရရှိကာ မော်တော်ယာဉ် ငါးစီး ပျက်စီးဆုံးရှုံး ခဲ့သည်။ ကိုးကန့် တိမ်းရှောင် အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံး/ ထိခိုက် ဒဏ်ရာရမှု အချို့ ရှိခဲ့ကြောင်း သိရှိရသည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့သည် လောက်ကိုင် ဒေသရှိ မျိုးနွယ်တူ နေထိုင်သူ များကို အခွင့်ကောင်း ယူ၍ နယ်မြေအတွင်း အခြေပြု လှုပ်ရှားနိုင်ရေး ဆောင်ရွက် လာခဲ့သည်။ မြေပြင် သတင်း ဖော်ထုတ်ချက် များအရ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့်အတူ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် လှုပ်ရှားလျက် ရှိကြောင်း သိရပြီး ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တိမ်းရှောင် အဖွဲ့နှင့် ၄င်း သောင်းကျန်းသူ အဖွဲ့များသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက်၍ အစိုးရ အကျပ်အတည်း ဖြစ်စေရေး ရည်မှန်းချက် ထား ဆောင်ရွက်ခဲ့ သော်လည်း ဒေသခံ ပြည်သူ၏ ပူးပေါင်းပါဝင် မှုနှင့်အတူ ၄င်းတို့၏ ရည်ရွယ်ချက် ပျက်ပြားအောင် တပ်မတော်မှ တားဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံ ကျေးရွာများ၏ ပြောကြားချက် အရ ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူ အဖွဲ့များသည် တာရွှေထန် နှင့် (၁၈)မိုင် လမ်းဆုံအနီး စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ လုပ်ဆောင်မှု အပေါ် အခွင့်ကောင်းယူ ၍ ကြိုတင် ထိုးဖောက် စိမ့်ဝင် ရောက်ရှိ နေခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် သစ်လွင်သော ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အသွင် သဏ္ဌာန်အရ ခရီးဝေးမှ လာခဲ့ဟန် မရှိဘဲ လန်းဆန်းသည့် အနေအထား ရှိကြောင်း၊ ၄င်းတို့ လှုပ်ရှားရာတွင် လျင်မြန် လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး နယ်စပ်ဒေသ ကုန်သွယ်ရေး နှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ် ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက် ကြကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာ နှင့် လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီး များကိုလည်း အဖွဲ့ အားလုံးတွင် ဖြန့်ခွဲ အသုံးပြု နိုင်ကြောင်း နှင့် ၄င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျ ပြင်ဆင်လေ့ကျင့် ထားသူများ ဖြစ်နိုင်ကြောင်း သိရှိရသည်။

မြန်မာ- တရုတ် နယ်စပ်ဒေသ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူးထံ သို့လည်း သက်ဆိုင်ရာမှ ရှင်းလင်း ပြောကြား အသိပေး ထားကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် လောက်ကိုင် ဒေသမူလ အခြေအနေ သို့ ပြန်လည် ရောက်ရှိကာ ဒေသခံ ပြည်သူများ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် သောင်းကျန်းသူများ အခြေချ လှုပ်ရှားနိုင်မှု မရှိစေရေး နှင့် နယ်စပ်ဒေသ တစ်လျှောက် စိမ့်ဝင် ထိုးဖောက်ခြင်း မပြုနိုင်ရေး ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး အစွမ်းကုန် ကြိုးပမ်း ရှင်းလင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လောက်ကိုင် ဒေသအား ပုဒ်မ (၁၄၄) ထုတ်ပြန် ထားရှိပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြုံရေးအား ဆောင်ရွက် ပေးလျက်ရှိရာ လက်ရှိ အခြေအနေမှာ  လောက်ကိုင်မြို့ အတွင်း တည်ငြိမ် အေးချမ်းသည့် အခြေအနေ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger