www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 25, 2015

ဘဝနေထိုင်မှု ဆံပင်ပုံစံနှင့် အာဟာရ



ဘဝနေထိုင်မှု ဆံပင်ပုံစံနှင့် အာဟာရ

ဒေါက်တာလွင်သန့် (ဆေး-၂)

ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှု ပုံစံသည် ဆံပင် ကျန်းမာရေးကို ကောင်းမွန် စေသည်။ စိတ်ဖိစီးမှု များခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အိပ်ရေး ပျက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် အာဟာရ ပြည့်အောင် မစားခြင်း တို့ကြောင့် ဆံပင် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်သည်။

စိတ်ဖိစီးမှု နည်းပါး စေရေးအတွက် ဘာသာရေး လေ့လာ လိုက်စား သင့်သည့် အပြင် စိတ်ဖိစီးမှုကို လျှော့ချရမည်။ ကျန်းမာရေးနှင့် ညီညွတ်ရန် နေ့စဉ် နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်သည်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးလျှင် ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းမွန်ပြီး အဆီလျော့ စေ၍ ခန္ဓာကိုယ် အထွေထွေ ကျန်းမာရေး သာမက ဆံပင်၏ ကျန်းမာရေး အတွက်ပါ ကောင်းမွန် စေသည်။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသောက်ရမည်။ အသင့် အမြန်စား အစားအစာ များကို ရှောင်ကြဉ် ရမည်။ ဟမ်ဘာဂါ၊ ဆင်းဒဝစ်ခ်ျ နှင့် ပီဇာမုန့် များသည် အကြော်ခံဆီ၊ ဝက်ဆီ၊ ဆီအုန်း နှင့် စိမ်ထားသည့် အငန်၊ အဆိမ့် အချိုကဲသော အစားအစာများ ဖြစ်သဖြင့် ဆံပင်ကို ကျွတ်စေသည်။ အထူးသဖြင့် ဆံပင်ရှင်သန် ကြီးထွားမှုကို အားပေးသော ဗီတာမင် မျိုးစုံနှင့် ပရိုတင်းဓာတ် ပါဝင်သော အစားအစာ များကို စားရန် လိုအပ်သည်။

ပရိုတင်းသည် ကြွက်သား တည်ဆောက် ပေးသောအရာ (အသားဓာတ်) ဖြစ်သဖြင့် ကြွက်သား သာမက ဆံပင် ကျန်းမာစေသော အဓိက အခြေခံ အုတ်မြစ် ဖြစ်သည်။ အသား နှင့် အခွံမာသီး အမျိုးမျိုးသည် ဆံပင်ကို သန်စွမ်း တောက်ပ စေသည်။ ဆံပင် စတင်ဖြစ်ပေါ် ပြီးနောက် ဦးရေပြားကို ပရိုတင်းဓာတ် အာဟာရ ဖြည့်ပေးသည်။ စားသုံးသော အစားအစာ ထဲတွင် ပရိုတင်း နည်းပါးလျှင် ဆံပင်ပါး စေသည်။

ဇင့် (Zinc) ဓာတ်သည် ဆံပင်ကျွတ်ခြင်း နှင့် ဆက်စပ်သော တက်စတြိုဇုန်း ဟော်မုန်း တစ်မျိုးကို ဟန့်တားပေးနိုင်သည်။ အိုမီဂါသရီး ကဲ့သို့ ဖက်တီးအက်စစ်၊ လက်စီသင်၊ လူတင်၊ သံဓာတ်၊ ဆာလဖာနှင့် သတ္တုဓာတ် အမျိုးမျိုးသည် ဆံပင်သန်စွမ်း လှပစေရန် ကူညီ ပေးနိုင်သည်။ အာဟာရဓာတ် ကြွယ်ဝသော ပဲအမျိုးမျိုး၊ ကောက်နှံ၊ ကြက်ဥ၊ ဆော်လမွန်ငါးနှင့် ပင်လယ် အစားအစာများ၊ အခွံမာသီး အမျိုးမျိုး၊ ဖရုံစေ့၊ စတော်ဘယ်ရီသီး နှင့် အစိမ်းရောင် ရှိသော ဟင်းသီးဟင်းရွက် အမျိုးမျိုး စားသုံး ပေးရမည်။

မိမိနှင့် အဆင်ပြေသော ဆံပင်ပုံစံ ဖြစ်စေရန် ဆံပင်ကို ခေတ်ကာလ အလိုက် ပုံစံ အမျိုးမျိုးပြုပြင် တတ်ကြသည်။ နေထိုင်မှု စနစ်နှင့် ဆံပင်အတွက် အချိန်ပေးနိုင်မှု စသည်တို့နှင့် ကိုက်ညီသော ဆံပင်ပုံစံ ဖြစ်ရမည်။ မိမိနှင့် မလိုက်သော ဆံပင်ပုံစံ ဆိုလျှင် ဆံပင်ကြောင့် ဒုက္ခရောက် နိုင်သည်။ အလုပ် တစ်ဖက်နှင့် ကျောင်းတက် ရလျှင် အချိန်ယူပြီး ပုံသွင်းမှ လှပသော ဆံပင်ပုံစံမျိုး မထားသင့်ပါ။ ဆံပင်နှင့် ဦးရေပြားကို နှိပ်နယ်ပေး ခြင်းသည် ဆံပင်သန်စွမ်း လှပမှုအတွက် အရေးကြီးသည်။ ခြောက်သွေ့ပြီး ကျွတ်လွယ်သော ဆံပင်ကို အဆီနှင့် နှိပ်နယ် ပေးသင့်သည်။

အဆီထွက် များသော ဆံပင်အတွက် ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ရေတစ်ဖန်ခွက် ထဲသို့ ဆားအနည်း ငယ်ထည့် ၍ ယင်း အရည်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့် ဦးရေပြား ပေါ်လိမ်းပြီး လက်ချောင်းထိပ် နှင့် နှိပ်နယ် ပေးရမည်။ တစ်နာရီကြာ ထားပြီး ရေအေးနှင့် ဆေးရမည်။ ထိုကဲ့သို့ တစ်ပတ် နှစ်ကြိမ် လုပ်ပေးရမည်။

ခြောက်သွေ့သော ဆံပင်အတွက် ကြက်ဆူဆီ Oil Toner သို့မဟုတ် အုန်းဆီကို လာဗင်ဒါဆီ တစ်ဇွန်းနှင့် ရောပြီး အနည်းငယ် အပူပေး၍ ဦးရေပြားကို နှိပ်နယ်ကာ နံနက်ခင်း ခေါင်းလျှော်ခြင်း ကို တစ်ပတ် တစ်ကြိမ် ပြုလုပ်ရမည်။ 

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger