ထူးချွန်ပြောင်မြောက်သည့်ဂုဏ် ဖြစ်စေရန်
လူ့သဘာဝအရ ဂုဏ်ရှိမှ လူရာဝင်သည် ဟူ၍ သတ်မှတ်ထား ကြသည်။ အချို့ လူများသည် ဂုဏ်မက်ပြီး နာမည်ကျော်ကြား လူသိများသည့် ဘဝကို လိုလားတောင့်တ ကြ၏ ။ ဂုဏ်ကြီးလျှင် ကြီးသည်ထက် ကြီးလျှင် နာမည် ကျော်ကြား လူသိများသည့် ဘဝကို ရမည်ဟူ၍ ယူဆလေ့ ရှိကြသည်။
အများက ဂုဏ်ကြီးရှင် အဖြစ် အသိအမှတ် ပြုခြင်းကို နှစ်သက်၏။ လိုလား တောင်းတ၏။ ရရန် ကြိုးစား အားထုတ်၏။
လူအမျိုးမျိုး စိတ်အထွေထွေ ရှိသောကြောင့် လူတစ်ကိုယ် စိတ်ကူး တစ်မျိုးဖြင့် ဂုဏ်နောက်သို့ လိုက်ကြ၏။ ပညာဂုဏ်၊ ဓနဂုဏ်၊ ရာထူးဂုဏ် တို့ကို ရရှိခံစား နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစား အားထုတ် ကြသည်။ တစ်ခုရလျှင် ဆက်လက်ကြိုးစား အားထုတ်၍ ဂုဏ်သုံးမျိုးစလုံး ပြည့်စုံသွားသူ လည်းရှိ၏။ အချို့လည်း မပြည့်စုံဘဲ ရသမျှကို ဂုဏ်လုပ် ကြ၏။
အနောက်နိုင်ငံ များတွင် ကမ္ဘာကျော်ရန်၊ နာမည်ကျော် လူသိများရန် မလွယ်ကူပေ။ အလွန်ထူးခြား ပြောင်မြောက် လျှမ်းလျှမ်းတောက် အောင်မြင်မှ ကမ္ဘာကျော်သည်။ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၊ အနုပညာ၊ စာပေ၊ ဂီတ၊ သိပ္ပံ၊ စက်မှု၊ စိုက်ပျိုးရေး စသည့် ကိစ္စအဝဝ ပြည်သူ့ အကျိုးပြု ထူးခြားဖြစ်စဉ် များဖြင့် နာမည် ကျော်ကြားမှု ရအောင် စွမ်းဆောင် ကြသည်။ အချို့က ရက်စက် ကြမ်းကြုတ်၊ အကြောင်းမဲ့ သတ်ဖြတ်မှု ကိုပြု၍ ကျော်ကြားအောင် လုပ်ကြ၏။ ထို ရက်စက်မှု ပြုလုပ်၍ ကမ္ဘာကျော် လူသိများသည် မှန်သော်လည်း နာမည်ဆိုးဖြင့် ကျော်ကြားခြင်း ဖြစ်၍ ဂုဏ်ယူစရာ မဟုတ်ပေ။
ယနေ့သည် ပညာခေတ် ဖြစ်၏။ ထို့ကြောင့် ပညာရေးသည် အရေးပါ၏။ ပညာဂုဏ်ဖြင့် မိမိအကျိုး၊ အများအကျိုး ကို စွမ်းဆောင် နိုင်ပါက ဂုဏ်နှင့်အတူ ကျော်ကြားမှုကို ရစေနိုင်သည်။ မိမိနှင့် မိမိနေထိုင်ရာ ကမ္ဘာကို ပညာဖြင့် အလှဆင်၍ တိုးတက် စေပါက ကမ္ဘာက အသိအမှတ် ပြု၏။ လူသား အားလုံးက အတုယူကြ၏။ ထို့ကြောင့် ပညာဂုဏ် ပိုင်ဆိုင်သူသည် စိတ်ထားကောင်း နှင့် အများအကျိုး ရွက်သယ်ပိုး ရန် လိုသည်။
အချို့က ဓနဂုဏ် ရအောင် ပစ္စည်းဥစ္စာ ရှာမှီး၍ သူဌေးဘွဲ့ ခံကြသည်။ ထိုမျှဖြင့် လူသိ မများပေ။ ထို ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို မိမိအကျိုး သာမက အများအကျိုး ဆောင်ရွက်ပေး မှသာလျှင် လူသိများ၍ အများ၏ အသိအမှတ် ပြုမှုကို ခံယူနိုင် ကြသည်။ ထိုသို့ မဟုတ်ဘဲ မိမိ ချမ်းသာသည်ထက် ချမ်းသာအောင် လုပ်ရုံဖြင့် ဂုဏ်မမြောက်၊ ဂုဏ်မတောက် သည်ကို သတိပြု သင့်သည်။
အချို့ကား ရာထူးဂုဏ် ရရန် ကြိုးပမ်း၍ ရာထူးဂုဏ်ဖြင့် အရာရာကို အနိုင်ယူတတ် ကြသည်။ ရာထူးဂုဏ်တွင် ပညာဂုဏ်ပါ၍ ဂုဏ်နှစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို ပိုင်ဆိုင်ထားသည့် ဂုဏ်ကို တိုးပွားရန် မိမိ၏ ရာထူးအာဏာ ကို အများအကျိုး အတွက် ဆောင်ရွက် အသုံးချနိုင်မှ ထိုဂုဏ်သည် ပြောင်မြောက် တောက်ပမည် ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ မိမိအကျိုး အတွက်သာ ကြည့်၍ လုပ်ကိုင် ဆောင်ရွက်နေပါက လူမသေမီ နာမည်သေ နိုင်သည်။
သို့ဖြစ်ရာ လူ့ဘဝ၏ ခဏတာတွင် ရစရာဂုဏ်ကို ရရှိရေးအတွက် မိမိတို့ သန်ရာသန်ရာ ကြိုးစား အားထုတ်၍ ရယူနိုင် သော်လည်း ရရှိသည့်ဂုဏ်ကို အများ အသိအမှတ်ပြု၍ ထူးချွန် ပြောင်မြောက် လာစေရန်မှာ အများအကျိုး သယ်ပိုး ဆောင်ရွက် ရမည်ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment