www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 21, 2015

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သော အမေးအဖြေ ကဏ္ဍ



နေပြည်တော် ၊ ၂၁-၁-၂၀၁၅

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်၌ CNA သတင်းဌာနအား လက်ခံ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သော သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြား ခဲ့သည်များကို CNA သတင်းဌာနမှ ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်နုတ်၍ ထုတ်လွှင့် သွားခဲ့ပါသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပတ်သက်၍ ဖြေကြားချက် အပြည့်အစုံအား အောက်ပါအတိုင်း ဖော်ပြအပ် ပါသည်-

CNA ။ ။ တည်ငြိမ်ရေးနှင့် ပတ်သက်ပြီးတော့ မကြာခဏ ပြောခဲ့ပါတယ်၊ မြန်မာနိုင်ငံက တည်ငြိမ် အေးချမ်းဖို့ အတွက် ဖေဖော်ဝါရီလ မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး သွားမယ်လို့ ကြားရပါတယ်၊ အဲဒါ ဖြစ်နိုင်ခြေ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဒါကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာလည်း တည်လိမ့်မယ်၊ သူတို့ တကယ် ငြိမ်းချမ်းရေး လိုချင်သလား၊ သူတို့ တကယ် ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ ငြိမ်းချမ်းရေး မရစရာ အကြောင်း မရှိဘူး၊ ကျွန်တော်တို့ သွားနေတာ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနေတာ၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းဟာ တရား ဥပဒေနှင့် အညီ အေးအေးချမ်းချမ်း သွားရမယ့် ကိစ္စဖြစ်တယ်၊ ဒါကလည်း ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်း ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ ကလည်း သူတို့ကို နေရာပေး ပြီးတော့ ဒီလမ်းကြောင်းပေါ် ရောက်အောင် ခေါ်နေတယ်၊ ကျွန်တော်တို့ အနေနဲ့လည်း လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ထဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ဖို့ ကြိုးစား ခဲ့တယ်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် မရခဲ့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တချို့နေရာ တွေမှာ မဖြစ်နိုင်တဲ့ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ရှိတဲ့ အတွက်ကြောင့် ဒါတွေပြန်ပြီး ညှိနှိုင်း နေရတာ ရှိတယ်၊ တကယ်လို့ သာ ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ တကယ် သူတို့ သွားချင်တဲ့ ဆန္ဒရှိတယ်၊ တိုင်းပြည် ပေါ်မှာလည်း စည်းစည်းလုံးလုံး နဲ့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် သူတို့ ရွေးစရာ ဒီလမ်းကြောင်း ဆိုတာ သူတို့ သိပါတယ်၊ ဒါကြောင့် ကျွန်တော့် အနေနဲ့က သူတို့ တကယ်လို့သာ ဒီလမ်းကြောင်း ပေါ်မှာ လာမယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ အမြဲတမ်း အားလုံး ကြိုဆို နေပါမယ်၊ အဓိက ကတော့ ဒီမိုကရေစီစနစ် အပေါ်မှာ သူတို့ လက်ခံပြီးတော့မှ တကယ်ကို သူတို့ စိတ်ဆန္ဒ နဲ့ လုပ်ဆောင်ဖို့ လိုပါတယ်၊ အခွင့်အရေး တစ်ရပ်အနေနဲ့ လုပ်ဆောင်မယ် ဆိုရင် တချို့ဟာ တွေမှာ ဥပဒေနှင့် မညီရင် ကျွန်တော်တို့ လုပ်လို့ မရဘူး၊ ဥပဒေနဲ့ပဲ သွားရမှာ ဖြစ်ပါတယ်၊ ကျွန်တော့် အနေနဲ့ ကတော့ တကယ် မျှော်လင့် ထားတယ်၊ ကျွန်တော် အမျှော်လင့် ဆုံးက အဲဒါပဲ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည် နဲ့ ပတ်သက်လာရင် အကောင်းဘက် ကိုပဲ အများကြီး သွားချင် ပါတယ်၊ အငြင်းပွား နေလို့ မဖြစ်ပါဘူး၊ အငြင်းပွား နေတာ တိုင်းပြည်ရဲ့ တိုးတက်မှုကို အများကြီး အနှောင့်အယှက်ပေးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အားလုံးကို တူညီတဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်း ပြီးတော့မှ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ သွားဖို့က အဓိက ကျပါတယ်။

CNA ။ ။ လက်နက်ကိုင် တပ်ဖွဲ့တွေက တပ်မတော်က ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက်ကို အနှောင့်အယှက် သဘောမျိုး ဖြစ်စေတဲ့ ပစ်ခတ်မှု မကြာခဏ ဖြစ်တာကလည်း သူတို့ ဆွေးနွေးရေးကို အများကြီး အနှောင့်အယှက် ပိုဖြစ် စေပါတယ်၊ ရှေ့ဆက်ပြီး ခြေလှမ်း တစ်လှမ်းတိုးဖို့ နောက်ကို သုံးလှမ်း ပြန်ဆုတ် နေသလို ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ ။ ကျွန်တော် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘက်က မူဝါဒ ခြောက်ချက် ပေးထားတယ်၊ နံပါတ် ၁ အချက် အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ် ရှိရမည်။ သဘော တူညီထားမှု အပေါ် အမြတ် မထုတ်ရဘူး။ ပြည်သူလူထု အပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ နောက် ထုတ်ပြန်ထားတဲ့ တရားဥပဒေ တွေကို လိုက်နာဖို့ လိုတယ်။ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်ကို လက်ခံပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လျှောက်လှမ်း နေတဲ့ လမ်းကြောင်း ပေါ်ကို လိုက်ပါဖို့ ပြောထားတာ ရှိပါတယ်။ ဒီ သဘောတူ ထားတဲ့ ကတိကဝတ် တွေကို လိုက်နာဖို့ ဆိုတဲ့ နေရာမှာ ဒါတွေမျိုးစုံ ချိုးဖောက်လာတာ တွေ့ရတယ်။ 

ပြန်ကြည့်မယ် ဆိုရင် ပစ်ခတ်မှု ရှိတဲ့နေရာတွေ ရှိသလို ပစ်ခတ်မှု မရှိတဲ့ နေရာတွေ ရှိတယ်၊ ပစ်ခတ်မှု မရှိတဲ့ နေရာတွေက ဘာကြောင့် မဖြစ်လဲ ဆိုတော့ သူတို့ သဘော တူညီချက် တွေပေါ် မှာ အလေးထားတဲ့ အတွက်ကြောင့် ပြဿနာ မရှိဘူး၊ ပစ်ခတ်မှုရှိတဲ့ နေရာတွေကျတော့ သဘော တူညီမှုတွေ အပေါ် အလေးထားပြီး လိုက်နာမှု မရှိတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဥပမာအားဖြင့် တချို့ နယ်မြေတွေမှာ ဝင်ပြီးတော့မှ ပြည်သူလူထု နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေး ယူတဲ့ အဖွဲ့အစည်း တွေကို နှောင့်ယှက်တာ တွေ လုပ်တာတွေ ရှိတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ကာကွယ်ရမှာ ဖြစ်တယ်။ မကာကွယ်လို့ မရဘူး။ အဲတော့ ပစ်ခတ်မှုတွေ ဖြစ်တဲ့ နေရာကို ကြည့်မယ်ဆိုရင် သူတို့ ဌာနချုပ်တွေမှာ တစ်ခုမှ မရှိဘူး။ ကျွန်တော်တို့ သူတို့ ဌာနချုပ် မှာ ဘာတစ်ခုမှ သွားမလုပ်ဘူး။ အတွင်းထဲမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပေါ်မှာ၊ ဒါမှမဟုတ် အုပ်ချုပ်မှု အလှမ်းဝေးတဲ့ နေရာမှာ ဖြစ်နေတာကို ခင်ဗျား သတိပြုမိ လိမ့်မယ်။ ဒါကြောင့် သူတို့တွေနဲ့ ဒီဟာတွေ ပေါ်မှာ အလေးထား ဆောင်ရွက်မယ် ဆိုရင် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး နိုင်ဖို့ တစ်လှမ်း မဟုတ်ဘူး နှစ်လှမ်း မဟုတ်ဘူး သုံးလှမ်း မဟုတ်ဘူး အများကြီး ခုန်ကျော်ပြီး လှမ်းလို့ ရတယ်။

CNA ။ ။ သူတို့ ပြောတာကတော့ သူတို့ဘက်က ဒီ သဘောတူညီချက် ကို အလေးထား ပါတယ် ၊ တပ်မတော် ဘက်ကသာ အလေးမထား တာပါ၊ တပ်မတော်ဘက် ကသာ သူတို့ရဲ့ ပိုင်နက်ထဲကို ဝင်ရောက်လို့ ဖြစ်ရတာ ပါတဲ့။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဒါ သူတို့ ပြောတာပဲ။ အဲတော့ ပစ်ခတ်မှု မဖြစ်တဲ့ နယ်မြေတွေ အများကြီး ရှိတယ်။ အဲတော့ သူတို့ ဘာမှ အသံမထွက် ပါဘူး။ ဘာမှ မပြောဘူး။ သူတို့လည်း ငြိမ်းချမ်းရေး သွားဖို့ အတွက် သူတို့ အားသန် နေကြတယ်။ တစ်နေ့ကမှ ကျွန်တော်နဲ့ တွေ့ပါတယ်၊ တွေ့တဲ့ အချိန်မှာလည်း သူတို့တွေ အနေနဲ့ ငြိမ်းချမ်းရေး တကယ် လိုချင်တဲ့ အကြောင်းကိုပဲ သူတို့ပြောတယ်၊ ကျွန်တော် ဆိုလို့ ရှိရင်လည်း အကြိမ်ကြိမ် အခါခါပေါ့၊ သူတို့ကိုလည်း တိုက်ရိုက်ပြော တာ ရှိတယ်။ တချို့နေရာ တွေမှာ ကျွန်တော်က သူတို့သိအောင် ပြောတာလည်း ရှိတယ်။ တကယ့် ကျွန်တော်တို့ရဲ့ စိတ်အမှန်ကတော့ တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ ကျွန်တော်တို့ လိုချင်တယ်။ ဒါ ကျွန်တော်တို့ရဲ့စိတ်အမှန်ပဲ။

CNA ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ထိုးနိုင်ဖို့ ဘယ်လို မြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ ကျွန်တော့်ဘက်ကတော့ ထိုးနိုင်မယ်လို့ မျှော်လင့်ထား တယ်။ သို့သော် သူတို့ဘက်က အခြေအနေ ပေါ်လည်း အများကြီး တည်လိမ့်မယ်။ သူတို့ဘက်က ကျွန်တော်တို့ ဘက်နဲ့ ညှိနှိုင်း ပြီးတော့မှ ရတဲ့ အချက်တွေဟာ ခိုင်ခိုင်မာမာ ဖြစ်လာပြီဆိုရင် သူတို့လည်း ဒီလမ်းကြောင်း ပေါ်မှာ ပါလာမှာပါ။

CNA ။ ။ ဆက်မေးမှာတော့ ဒီလမ်းကြောင်း မတိုင်ခင်မှာ ပင်စင် ယူမှာလား ၊ ဒါမှမဟုတ် ဒီလို အခြေအနေတွေ ပြီးအောင် ဆောင်ရွက်ပြီးမှ ယူမှာလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ ကျွန်တော်တို့ စစ်မှုထမ်း ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အသက် ၆၀ ပြည့်ရင် အငြိမ်းစား ယူပါတယ်။ အဲတော့ ကျွန်တော် အသက် ၆ဝ မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ် မပြီးဘူး ဆိုတာတော့ အခြေအနေ အများကြီး အပေါ် မူတည်နေတယ်၊ ကျွန်တော် ပင်စင်မယူခင် Cease fire လက်မှတ် မထိုးရသေးလို့ ကျွန်တော် ပင်စင်မယူဘူး လို့ သွားလုပ်လို့ မရဘူး၊ ဥပဒေ အတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းပဲ သွားရမယ်။ ကျွန်တော် အသက် ၆ဝ မပြည့်ခင် ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အသက် ၆ဝ ပြည့်သွားလို့ မဖြစ်ရင်လည်း တာဝန်ရှိတဲ့သူ ဆက်လုပ် လိမ့်မယ်။ ကျွန်တော်လည်း လုပ်နိုင်တဲ့ ကဏ္ဍကနေ ဝိုင်းကူ ပေးမှာပေါ့။ ကျွန်တော့် အနေနဲ့ ကတော့ ကျွန်တော်ရှိတဲ့ အချိန်မှာ ဖြစ်ချင်တာပေါ့။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger