www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 27, 2015

မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ ပပျောက်ရေး


မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ ပပျောက်ရေး

ကျန်းမာရေး ဝန်ကြီးဌာန သည် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယ ကင်းရှင်းရေး ဟူသည့် ရည်မှန်းချက် နှစ်ရပ်ကို ချမှတ်ထားပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ အန္တရာယ်မှ ကင်းဝေးစေရန် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

ကာကွယ်ဆေးထိုး အစီအစဉ်တွင် မွေးစမှ အသက်တစ်နှစ်ခွဲ အရွယ် ကလေးငယ် များကို ဘီစီဂျီတီဘီ ရောဂါ ကာကွယ်ဆေး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ အဆုတ် အမြှေးရောင်၊ ဦးနှောက်ရောင် ကာကွယ်ဆေး ငါးမျိုး ပါဝင်သော Pentavalent ကာကွယ်ဆေး၊ ပိုလီယို အကြောသေ ရောဂါ ကာကွယ်ဆေးနှင့် ဝက်သက်ရောဂါ ကာကွယ်ဆေး တို့ကို အချိန် အပိုင်းအခြား အလိုက် ထိုးနှံပေးလျက် ရှိသည်။ အဆိုပါ ရောဂါ ကာကွယ်ဆေး များထဲမှ မေးခိုင် ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် မိခင်များတွင် နှစ်ကြိမ် ထိုးနှံပေးရမည် ဖြစ်သည်။

မေးခိုင် ရောဂါသည် Clostridium Tetani ဗက်တီးရီးယားပိုးမှ ထွက်လာသော အဆိပ်များကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ ၄င်း ရောဂါပိုးသည် ညစ်ညမ်းသော ပတ်ဝန်းကျင်၊ မြေကြီး၊ ပြာ၊ တိရစ္ဆာန် အညစ်အကြေး နှင့် မသန့်ရှင်းသော ပစ္စည်း ကိရိယာများတွင် တွေ့ရှိရပြီး ထိခိုက် ဒဏ်ရာရရှိ၍ စုတ်ပြဲနေသော အရေပြားမှ တစ်ဆင့် ဗက်တီးရီးယားပိုး ဝင်ရောက်ပြီး ရောဂါ ကူးစက်ခြင်း ဖြစ်သည်။

မွေးကင်းစ ကလေးငယ် များတွင် မွေးဖွားပြီးချိန် ချက်ကြိုး ဖြတ်သောအခါ အခန့်မသင့် ပါက ဒဏ်ရာ ဖြစ်စေပြီး ရောဂါပိုး ဝင်ရောက် နိုင်သည်။ မွေးဖွားစဉ် သန့်ရှင်းမှု မရှိခြင်း၊ ကျန်းမာရေး ဌာနများသို့ လက်လှမ်း မမီခြင်း သည်လည်း ရောဂါကူးစက် ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ပိုမိုကြီးမား စေသည်။

မွေးကင်းစ ကလေးသည် ပထမနှစ်ရက် အတွင်း ကောင်းစွာ နို့စို့နိုင်၊ ငိုနိုင် သော်လည်း သုံးရက်မှ ၂၈ ရက် အတွင်း နို့မစို့ နိုင်ခြင်း၊ တက်ခြင်း၊ တောင့်တင်းခြင်း ဖြစ်လာပါက မွေးကင်းစ ကလေး မေးခိုင်ရောဂါ ဟု သံသယ ရှိနိုင်သည်။ ပိုးသန့်စင် မထားသော ကိရိယာများဖြင့် ချက်ကြိုး ဖြတ်လျှင် မေးခိုင်ရောဂါ ပိုး ဝင်ရောက် နိုင်သည်။

မိခင်နှင့် မွေးကင်းစ ကလေး မေးခိုင်ရောဂါ သည် ပြည်သူ့ ကျန်းမာရေး ပြဿနာဟု မခေါ်ဆို နိုင်ရန်အတွက် မြို့နယ်တိုင်း မြို့နယ်တိုင်း တွင် အရှင်မွေး ကလေး အယောက် ၁ဝဝဝ လျှင် မွေးကင်းစ မေးခိုင်ရောဂါ ဖြစ်ပွားမှုသည် တစ်ဦးထက် နည်းသော ဖြစ်ပွားနှုန်းသာ ရှိရပေမည်။

သို့ဖြစ်ရာ မိခင် မေးခိုင်ရောဂါ ကင်းစင် ပပျောက် နေခြင်းသည် မွေးကင်းစ ကလေး မေးခိုင်ရောဂါ ကင်းစင် ပပျောက်ရန် အတွက် အကြောင်း တစ်ရပ် ဖြစ်သောကြောင့် မိခင်များ မေးခိုင်ရောဂါ ကာကွယ်ဆေး မထိုးထားလျှင် မိခင်နှင့် မွေးကင်းစ ကလေးပါ မေးခိုင်ရောဂါ ရရှိနိုင်သော ကြီးမား သည့် အန္တရာယ် တစ်ခု ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger