www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 5, 2015

မြန်မာပြည်သူအပေါင်း တို့၏ နှစ်ဦးမင်္ဂလာ မုဒိတာ


မြန်မာပြည်သူအပေါင်း တို့၏ နှစ်ဦးမင်္ဂလာ မုဒိတာ

(၃၈)ဖြာ မင်္ဂလာ တရားတော်၌ အသေဝနာစ ဗာလနံ၊ ပဏ္ဍိတနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ဟူသော ပါဠိတော်အရ လူမိုက်တို့ကို ရှောင်ကြဉ်၍ ပညာရှိ လူလိမ္မာတို့အား မှီဝဲပေါင်းသင်း ရခြင်းနှင့်
ပူဇော်ထိုက်သော သူကို ပူဇော်ရခြင်း တို့သည် လူ့အဖွဲ့အစည်း အတွက် မင်္ဂလာတရားနှင့် ပြည့်စုံစေသော ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ချမှတ်ခဲ့သည်။ စီမံချက်ပါ လုပ်ငန်းစဉ် များမှာ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ခြင်း၊ မသန်စွမ်း သူများအား ထောက်ပံ့ပေးခြင်း၊ အသက်သုံးနှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ် များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ အတွက် လူမှုရေး ပင်စင် ပေးအပ်ခြင်း၊ ကျောင်းတွင် အာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူ အလုပ်အကိုင် ရရှိရေးနှင့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ပေးခြင်း၊ အသက်ကြီး သူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များအား ထောက်ပံ့ ကူညီခြင်း၊ ဘက်စုံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၆၇)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲ အထိမ်းအမှတ် အဖြစ်
ပြည်ထောင်စုကြီး အတွင်းမှ အသက် ၁ဝဝ နှစ်နှင့်အထက် အဘိုး ၁၆၉ ဦးနှင့် အဘွား ၄ဝဝ ဦးတို့အား နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များ အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။ နောင်နှစ်များ တွင်လည်း အသက် ၁ဝဝ ပြည့်မြောက် သူများအား ဆက်လက် ပံ့ပိုးထောက်ပံ့ ပေးအပ် သွားမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြောင်းလဲလာသော ခေတ်သစ် စနစ်သစ် တို့နှင့်အညီ ၂ဝ၁၂ ခုနှစ် ဇွန်လက ကျင်းပခဲ့သော လူမှုကာကွယ် စောင့်ရှောက်ရေး ညီလာခံ၌ အားလုံး ပါဝင်သော လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်တစ်ရပ် ပေါ်ထွက် လာရေးကို လမ်းညွှန် ခဲ့သည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှ နေပြည်တော် သဘောတူညီချက် အရ ထွက်ပေါ်လာသော လုပ်ငန်းအဖွဲ့များ အနက် လူမှုကာကွယ် စောင့်ရှောက်ရေး နှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့ ပါဝင်ခဲ့သည်။ ထို့ကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှင့် ဆက်စပ်လျက် ရှိသော ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

အခွင့်ကြုံ၍ လူ့ဘုံခန်းဝါသို့ အလည် လာခိုက်ဝယ် ဤရွာဤမြေ မြန်မာ့မြေမှ ဆွေမျိုးသားချင်း များပင် ဖြစ်ရကား (၃၈)ဖြာ မင်္ဂလာ တရားတော်လာ ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာတရား နှင့်အညီ အဘိုးအဘွား တို့အား ဂါရဝတရား နှင့် ထောက်ပံ့ချီးမြှင့် ခြင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ၂ဝ၁၅ ခုနှစ်အတွက် နှစ်ဦး မင်္ဂလာအဖြစ် မြန်မာပြည်သူ များကိုယ်စား မြဝတီက အလေးအမြတ် ထားကာ မုဒိတာပွားများ အပ်ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger