www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 1, 2014

WHO က မြန်မာနိုင်ငံကို ပိုလီယိုရောဂါ ကင်းစင်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု



ရန်ကုန် ၊ ၁-၁၂-၂၀၁၄

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO ) မှ ထုတ်ပြန် ကြေညာ လိုက်သော အာရှဒေသရှိ ပိုလီယိုရောဂါ ကင်းစင်သော နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်ပြီး အသက်အန္တရာယ် အထိ ကြုံတွေ့ နိုင်သော ပိုလီယို ရောဂါပိုးကို နှိမ်နင်းရာတွင် အောင်မြင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ်ပြု ခံခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့( WHO ) မှ ပိုလီယိုရောဂါ ကင်းစင်ကြောင်း ကြေညာခဲ့သော နိုင်ငံများ ထဲတွင် မြန်မာနိုင်ငံနှင့် အတူ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမော၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန် နှင့် တောင်ကိုရီးယား နိုင်ငံတို့ ပါဝင်ကြပြီး အဆိုပါ နိုင်ငံများ၌ ပိုလီယိုရောဂါကို တားဆီးကာကွယ် ရာတွင် ရာနှုန်းပြည့် နီးပါး အောင်မြင် ခဲ့ကြောင်း မှတ်တမ်းတင် ခဲ့သည်။

ကမ္ဘာပေါ်တွင် နိုက်ဂျီးရီးယား၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန် စသည့်နိုင်ငံ များတွင် ယခုအချိန် အထိ ပိုလီယိုရောဂါ မဖြစ်ပွားအောင် ကာကွယ် နေရဆဲ ဖြစ်သော်လည်း ကမ္ဘာ့ဒေသ အားလုံး၏ ၈ဝ ရာခိုင်နှုန်း ခန့်သည် ပိုလီယိုရောဂါပိုး ကင်းစင်သွားပြီ ဖြစ်ကြောင်း WHO ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။ ထိုကဲ့သို့ ပိုလီယိုရောဂါ တိုက်ဖျက် ရာတွင် အောင်မြင်မှုများ ရရှိသော်လည်း ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့နေရာ ဒေသတိုင်း ၌ ပိုလီယိုရောဂါ ကင်းစင် ပပျောက်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ရန် အရေးကြီးသော စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ကျန်ရှိ နေသေးသည့် အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ မှ တိုက်တွန်း ထားသည်။

ပိုလီယိုရောဂါ သည် အသက် ငါးနှစ်အောက် ကလေးများတွင် အဖြစ်များပြီး ယင်း ဗိုင်းရပ်စ်ပိုး သည် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေ တို့ကို စားသုံးမိရာမှ အစာအိမ် အူလမ်းကြောင်း ထဲတွင် ရောဂါပိုးများ ဝင်ရောက် ပွားများလာကာ ထိုမှတစ်ဆင့် အာရုံကြော များကို ဖျက်ဆီး ပစ်သောကြောင့် ကြွက်သားများ အားနည်းလာပြီး အကြောသေ ရောဂါ ဖြစ်ပွားလာခြင်း ဖြစ်သည်။ ပိုလီယို ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးနှင့် ကုထုံးများ မပေါ်သေး သော်လည်း ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖြင့် ကြိုတင် ကာကွယ်နိုင်ပြီး မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးစီး၍ ကလေးသူငယ် များအား ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း များကို နှစ်စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger