ရန်ကုန် ၊ ၁၈-၁၂-၂၀၁၄
ယခု ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ် အထိ ပင်လယ် ရေကြောင်း ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၄၅၄၈ ဒသမ ၂၄ သန်း (၁၄ ဘီလီယံကျော်) ရရှိလာပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၏ ပို့ကုန် သွင်းကုန် စာရင်းဇယားများ အရ သိရသည်။
နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာ ၅ ရက် စာရင်းများအရ ပင်လယ် ရေကြောင်းမှ သွင်းကုန်တန်ဖိုး ၉၅၅၉ ဒသမ ဝ၁၈ (၉ ဘီလီယံခွဲ) ခန့်ရှိ ကုန်စည်များ တင်သွင်းခဲ့ပြီး ပို့ကုန် စုစုပေါင်းမှာ ၄၉၈၉ ဒသမ ၂၂၂ သန်းရှိခဲ့ကြောင်း၊ စုစုပေါင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှု ၁၄ ဘီလီယံကျော် ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ယခုနှစ်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၈၅၉ ဒသမ ၉၁၇ သန်းကျော် ပိုမို ကုန်သွယ် ထားကြောင်း သိရသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက် များအရ ယခုနှစ်၏ ကုန်သွယ်ရေး လျာထားချက်သည် အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၇ ဘီလီယံ ကုန်သွယ် နိုင်မည်ဟု ထုတ်ပြန် ထားပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လျာထားချက် ထက် ကျော်လွန်ကာ စုစုပေါင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃ဝ ဘီလီယံ ခန့် ကုန်သွယ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် ပင်လယ် ရေကြောင်းမှ ကုန်သွယ်မှု စုစုပေါင်းသည် တစ်လလျှင် ၂ ဘီလီယံခန့် ကုန်သွယ်မှု ရှိနေခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းဌာန အနေဖြင့် ကုန်သွယ်မှု ပမာဏများ တိုးတက်လာရန် တရားမဝင် ကုန်သွယ်နေသည့် ကုန်သွယ်မှု လမ်းကြောင်း များကို Mobile Team များဖြင့် စစ်ဆေး ဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ နှင့်
လေဆိပ် တို့၌ တရားမဝင် ကုန်သွယ်မှု စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အစီအမံ များကြောင့် ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှု ပမာဏ သိသာစွာ တိုးတက်ခဲ့ပြီး လျာထားချက် ကုန်သွယ်မှု ပမာဏ ၂၅ ဘီလီယံ တွင် ၂၄ ဘီလီယံကျော် ကုန်သွယ် နိုင်ခဲ့ကာ ယခုနှစ် တွင်လည်း တရားမဝင် ကုန်သွယ်မှု များအား လမ်းကြောင်းမှန် ပေါ် ရောက်ရှိ လာခြင်းဖြင့် ကုန်သွယ်မှု ပမာဏ တိုးမြင့်လာရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ ပို့ကုန်တွင် သဘာဝဓာတ်ငွေ့၊ လယ်ယာ ထွက်ကုန်၊ ရေထွက်ကုန် ပစ္စည်း၊ သစ်တောနှင့် သစ်တောထွက် ပစ္စည်းများ တင်ပို့ခဲ့ပြီး သွင်းကုန်များ အနေဖြင့် လူသုံးကုန် ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်း ပစ္စည်းနှင့် လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများကို တင်သွင်း ခဲ့ကြောင်း သိရသည်။
အေဒီမိုး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment