www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 22, 2014

တောင်ကိုရီးယား နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ ဒီရေတောများ စိုက်ပျိုးသွားမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

တောင်ကိုရီးယား နိုင်ငံ ကြက်ခြေနီ အသင်းမှ အဖွဲ့ဝင်များသည် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နှင့် ပူးပေါင်းကာ လူထု အခြေပြု လုပ်ငန်းများ ဖြစ်သည့် လူမှု ကရုဏာ လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင် က ပြောသည်။

မြစ်ချောင်းများ အတွင်း ပေါက်ရောက်သည့် ဒီရေတောများ ပြုန်းတီး လာခြင်းကြောင့် မြစ်ချောင်းများမှာ သဘာဝနှင့် ကိုက်ညီခြင်း မရှိတော့ဘဲ ရေသယံဇာတ များရှားပါး လာခြင်း၊ ရေပေါ် ရေအောက်သယံဇာတများ ပျက်စီးဆုံးရှုံးလာခြင်း နှင့် ကမ်းပါးပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များနှင့် ကြုံတွေ့ လာရခြင်း ဖြစ်သည်။

ထို့ကြောင့် မြစ်ချောင်း ကမ်းပါးများကို သဘာဝနှင့် လိုက်လျော ညီထွေမှု ရှိလာစေ ရန် နှင့် ရေပေါ် ရေအောက် သယံဇာတများ ပြန်လည် ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူများက ဒီရေတော များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်း နှင့် ဒီရေတော ခုတ်လှဲ သူများအား အရေးယူခြင်းများ ပြုလုပ်၍ ဒီရေတော ပြုန်းတီးမည့် အရေးကို ကာကွယ် စောင့်ရှောက်လျက် ရှိသည်။

''မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဒီရေတော တွေကို ကာကွယ် စောင့်ရှောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ ဒီရေတော စိုက်ပျိုးရေး လုပ်ငန်းတွေ ကိုလည်း လုပ်ကိုင် နေပါတယ်။ အခု ရခိုင်ပြည်နယ် ဘက်မှာ ဒီရေတော စိုက်ပျိုးရေး လုပ်ငန်းတွေ ကို လုပ်ကိုင် နေပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ် တွေမှာ ဒီရေတော တွေကို စိုက်ပျိုး နေပါတယ်။ အခြားဒေသ တွေမှာလည်း စိုက်ပျိုးဖို့ စီစဉ် နေပါတယ် ... '' ဟု ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင် က ပြောသည်။

လာမည့်လ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် တောင်ကိုရီးယား နိုင်ငံမှ ကြက်ခြေနီ အသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ လူထုအခြေပြု လုပ်ငန်းများ လုပ်ကိုင်ရာတွင် အဓိက အနေဖြင့် ဒီရေတော များ စိုက်ပျိုးခြင်းကို ဦးစားပေး လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်က ဒီမှာ ဒီရေတောတွေ အရမ်းပေါတယ်။ အခုနောက်ပိုင်း မှာတော့ တော်တော်လေး ပျောက်ကုန်ပြီ။ လူတွေ ခုတ်လှဲတာ တွေ ပါသလို ဒီရေတော တွေကို ပြန်ပြီး မထိန်းသိမ်း နိုင်တာလည်း ပါတာပေါ့။ အခု နောက်ပိုင်းတော့ ဒီရေတော တွေကို ပြန်ပြီး ထိန်းသိမ်း နေပါပြီ။ အခုလို ဒီရေတောတွေ ပြန်ပြီး စိုက်ပျိုး လာတော့ တော်တော် ကောင်းပါတယ် ... '' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း ကပြောသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger