www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

မြန်မာမှုနယ်ပယ် ၏ လောကပါလတရားများ လိုက်နာ


မြန်မာမှုနယ်ပယ် ၏ လောကပါလတရားများ လိုက်နာ

လူငယ် လူလတ် လူကြီး ဟူသည့် ဘ၀သက်တမ်း၏ ကန့်သတ် အရွယ်သုံးပါးတွင် လူလတ် အရွယ် အလယ်လူများက လူငယ်နှင့် လူကြီးများကို တာဝန်ယူပေး ကြရသည်မှာ လူ့နယ်ပယ်၏ ကျင့်ဝတ် တစ်နည်းအားဖြင့် ကြွေးသစ်ချခြင်း ၊ ကြွေးဟောင်းဆပ်ခြင်း ဟူသည့် ဗုဒ္ဓ အဆုံးအမ ဒေသနာတော် မှ လောကပါလ တရားနှစ်ပါး ဖြစ်သည်။

ပထမအရွယ် ကလေးသူငယ် များကို စနစ်တကျ ပြုစုပျိုးထောင်ရာ မူကြိုနှင့် နေ့ကလေးထိန်း ဌာနများကို စံနှုန်းများနှင့် အညီ စနစ်တကျ ကြီးကြပ်နိုင်ရန် နည်းပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ အကူအညီများ ပေးနိုင်ရန် ကလေး သူငယ်များ ၊ မိဘမဲ့ ကလေးများနှင့် ကျဆုံး တပ်မတော်သား များ၏ ကလေးများကို နိုင်ငံတော်က ကြည့်ရှု စောင့်ရှောက်ရန် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိသည်မှာ မင်္ဂလာ တစ်ပါး ဖြစ်သည်။

တစ်ဆက်တည်း မှာပင် မိသားစု ၀တ္တရားအပြင် နိုင်ငံ့တာဝန် ကိုပါ စွမ်းစွမ်းတမံ ကျေပွန်ခဲ့ ကြသည့် သက်ကြီးရွယ်အို နိုင်ငံသား များကိုလည်း သက်ကြီးရွယ်အို အခွင့်အရေး ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်း၍ စောင့်ရှောက်ရန် ဆောင်ရွက်လျက် ရှိသည်မှာလည်း မင်္ဂလာတစ်ပါး ပင် ဖြစ်သည်။

ကြီးသူကို ရိုသေ ၊ ရွယ်တူကို လေးစား ၊ ငယ်သူကို သနား ဆိုသည့် ဂါဝရတရား သည် မြန်မာ့ လူ့အဖွဲ့အစည်း ၏ စံတစ်ရပ် ဖြစ်သည်။ အနာဂတ် မျိုးဆက်သစ် လေးများကို ပြုစုပျိုးထောင် ပေးမှု ၊ မိအိုဖအို လူကြီး သူမများအား ဖေးမ ကူညီ စောင့်ရှောက် ပေးမှုများသည် မြန်မာ့ ထုံးဓလေ့ အစဉ်အလာ ကောင်းတစ်ရပ် ဖြစ်သကဲ့သို့ မြန်မာမှု နယ်ပယ်၏ ဘာသာရေး နွယ်သော ကျင့်ဝတ်များလည်း ဖြစ်သည်။

သားသမီး နှင့် မိဘ ၊ ဆရာ နှင့် တပည့် ၊ အကြီးအမှူး နှင့် လက်အောက် ငယ်သားများ ၊ မိတ်ဆွေ အချင်းချင်းကြား ကျင့်ဝတ်များသည် မြန်မာလူမျိုး တို့၏ သိက္ခာတစ်ရပ် ဖြစ်သည့် အတွက် သားစဉ် မြေးဆက် မပျက်မကွက် စောင့်ထိန်းရန် လိုသည်။

မကောင်းမြစ်ထာ ၊ ကောင်းရာညွှတ်လတ် ဟူသော မိဘတို့၏ ၀တ္တရား ၊ အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ ဟူသော ဆရာ့ ၀တ္တရားများ နှင့် မိဘဆရာ တို့က ၀တ္တရားကျေ၍ လူငယ်များကို လူလားမြောက် စေခဲ့သည်။

မိဘဆရာများ သက်ရွယ်ကြီးရင့် ချိန်တွင်လည်း ကျွေးမွေးမပျက် ဆောင်ရွက်စီမံ ဟူသော သားသမီးကျင့်ဝတ် နှင့်အညီ ပျက်ယွင်းမှု မရှိစေဘဲ အာစရိယ ပူဇော်ပွဲ ၊ သက်ကြီး ပူဇော်ပွဲ တို့ ကျင်းပနေသည်ကို တွေ့ရ၍ ၀မ်းသာ ကြည့်နူး မိသည်။

တုံ့ပြန်မေတ္တာ ဟူသည် စည်းကမ်း ဥပဒေများနှင့် ဘောင်ခတ်၍ ရသောအရာ မဟုတ်ပေ။ ဦးနှာက်တွင် စွဲမြဲတည်ရှိ နေသည့် နှလုံးသား ကျင့်ဝတ်၏ တန်ပြန် သက်ရောက်မှု တစ်ခုသာလျှင် ဖြစ်သည်။ သို့သော် ခေတ်ရေစီးကြောင်း အရ အားနည်းချက်များ အလေးအနက် မထားမှု များကိုလည်း တွေ့ရရာ အချိန်မီ ပြုပြင်ရန်လည်း လိုသည်။

သို့ဖြစ်ရာ သက်ကြီးရွယ်အို များအပေါ် ထားရှိသော ဂါရ၀တရား နှင့် မြန်မာမှု နယ်ပယ်၏ လောကပါလ ကျင့်ဝတ်များကို သိက္ခာတစ်ရပ် အနေဖြင့် အမျိုးသားရေး အမြင် ၊ ဘာသာရေး အမြင် ဖြင့် အလေးအနက် ထား၍ လိုက်နာ စောင့်ထိန်း သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger