ရန်ကုန် ၊ ၁၈-၁၂-၂၀၁၄
မြန်မာ့မီးရထားမှ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးထားသော ရထားခရီးစဉ် နှစ်ခုကို စတင်ပြေးဆွဲ နိုင်ရန် စီစဉ်နေကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးထားသော ခရီးစဉ်များသည် ပုဂံ - ကျောက်ပန်းတောင်း နှင့် မန္တလေး - မြစ်ကြီးနား ခရီးစဉ်များ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ မီးရထား လုပ်ငန်းရှိ ကဏ္ဍများကို ပုဂ္ဂလိကမှ လုပ်ကိုင် လိုပါက ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ တင်ပြနိုင်ပြီး အဆင်ပြေ ကိုက်ညီမှု ရှိပါက အကျိုးတူ ပူးပေါင်းမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် ဘူတာကြီး အပါအဝင် မြန်မာ့မီးရထား လုပ်ငန်းများကို ပုဂ္ဂလိက သို့ လွှဲပြောင်းခြင်းနှင့် အကျိုးတူ ပူးပေါင်းမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ နိုင်ငံတကာ ၌လည်း အများပြည်သူ ပို့ဆောင်ရေး
လုပ်ငန်းများတွင် အရှုံးပေါ်လေ့ ရှိရာ မြန်မာနိုင်ငံ သည်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း၊ ယင်းအတွက် လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားများ၌ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခွင့် ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ လုပ်ကိုင်ခွင့်ပြု ခဲ့သည့်အပြင် အနာဂတ် ရထားပြေးဆွဲမှု များကိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း နှင့် ပူးပေါင်းခြင်းများ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထား လုပ်ငန်း အနေဖြင့် ပြင်ဆင် မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင် လာခဲ့ပြီး ကိုယ်ပိုင် စက်ခေါင်း စက်ရုံနှင့် တွဲဆိုင်းများကို ထုတ်လုပ်နိုင်သည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
စိုးမိုး
#Themyawdydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment