www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 4, 2014

အလုပ်အောင်မြင်မှု


အလုပ်အောင်မြင်မှု

လူတို့အနေဖြင့် မည်သည့် အလုပ်ကို လုပ်သည်ဖြစ်စေ ခွန်အားရှိရန် လိုသည်။ ခွန်အား အပြည့်ဖြင့် အားထုတ်ပါမှ လုပ်ငန်း အောင်မြင်နိုင်သည်။ ခွန်အား ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားဟု နှစ်မျိုးရှိသည်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အား အချိုးညီမျှစွာ လုပ်ကိုင် ဆောင်ရွက်မှသာ အပြည့်အဝ အောင်မြင်နိုင်မည် ဖြစ်သည်။

လုပ်ငန်း လုပ်ကိုင်ကြ ရာတွင် အချို့နေရာ များ၌ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အဓိက လိုအပ်ပြီး အချို့ နေရာများ၌ စိတ်ပိုင်းဆိုင်ရာ ခွန်အား အဓိက လိုအပ်လေ့ ရှိသည်။ သို့သော် ကိုယ်ရောစိတ်ပါ လုပ်ကိုင်ပါက ရုပ်ပိုင်းနှင့် စိတ်ပိုင်း တစ်သားတည်း ဖြစ်၍ လိုအပ်မှု အချိုးအစား ညီမျှကာ အောင်မြင်မှုကို ရယူနိုင်သည်။

ဥပမာအားဖြင့် လေးလံ ကြီးမားသော ကျောက်ဆောင် ကျောက်တုံးကို ရွှေ့ရာတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် စိတ်ပိုင်းဆိုင်ရာ ခွန်အားထက် အရေးကြီးသည်။ မည်မျှ စိတ်ဓာတ် ခွန်အား ကြံ့ခိုင်စေကာမူ အလွန် ကြီးမားသော ကျောက်တုံးကြီးကို ရွှေ့ရန် မဖြစ်နိုင်ပေ။ သို့သော် ပြင်းထန်သော စိတ်ဓာတ် ခွန်အားသည် ထို ကျောက်တုံးကြီးကို တစ်နည်း မဟုတ် တစ်နည်းဖြင့် ကြိုးစား၍ ဖယ်ရှားပစ် နိုင်အောင် စွမ်းဆောင် နိုင်သည်။

ထို့အတူ ဖြစ်ချင်သည်။ လုပ်ချင်သည်။ ဖြစ်အောင် ကြိုးစားမည်။ မဖြစ်မနေ လုပ်မည် ဟူသော ဆန္ဒ သဘောများ သည် စိတ်ပိုင်းဆိုင်ရာ ခွန်အားများ နှင့် သက်ဆိုင်သည်။ ကြီးပွားအောင် လုပ်မည်၊ ပညာ တတ်အောင် လုပ်မည် စသည်ဖြင့် ဆန္ဒပြု၍ လုပ်ကိုင်ကြ ရာတွင် ရုပ်ကို စိတ်က ဦးဆောင်နေ သည်။ ထို ဖြစ်ချင်သမျှ တို့ကို အကောင်အထည် ဖော်ရန် စိတ်ဓာတ်ခွန်အား ကို အသုံးပြု ကြရမည် ဖြစ်သည်။

လူတစ်ဦးနှင့် တစ်ဦး ဆန္ဒ တူသော်လည်း ခံယူချက်ခြင်း၊ အလေးအနက် ထားပုံခြင်း မတူညီကြပေ။ ဆရာဝန် ဖြစ်ချင်သော ဆန္ဒသည် လူအများစု၏ ဆန္ဒ ဖြစ်နိုင် သော်လည်း ''ဒီလို ခက်ခဲတဲ့ အလုပ်ကို ကျွန်မ လုပ်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်လုပ်နိုင်မယ် မထင်ပါဘူး .. ''ဟု အလုပ်မလုပ် မီကပင် အားလျှော့သူ များ၍ မဖြစ် ဖြစ်အောင် လုပ်မည်ဟူသော သူက နည်းသည်။ ထို့ကြောင့် ဆရာဝန် ဖြစ်သူ နည်းသည်။ ထူးချွန် အောင်မြင်သူ နည်းသည်။

ဤ ရည်မှန်းချက်ကို မရောက် ရောက်အောင် သွားမည့် အခက်အခဲ များကို ကျော်ဖြတ်မည် ဆိုသည့် ရဲရင့် ခိုင်မာသော စိတ်ဓာတ်၊ တိကျ ခိုင်မြဲသော စိတ်ဓာတ်တို့ကို မွေးမြူ လုပ်ကိုင်မှသာ အောင်မြင်မှုကို ရယူနိုင်သည်။ ထို စိတ်ဓာတ် ခွန်အားဖြစ်သည့် ကြံ့ခိုင်သောစိတ်ဓာတ်ကို ကိုယ်တိုင် မွေးမြူ၍ ရသည်။ သို့သော် လွယ်လွယ်နှင့် ရမည်ကား မဟုတ်ပေ။

သို့ဖြစ်ရာ မိမိတို့ လုပ်ကိုင်လိုသော မိမိတို့ ဖြစ်လိုသော ဘဝ ရည်မှန်းချက်များ အောင်မြင်စွာ ရယူနိုင်ရန်မှာ ကိုယ်ရော စိတ်ပါ ခွန်အား အပြည့်ဖြင့် အစဉ်ကြိုးပမ်း သွားကြရမည် ဖြစ်ပြီး ကြိုးစားမှု၏ ရလဒ်သည် အားထုတ်မှု၏ အတိုင်းအတာ အတိုင်း ပြန်လည် ရရှိမည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger