အဖေတူသမီး
မဒါလေး
လူတစ်ယောက် ၏ သွင်ပြင် လက္ခဏာသည် ထိုလူ၏ စိတ်နှင့်ပင် ဆိုင်သည်။ စိတ်ထား ကောင်းသောလူ၏ သွင်ပြင် လက္ခဏာကို ဘယ်ရှုထောင့် ဘယ်နေရာ ဘယ်သူပင် ကြည့်ကြည့် စိတ်ထား ကောင်းသည့်ပုံ ပေါ်နေမည်သာ ဖြစ်သည်။ ဟန်ဆောင် တတ်သောသူ၏ ပုံသည် မည်သို့ပင် အပေါ်ယံ ပျူငှာဖော်ရွေ နေသော်လည်း ဟန်ဆောင်သည့် သဘော ဆောင်နေမည် သာဖြစ်သည်။ လူတိုင်း၏ စိတ်သဏ္ဌာန် သည် မိမိခန္ဓာနှင့် တစ်ထပ်တည်း ကျရန် လိုအပ်သည်။ လောကကြီးထဲ စတင် ဝင်ရောက် လာကတည်းက ကလေးငယ် အတော် များများကို ''အဖေနဲ့ တူလိုက်တာ၊'' '' အမေတူလေး'' စသည်ဖြင့် အမျိုးမျိုး ဝေဖန်မှုများဖြင့် စတင်မိတ်ဆက် ကြသည်။ ကျွန်မ ငယ်ငယ်တုန်း က ထိုသို့ လူဘယ်လောက် များများ ပြောခဲ့ကြ မည်နည်း။
အရွယ်ငယ်ငယ် ကလေးဘဝ ကတည်းက အဖေတူသမီး ဖြစ်ချင်သော ကျွန်မ အကြောင်းကို ယနေ့ ပြန်စဉ်းစား ကြည့်သော အခါ ဘာကြောင့် ဆိုတာ သေသေချာချာ ရေရာတာ မရှိဘူး။ အများ အပြောအရ ''အဖေတူ သမီးက ချမ်းသာတယ်'' ဒီစကားကြောင့် များလား။ ဘာကြောင့်တော့ မရေရာတာ ကိုယ်တိုင် အသေချာ သိသည်။ ကျွန်မသည် အဖေနှင့်ရော အမေနှင့်ပါ မတူဘဲ ကွဲပြား နေသည်။ အိမ်ကို လာသူတိုင်း က ကျွန်မအစ်မနှင့် ညီမကို အဖေနှင့် တူသည် အမေနှင့် တစ်ပုံစံ တည်းပဲ။ သူတို့ နှစ်ယောက်က အမြွှာလား။ လှလိုက်ကြ တာလို့ ပြောကြသည့်တိုင် ကျွန်မကို သူက ဘယ်သူလဲဟု မေးရ လောက်အောင်ပင် ရုပ်ဆိုးသည်ပဲ ပြောရမည်။
သူငယ်ချင်းများ ကလည်း ''နင်ကလှတော့ မလှဘူး။ ဒါပေမဲ့ ချစ်စရာ ကောင်းတယ်'' ဟု နှစ်သိမ့် စကားဖြင့် နှစ်သိမ့် ကြသည်။ ပြောလည်း ပြောချင် စရာပင်၊ အဖေနှင့် တူသည် ဆိုရုံပြော၍ ရသည်က ဝဖိုင့်ဖိုင့် ဖြစ်နေသည့် ကိုယ်နေ အချိုးအစား လို့ပင် ပြောရမည်။ အရပ်ကလည်း ပုသည်။ နဖူးပြောင် သည့်အပြင် မျက်နှာက ရှည်ပြီး နှုတ်ခမ်းက ထူနေသော ကျွန်မ ဘယ်နည်းနှင့် မျှ လှလာမှာ မဟုတ်တာ တော့ သေချာသည်။ တစ်အိမ်လုံး တွင် တစ်ယောက်တည်း တစ်မိပေါက် တစ်ယောက်ထွန်း ကာ ပုနေသူလည်း ဖြစ်ပြန်သည်။ ဂုဏ်ယူစရာ မကောင်းသော နေရာများ လာတူနေ သည်ဟု တစ်ခါတစ်ခါ စိတ်သောက ရောက်ရသည်။
သို့သော် အဖေသည် ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနှင့် ရပ်တည်နိုင်မည့် အကျင့်ကောင်း ကိုတော့ တူအောင် အမွေပေး ခဲ့သည်။ အဖေသည် သူ တစ်ဖက်သား အပေါ်တွင် အလွန်စာနာ တတ်သော စိတ်ထားရှိသူ ဖြစ်သည်။ အဖေ့ ပတ်ဝန်းကျင်မှ လူများ၊ အဖေ့ တပည့်များ၊ အားလုံးသော လူများအပေါ်တွင် စာနာစိတ် ရှိသူ၊ စိတ်ထား ကောင်းသူ၊ သူတစ်ပါး အပေါ်တွင် မနာလိုစိတ် မရှိသူ၊ သူတစ်ပါး အခက်အခဲ ဖြစ်နေချိန်တွင် ကူညီတတ်သူ တစ်ယောက် ဖြစ်သည်။ ကျွန်မ၏ အဖေသည် ကိုယ့် အပေါ်တွင် ဆိုးရွားစွာ ပြုမူခဲ့သူများ ကိုပင် ခွင့်လွှတ် သည်းခံ စိတ်ဖြင့် ကူညီ ပေးနိုင်သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လူအများ အပေါ် သနားကြင်နာတတ်သူအဖြစ် အဖေ့အကြောင်း ကောင်းသတင်းမှာ မွှေးပျံ့လျက် ရှိသည်။ ထို မွှေးပျံ့သော သတင်းတို့ကို ကြားသိရသည့် အချိန်မှစပြီး ကျွန်မ စိတ်တွင် အဖေတူသမီး ဖြစ်ချင်သည့် စိတ်များ ပိုမိုကြီးထွား လာတော့သည်။
တစ်ခါတစ်ရံ ဧည့်သည်များကြား ညီအစ်မ အရင်းမှ ဟုတ်ရဲ့လားလို့ အမေးခံ ရသည့် အခါတိုင်းတွင် တော့ ထိုစိတ်များမှာ သေးသိမ် သွားသကဲ့သို့ ခံစား ရပြန်သည်။ အဖေအမေ နှင့် ရုပ်မတူသည့် အပြင် အလတ် ဖြစ်နေပြန်သည့် ကျွန်မ မိဘများ၏ ဦးစားပေးမှု မခံရသည့် အချိန်များတွင် သမီး အရင်းမှ ဟုတ်ပါလေစ လို့ တွေးထင်မိသည်။ တစ်ခါတလေ အဖေနှင့် နှစ်ယောက်တည်း ရှိချိန်တွင် ''ကျွန်မက အဖေ့သမီးမှဟုတ်ရဲ့လား။ ချစ်ရော ချစ်ရဲ့လား'' ဟု မေးမိသည်။ ထိုအချိန်တွင် အဖေပြောသည့် စကားက ''အဖေ့သမီး ဆိုတာ အဖေနဲ့ ရုပ်တူမှ မဟုတ်ပါဘူး။ အဖေ ဖြစ်စေချင်တဲ့ သမီး ဖြစ်ရင် အဲ့ဒါ အဖေ့သမီးပဲ။ ... '' ဒီစကားရဲ့ အဓိပ္ပာယ်ကို သိချိန်မှာတော့ ကျွန်မ အလွန်ကို နောက်ကျ နေလေပြီ။ အရွယ်ငယ်သည့် နုနယ်သော ဦးနှောက် အလိုအရ ထိုစကား အဓိပ္ပာယ်ကို ကျွန်မ အသေအချာ မသိပေမယ့် အဖေ ဖြစ်စေချင် သည့်အတိုင်း အတတ်နိုင်ဆုံး နေရန် ထိုနေ့မှစပြီး ဆုံးဖြတ် မိသည်။ ထိုအချိန်မှ စပြီး လူတိုင်းအပေါ် စာနာစိတ်ဖြင့် ကူညီသည်။ တတ်နိုင်သည့် ဘက်မှ လုပ်ပေးသည်။ သူများ အခက်အခဲကို ကူညီ ဖြေရှင်း ပေးရင်း ရလိုက်သည့် သင်ခန်းစာ များကို ဘဝမှာ အမှတ်တရများ အဖြစ် သိမ်းဆည်းပြီး ဝမ်းသာပီတိ များကို အဖေနှင့် အတူ မျှဝေ ခံစားသည်။
ကျွန်မ လုပ်ဆောင်ချက် များကို ပြန်ပြောပြလျှင် ပြုံးနေသော အဖေ့မျက်နှာ သည်ပင် ကျွန်မအတွက် အားဆေးများ ဖြစ်ခဲ့ရသည်။ ထိုသို့ ကူညီ လုပ်ဆောင်ရင်း၊ အဖေ့လုပ်ငန်းများ တွင်လည်း အားဖြည့် ကူညီရင်း ကျွန်မသည် အဖေတူ သမီး မဟုတ်ပေမယ့် အဖေ့သမီး ဖြစ်ခဲ့ရသည်။ ကျွန်မကို တွေ့လျှင် အဖေနှင့် တွဲမြင်တတ်သော ပတ်ဝန်းကျင် တစ်ခု ရလာသည်။ အပေါင်းအသင်းများ ကြားတွင် ကူညီတတ်သော၊ အနစ်နာခံ တတ်သောသူတစ်ယောက် ဖြစ်လာရသည်။ အဖေ့သမီးမို့ အဖေ့အတိုင်းပဲ ဟူသော စကား ကြားရလျှင် ကျွန်မ အတိုင်းမသိ ပျော်မိသည်။ လူအများနှင့် စကားမပြော တတ်သော ကျွန်မ၊ အိမ်ထဲတွင် စာအုပ်တစ်အုပ် နှင့် တစ်နေကုန် အချိန်ကုန် နေသောကျွန်မ လူအများနှင့် စကားပြော တတ်လာ သည်။ လူအများနှင့် စကားပြောရင်း လူအများ၏ ဘဝကို ပိုမို သိရှိလာသည်။
လူတစ်ဦးချင်းစီ ၏ ပြောစကားများကို အလေးထား တတ်လာသည်။ လူအများ စကားကို အလေးထား တတ်လာလေ၊ လူအများကို တလေးတစား ဆက်ဆံတတ် လာလေ၊ လူအများဆီမှ ယုံကြည် အားကိုးမှုကို ရလာလေလေ ဆိုတာကို ကျွန်မ လက်တွေ့ခံစား တတ်လာသည်။ အဖေသည် ကျွန်မကို အကောင်းမွန် ဆုံးသော တန်ဖိုး အရှိဆုံးသော အမွေကို ပေးခဲ့ခြင်း ဖြစ်သည်ကို ယခုမှ ပိုသိလာ ရသည်။ တစ်ခါတစ်ရံ လူအများ အတွက် အလေးထား လုပ်ဆောင်ပေးရင်း ဘဝအမောများ ကြုံတွေ့ လျှင်လည်း အဖေ့လိုပင် ပြုံးပြုံးလေး ရင်ဆိုင်တတ် လာသည်။ ကိုယ့်အပေါ် အပြစ်တင် ဝေဖန်သူများကို လျစ်လျူရှု နေတတ် လာသည်။ အများ စိတ်ချမ်းသာမှု အတွက် ဂရုတစိုက် ပြုမူတတ် လာသည်။ အခုတော့ အဖေနှင့် မတူသော အဖေတူသမီး ဖြစ်လို့ နေပါပြီ။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment