ကျုံးဘေးမှ အက်ကွဲကြောင်းလေးများ
မဒါလေး
မန္တလေးဟု ဆိုလိုက်သည်နှင့် ပထမဦးဆုံးစ တင်သိရှိ ခံစားလိုက်ရ သည်က ကျုံး ဆိုသော သင်္ကေတ ဖြစ်သည်။ မန္တလေး နှင့်ကျုံးမှာ ခွဲမရ သကဲ့သို့ လိုက်ဖက်မှု ကလည်း ပနံသင့် လှသည်။ ကျုံးဆိုသော အသိ ပြီးမှ မြို့ရိုးနှင့် နန်းတော်ဆိုသည်က နေရာယူလာမြဲ ဖြစ်သည်။ အချို့ နန်းတော် နှင့် ကျုံး တွဲဖက်မြင်သူများ ရှိမည်။ အချို့ မန်းတောင် နှင့် ကျုံး တွဲဖက် မြင်သူများလည်း ရှိသည်။ အချို့ ကျုံးနှင့်မြို့ရိုး တွဲမြင်ကြသည်။ ဘယ်သို့ ပင်မြင်မြင် မန္တလေးသည် ကျုံးနှင့် ယှဉ်တွဲလျက် မန္တလေး ပီသစွာ တည်တံ့ နေဆဲဖြစ်သည်။ ပူပြင်းလှသည့် အညာနွေနှင့် အညာလေကို အံတုရန် အတွက် မန္တလေးသူ၊ မန္တလေးသား အတော်များများ ကျုံးကို အားကိုးအားထား ပြုကြသည်။
ကျန်းမာရေး အတွက် ကြည့်မလား၊ ဘာသာရေး အတွက် ကြည့်မလား၊ အမှတ်တရအဖြစ် ကြည့်မလား ကျုံးမှာ ဘက်ပေါင်းစုံမှ ပါဝင်လျက် ရှိသည်။ ကျုံးဘေး ပတ်ဝန်းကျင်နှင့် ကျုံးရေမှာ အေးချမ်း သလောက် ကျုံးကြီး၏ စိတ်နှလုံး ပူဆွေးမှုတို့ကို မည်သူများ မြင်နိုင်မည်နည်း။ တစ်ခုသော ညနေခင်းတွင် ဖြစ်သည်။ ဆရာဝန်၏ ညွှန်ကြားချက် ဖြင့် တစ်နေ့လျှင် နာရီဝက် လမ်းလျှောက်ရန် ကျုံးဘေးသို့ ထွက်ခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း မန္တလေးနှင့် ဝေးကွာ ခဲ့သဖြင့် ကျုံးကလည်း ကိုယ့်အတွက် စိမ်းနေသယောင် ရှိသည်။ ညနေခင်း လမ်းလျှောက် ရသည်က လူသွားလူလာ များနှင့်မို့ ရှိန်းတိန်း ဖိန်းတိန်း နိုင်လှသည်။ ထူအမ်းအမ်း ဖြစ်နေသော မျက်နှာကို ဦးထုပ်ဖြင့် ကာကွယ်ထားကာ မျက်မှန် အထူဖြင့် ထပ်ကာ ထားလိုက်သည်။ အတန်ငယ် လျှောက်မိသော အခါ ကျုံးထောင့် တစ်နေရာတွင် အားကစား ကိရိယာများ တပ်ဆင် ပေးထားသည့် နေရာကို တွေ့ရသည်။
သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများ လမ်းလျှောက် အနားယူရင်း လေ့ကျင့်ခန်း လုပ်နေကြသည် ကို မြင်တွေ့ရသည်။ လေ့ကျင့်ခန်း လုပ်နေသည် များကို ကြည့်နေ သည်မှာ မည်မျှကြာ သွားသည်မသိ၊ ညနေခင်း နေမင်းသည် မြို့ရိုးပေါ်မှ ကျုံးရေပြင်ထဲ သက်ဆင်း တော့မည့်အလား မြင်နေရသည်။ ကျုံးဘေး ညနေ ဆည်းဆာကို တဝကြည့်ရင်း အိမ်ပြန်လမ်း ဘက်သို့ လှည့်ခဲ့သည်။
မှောင်ရိပ် မသန်းတသန်း လေးမို့ နေညိုညိုမှာ ကျုံးရေစိုစိုက ဆွတ်ပျံ့ဖွယ်ရာ ကောင်းနေသည်။ ထိုစဉ်ခဏ သစ်ပင်ရိပ်မှ စကားပြောသံ အချို့ ကြားလိုက် ချိန်တွင် ညနေခင်းကို ကျောခိုင်းခဲ့သော ခြေလှမ်းများ ပိုမို တုံ့ဆိုင်း သွားရ တော့သည်။ အရွယ်မမည် ကလေးငယ်လေး က အမေဖြစ်သူ ကို ချော့နေသံ ဖြစ်သည်။ ''မေမေ မငိုပါနဲ့ သားသား ရှိတယ် သားသားတို့ အိမ်ပြန် ရအောင် .. '' ဘယ်သို့သော အကြောင်းကြောင့် မသိသော်လည်း ကလေးငယ်၏ ချစ်စဖွယ် အပြုအမူနှင့် သနားစဖွယ် အသံကြားတွင် ခဏတာ စီးမျောမိ သွားသည်။ တစ်ဖက်တွင် ထိုင်နေသော ကလေးမလေးက ဘာမျှမပြော အမေဖြစ်သူ လက်မောင်းကို ဖက်လျက် တစ်ခုခုကို ပြောဖို့ အားယူနေပုံ ရသည်။ မကြာမီပင် အမှောင်သည်း လာတော့မည် ''ဒီသားအမိ ဘယ်အထိပြန်ရမှာပါလိမ့် .. '' မသက်ဆိုင် သော်ငြား ကရုဏာ သက်စွာ ပူပန်မိသည်။ မိခင်ဖြစ်သူမှာကျုံးရေပြင် ကိုသာ တွင်တွင် ငေးလျက် သူ၏ရင်ထဲမှ ခံစားချက် များကို ကြိတ်မှိတ်မျိုချ နေပုံရသည်။
ဒီလောက် ချစ်စရာ ကောင်းတဲ့ သားနှင့် သမီး၊ ကျက်သရေ ရှိသော ရုပ်ရည် နှင့် ဇနီးမယားကို မပူပင်ဘဲ ခင်ပွန်းဖြစ်သူမှာ လိုက်မရှာဘဲ နေမည်လား။ အတွေးပေါင်း များစွာဖြင့် ခြေလှမ်းတို့ လေးလံလျက်။ လွန်ခဲ့သောလအနည်းငယ်က ဖြစ်သည်။ နေ့ခင်းဘက် အပြင်သွားရင်း ကျုံးဘေးမှ ဘွဲ့ယူ အခမ်းအနား တစ်ခုနှင့် အမှတ်မထင်ဘဲ ဆုံခဲ့ရသည်။ ကျုံးဘေးမှ ဘွဲ့ယူ အခမ်းအနား ဆိုသဖြင့် တစ်မျိုးဖြစ်မည်။ အနုပညာကျောင်း မှ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်း ဖြစ်သည်။ ကျွန်မတို့ ငယ်ငယ် ဘွဲ့ယူစဉ် အချိန်တုန်းကတော့ ဘွဲ့မယူခင် နံနက်ကို ကျုံးဘေးသို့ တကူးတက သွားကာ မိသားစုနှင့် အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ကိုယ်လို သူလိုပင် အတော်များများ ကျုံးနှင့် မန္တလေးတောင် နောက်ခံထားကာ ဘွဲ့သမိုင်းကို အမှတ်တရ ရေးထိုးကြသည်။ သူတို့ကတော့ ဟန်ကျလှသည်။ ဘွဲ့နှင်းသဘင် အခမ်းအနား မစမီလည်း ကျုံးဘေးမှာပင် စောင့်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ကြ သူငယ်ချင်းများ တွေ့ကြနှင့် ပျော်စရာ ကောင်းလှသည်။ ဘွဲ့ယူပြီး တော့လည်း တစ်ယောက်နှင့် တစ်ယောက် ခွဲခွာရမည်မို့ ကျုံးဘေးမှာပင် အလွမ်းသယ် နေကြသည်။ လူများ ပြည့်ကျပ် နေသည်မို့ ကျုံးဘေး ပလက်ဖောင်း အနီး သစ်ပင်ရိပ်တွင် ခဏရပ်ကာ ငယ်ငယ်က ဘွဲ့ယူစဉ် အမှတ်တရများကို တစ်မြုံ့မြုံ့ တွေးနေမိသည်။ ထိုစဉ် တစ်ဖက်စီမှ ငိုသံသဲ့သဲ့ နှင့် နှစ်သိမ့်သံများ ကြားလိုက်ရသည်။ ''မငိုပါနဲ့ ညီမလေးရယ် အခု အမေဖြစ်စေချင် တဲ့အတိုင်း ဘွဲ့ရပြီပဲ အမေလဲ ဝမ်းသာမှာပါ။ ကောင်းတဲ့ တစ်နေရာကနေ ညီမလေး ဘွဲ့ယူတာကို ကြည့်နေမှာပါ .. '' ဘေးမှ အဖေဖြစ်သူ ထင်ရသူမှာ မျက်နှာ တစ်ဖက်လွှဲ သွားသည်။ ထိုသူ၏ မျက်နှာတွင် စိတ်မကောင်းမှု များက ပြောစရာ မလိုအောင်ပင် ပေါ်လွင် နေသည်။ ကျုံးရေပြင်တွင် သွားလေသူ မျက်နှာ ပေါ်နေလေသလား ထင်ရအောင်ပင် စိုက်ကြည့် နေလေသည်။ ''လာပါ ညီမလေးရယ် ဒီ အမှတ်တရ က နောက်ပြန် မရတော့ဘူး။ အမေမြင်ချင်တဲ့ ဘွဲ့ဝတ်စုံနဲ့ ကျုံးကြီး နောက်ခံထားပြီး ရိုက်ရအောင်ပါ လာပါ .. '' အစ်မဖြစ်သူမှ တတွတ်တွတ် ခေါ်နေသည်။ ဘွဲ့ဝတ်စုံနှင့် မျက်ရည်စက်က လိုက်ဖက်မှု မရှိလှသော်လည်း ဝမ်းသာ မျက်ရည်သာ ဖြစ်စေချင်သည်။ ခုတော့ မိန်းမလှလေး တစ်ယောက် ကျုံးဘေးမှာ ဝမ်းနည်းမျက်ရည် ကျနေသည်။
အတွေးတို့သည် စိတ်နှလုံးကို ဖိနှိပ်လျက် အသက်ရှုကို ရပ်တန့် လောက်အောင် လေးလံ သွားသည်။ '' ဒီလို မျက်ရည်တွေ၊ ရင်ဖွင့်သံတွေ၊ ကြေကွဲမှုတွေ၊ ဝမ်းသာ ပျော်ရွှင်မှုတွေ '' ကို ကျုံးကြီးက အတားအဆီး မရှိ ယနေ့ အချိန်ထိ လက်ခံပေး နေသည်။ လေးတွဲသော ခြေလှမ်းများကို သယ်ဆောင်ရင်း ပင် အတွေးလွန်လမ်း မှားကာ ကိုရီးယားများ ရောက်သွား သလား ထင်လိုက်ရသည်။ ခေတ်ဆန်ဆန် ဝတ်စားထားသော ကောင်လေး က ခေတ်ဆန်ဆန် လှနေသော ကောင်မလေး ကိုကျောပိုးကာ ရှေ့တည့်တည့် မှ လာ နေသည်။ သူတို့ကတော့ ပတ်ဝန်းကျင်ကို ဂရုမထားမိဘဲ ပျော်နေကြပုံ ပေါ်သည်။ ရုတ်တရက် မျက်နှာကို တစ်ဖက်လွှဲ လိုက်မိသော ကိုယ့်အဖြစ် ကိုလည်း ရယ်ချင်ချင် ဖြစ်သွားသည်။ '' ကျုံးကြီး ရေနင်လဲ ဒီလိုမျက်နှာ လွှဲခဲ့ရတာတွေ ဘယ်လောက် များများ ရှိခဲ့မလဲ .. .''ဟု စိတ်ထဲ ရေရွတ် မိသည်။ ခဏအကြာ လမ်းမီးများ လင်းလာတော့ အိမ်ဘက်ကို ဦးတည်ကာ လှည့်လိုက်သည်။ ''နင်ပဲ ပြောခဲ့တာလေ မနေ့က ဒီကျုံးဘေး မှာပဲ ပြောခဲ့တာလေ၊ အခုနင်က ကတိပျက် တာလား .. '' မိန်းကလေး တစ်ယောက်၏ အသံဖြစ်သည်။ ''ကျုံးသာ စကားပြော တတ်ရင် ငါသက်သေ ခေါ်လိုက် ချင်တယ် သိလား၊ နင်နဲ့ငါ ဒီအချိန်က စပြီးအပြတ်ပဲ ... '' အပြောအဆုံး မှာတော့ ကျုံးဘေးမှာ ရပ်ထားသော ဆိုင်ကယ်ကို ဝူးခနဲ မြည်အောင် ခပ်ကြမ်းကြမ်း မောင်းထွက် သွားသည်။ ကျန်ခဲ့သော ကောင်လေး မှာတော့ ခေါင်းလေး ငိုက်စိုက်ကျကာ ကျုံးကြီးကို ငေးကြည့်လျက်။ ထွက်ခွာ သွားသော ဆိုင်ကယ်အသံ နောက်လိုက် ကြည့်ရင်း ''အောင်မလေး'' ပါးစပ်မှ အသံ ထွက်အောင်ပင် အော်လိုက် မိသည်။ ကျုံးဘေး လျှောက်လမ်းမှ ခင်းထားသော ပလက်ဖောင်းလေး များမှာ အနည်းငယ် ကွဲအက်နေရာ အငေးလွန် သောကြောင့် ခြေချော်ကျခြင်း ဖြစ်သည် အသေအချာ ကြည့်လိုက်မှ ကျုံးဘေး ပလက်ဖောင်း အတော်များများ အက်ကွဲရာ များနှင့် ပျက်စီးနေတာ သတိထား မိသည်။ နာနေသော ခြေထောက်ကို အတန်ငယ် ကြွကာ လှမ်းလိုက်ရင်း ''အော် ကျုံးကြီးရေ နင့်မှာလဲ အက်ကွဲကြောင်း တွေနဲ့ပါလား ... '' ဟု စိတ်ထဲမှ ပြောရင်း ကျောခိုင်း နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ ပါတော့သည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment