www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 15, 2014

မင်းကင်း ဘိုင်သောက်ရေအိုးများ ချင်းတွင်းမြစ်ရိုး တစ်လျှောက် အစုန်အဆန် ရောင်းဝယ်မှုများ စတင်



မင်းကင်း ၊ ၁၅-၁၂-၂၀၁၄

ချင်းတွင်းမြစ်ကမ်း မင်းကင်း မြို့နယ်၌ မြေအိုးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည့် သည်းတုံ၊ ဘိုင်၊ ဗဒက်၊ ကုန်းရင်းရွာ တို့မှ ပြုလုပ်သော ဘိုင် သောက်ရေအိုးများ လှေဖြင့်တင်၍ ချင်းတွင်းမြစ်ရိုး တစ်လျှောက် စုန် - ဆန် ရောင်းဝယ်မှု စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

မင်းကင်းနယ် မှ ဘိုင်သောက်ရေအိုး လုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကပင် ရပ်တည် လာခဲ့သော ရှေးရိုး အိမ်တွင်းမှု လုပ်ငန်း တစ်ခုဖြစ်ပြီး ချင်းတွင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးဒေသ၊ ကလေး၊ တမူးဒေသ တို့အထိ ဘိုင်အိုးကို ဝယ်ယူ အသုံးပြု ကြသည်။

ဘိုင်အိုးသည် များသည် တန်ဆောင်မုန်း လကုန်ပိုင်းမှ အစပြု၍ အုပ်စုလိုက် စက်လှေ၊ မော်တော် တို့ဖြင့် အညာဒေသသို့ ဆန်တက်၍ အိုး အရောင်းထွက် ကြသည်။ အချို့မှာ လက်ထိုးလှေ များဖြင့် အိုး အရောင်းထွက် ကြသည်။ လှေတစ်စီးလျှင် အိုးအလုံးရေ ထောင်ချီ တင်သည်။ ယခုအခါ ရေသန့်ဘူးများ နေရာအနှံ တွေ့နေရ သော်လည်း တစ်မြို့၊ တစ်နယ်လျှင် သောက်ရေအိုး အလုံး သိန်းချီ ရောင်းချ နေရကြောင်း သိရသည်။

ကလေးဝမြို့ ဆိပ်ကမ်းရောက် ဘိုင်သောက်ရေအိုး တစ်လုံးလျှင် ငွေကျပ် ၁၅ဝဝ နှင့် အရောင်းအဝယ် ဖြစ်နေပြီး အိုးအလတ်တစ်လုံးလျှင် ငွေကျပ် ၁၂ဝဝ ၊ အိုးငယ် (ပရိတ်အိုး) ငွေကျပ် ၁ဝဝဝ ၊ ပန်းအိုး၊ ညောင်ရေအိုး များမှာ ငွေကျပ် ၁ဝဝဝ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ဘိုင်အိုးလှေ တစ်ခေါက်လျှင် ခရီးစရိတ်၊ စားစရိတ် နုတ်ပြီး တစ်သိန်းခန့် ကျန်ကြောင်း သိရသည်။ ယခုအခါ ဘိုင်အိုးများကို ကလေးဝ ဆိပ်ကမ်းမှ ကုန်ကားဖြင့် တမူးသို့ လည်းကောင်း၊ ကလေးမြို့ သို့လည်းကောင်း တင်ပို့ ကြကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger