www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 20, 2014

ကြားရသူ ပူဗျာပွေ အိုလေမနေတတ်ပြီမို့


ကြားရသူ ပူဗျာပွေ အိုလေမနေတတ်ပြီမို့

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၂ ရက်မြောက် ပုံမှန် အစည်းအဝေးကို နိုဝင်ဘာ ၁ဝ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က စစ်ဆင်ရေး အသုံးစရိတ် ကျပ်သန်းတစ်ရာ တိုးမြှင့် တောင်းခံခဲ့ သည်ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ မဲစနစ်ဖြင့် ဆုံးဖြတ်ကြရာ ထောက်ခံမဲ ၄၁၂ မဲ၊ ကန့်ကွက်မဲ ၆ဝ နှင့် ကြားနေမဲ ၁၄ မဲတို့ဖြင့် အဆိုကို အတည်ပြု ပေးခဲ့ကြ သည်။ စစ်ဆင်ရေး အသုံးစရိတ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ရှိသော ရှေ့တန်းစခန်း များ၌ ကွန်ကရစ် ဘန်ကာ ငါးလုံး တည်ဆောက်ရန် နှင့် ခြံစည်းရိုး ကာကွယ်ရန် ပြည်ထောင်စု ဝန်ကြီး က တိုးမြှင့် တောင်းခံခြင်း ဖြစ်သည်။

မြန်မာမှု နယ်ပယ်၌ ရဟန်းမှာ ဝိနည်း၊ လူမှာစည်း၊ ရွာမှာ ခြံစည်းရိုး ဟူသော ဆိုရိုးစကား ရှိသဖြင့် ရှေ့တန်း စစ်ဆင်ရေး နယ်မြေရှိ တပ်စခန်းများ၏ လုံခြုံမှု မည်မျှ အရေးကြီး လိုအပ်သည်ကို အကျယ်ချဲ့ ပြောရန် မလိုတော့ပေ။ အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်း ရေးဆောင်ရွက်နေစဉ် စစ်ဆင်ရေး အသုံးစရိတ် များပြား နေစရာမလို ဟူသော အတွေးမျိုး မရှိသင့်ကြောင်း မြန်မာ့ အခြေအနေနှင့် ကမ္ဘာ့ အခြေအနေ များကို ဝေဖန် ထောက်ရှုကြ ရမည်ဖြစ်သည်။ စစ်ရေးစစ်ရာ ဟူသည် ကျားလိုက်မှ တုတ်ခုတ်၊ စစ်ရောက်မှ မြားချွန်၊ ဆင်လိုက် မှ သစ်ပင်ရှာ ဆိုသော သူမိုက်တို့ထုံး နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ကို သတိမူ ကြရမည် ဖြစ်သည်။

ဗုဒ္ဓစာပေ များ၌ လူသုံးမျိုး၊ စကားသုံးမျိုး ရှိကြောင်း တိကနိပါတ်၊ ပုဂ္ဂလဝဂ်၊ ဂူထဘာဏီ သုတ်တော်၌ ဖော်ပြထားရာ အနံ့ဆိုးသော စကားကို ဆိုတတ်သည့် ပုဂ္ဂိုလ်၊ ပန်းကဲ့သို့ ရနံ့မွှေးသော စကားကို ဆိုတတ်သည့် ပုဂ္ဂိုလ်နှင့် ပျားကဲ့သို့ ချိုမြိန်သော စကားကို ဆိုတတ်သည့် ပုဂ္ဂိုလ် အမှုကိစ္စ ပြဿနာ တစ်စုံတစ်ရာ ကို ဖြေရှင်းရန် အတွက် မိတ်ဆွေ တစ်ဦးအား အကူအညီ တောင်းခံရာ၌ မိတ်ဆွေ မြင်တွေ့ ကြားသိရသည့် အတိုင်း မှန်သည် ကိုသာ ပြောဆိုပေးပါ ဟူ၍ သက်သေ အရာ၌ ထား၏။ ထိုသူသည် မြင်တွေ့ ကြားသိ ရသည့်အတိုင်း မထွက်ဘဲ တံစိုး လက်ဆောင် ကြောင့်ဖြစ်စေ၊ သူ လိုလားမှု သို့မဟုတ် မလိုလားမှု ကြောင့် ဖြစ်စေ မမှန်မကန် လိမ်လည် ၍သာ ပြောကြား၏။ ထိုသူသည် အနံ့ဆိုးသော စကားကို ဆိုတတ်သူ မည်၏။

အချို့သော သူကား သက်သေ အရာ၌ ထားသောအခါ မည်သည့် အကြောင်း ကိုမျှ မငဲ့ဘဲ တွေ့မြင် ကြားသိ ရသည့်အတိုင်း အမှန်ကိုသာ ပြော၏။ ထိုသူမျိုးသည် ပန်းကဲ့သို့ ရနံ့မွှေးသော စကားကို ဆိုတတ်သူ မည်၏။ အချို့သော သူသည် စကား ပြောဆိုရာ၌ ကြမ်းကြမ်း တမ်းတမ်း စကားကို မပြောပေ။ မောက်မာ ဝင့်ကြွား ၍လည်း မပြောပေ။ အပြစ် ကင်းစင်သော စကားနှင့် သူတစ်ပါး နှစ်လိုဖွယ် ရှိသော စကားကောင်း ကိုသာလျှင် ယဉ်ကျေး သိမ်မွေ့စွာ ပြောလေ့ ရှိ၏။ ထိုသူမျိုးသည် ပျားကဲ့သို့ ချိုမြိန်သော စကားကို ဆိုတတ်သူ မည်၏။

သို့ဖြစ်၍ ကျားလိုက်မှ တုတ်ခုတ်၊ စစ်ရောက်မှ မြားချွန်၊ ဆင်လိုက်မှ သစ်ပင်ရှာ ဆိုစကားများ နှင့် ဆန့်ကျင်ဘက် ဖြစ်သော စစ်ရေးစစ်ရာ ကိစ္စများအား ကိုယ်တိုင် သိမြင်အောင် ကြိုးစားကာ ရနံ့မွှေး၍ အပြစ်ကင်း စင်သော စကားကို ပြောဆိုကြ ပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger