www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 5, 2014

ရှဥ့်လည်း မလျှောက်သာ ပျားလည်း မစွဲသာ၍ အဖြေရှာဖို့လို


ရှဥ့်လည်း မလျှောက်သာ ပျားလည်း မစွဲသာ၍ အဖြေရှာဖို့လို

သောင်းဆင့် (အိုင်မဒေါင့် )

'ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ'' ဟူသော ဝေါဟာရ လေးကို အစပြုချင် ပါသည်။ သစ်ကိုင်း တစ်ကိုင်း၊ ပစ္စည်း တစ်ခုကို ဝေမျှ သုံးစွဲကြသော ဥပမာပေးလေး ဖြစ်ပါသည်။ တကယ် ကောင်းသော ဥပမာပေး စကားဖြစ်သည်။

ယခုတော့ ရှဥ့်လည်း မလျှောက်သာ၊ ပျားများလည်း မစွဲသာသော အခြေအနေ၊ စီးပွားရေး လည်ပတ်မှု မကောင်းခြင်း ကြောင့် ခရီးသွားလာမှု နည်း၍လား၊ စီးပွားရေး လည်ပတ်မှု အားကောင်း ခြင်းကြောင့် ကိုယ်ပိုင်ယာဉ်များ ပိုင်ဆိုင်ကြ၍ အငှား ခရီးသည်တင် ယာဉ်မစီး ကြတော့၍လား၊ ရာသီဥတု အခြေအနေ ဖောက်ပြန်၍ ခရီးသွား ပြည်သူများ နည်းပါးခဲ့ သည်လား၊ မသိ၊ မည်သည့် အရာကြောင့် ဆိုသည်ကို စဉ်းစားကြရန် မန္တလေးမြို့တွင် ဖွဲ့စည်း ထားသော မြို့တွင်း ခရီးသွား ယာဉ်လိုင်း ကြီးကြပ်ရေး မထသ တာဝန်ရှိသူများ နှင့် အောက်ခြေ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ယာဉ်လိုင်းများ၏ ဥက္ကဋ္ဌ၊ လိုင်းမှူး၊ ဂိတ်မှူး၊ အုံနာ၊ ယာဉ်မောင်း၊ ယာဉ်လိုက် များရှေ့ရေးကို မျှော်တွေး၍ တွေ့ဆုံ ဆွေးနွေးကြရန် အချိန် ရောက်ပြီဟု ပြောချင် ပါသည်။ မြို့တွင်း ခရီးသည် ယာဉ်လိုင်းများ အခက်အခဲများ ရှိနေ ကြသည်။

ဖြစ်ပုံက ဂိတ်မှစထွက်စဉ် ခရီးသည်ငါးဦး ပါလာသည် (အချိန်ကျလျှင် ခရီးသည် တစ်ဦးမျှ မပါဘဲ ဂိတ်မှ ထွက်ခဲ့ရသည် များလည်း ရှိခဲ့ပါသည်)။ သုံးဦးက ဈေးချိုအရောက် တွင် ဆင်းသွား ကြသည်။ မန္တလေးမြို့တွင် ခရီးသည်တင် ယာဉ်လိုင်းများ အားလုံး ဈေးချိုကို အမှီပြု၍ ဈေးချိုနှင့် ဈေးချို ဝန်းကျင်ကို ဖြတ်သန်းကာ ပြေးဆွဲကြသည်။ ကားပေါ်တွင် ခရီးသည်သုံးဦး ဆင်းသွား၍ နှစ်ဦးသာ ကျန်တော့သည်။ ထို ခရီးသွားနှစ်ဦး က ဂိတ်အဆုံးထိ လိုက်ပါ ကြမည်။ ထိုနှစ်ဦးနှင့် ဆက်သွားပါက အဆင်မပြေ။ ဆီဖိုးပင်ရမည် မဟုတ်ပါ။ သို့ဖြစ်၍ သတ်မှတ် ထားသည့် မှတ်တိုင်ရော။ သတ်မှတ် မထားသော နေရာများ၌ပါ ခရီးသည် ရနိုးနိုးနှင့် ရပ်ရတော့သည်။

ကားရပ်သည် နှင့် ယာဉ်နောက်လိုက် က ကညန ရုံးရှေ့ရှိ ပွဲစားများ၊ ကားဝင်းများ အဝင်ဝရှိ ခရီးသည်ခေါ် ပွဲစားများ ကဲ့သို့ မိမိကား ခရီးသည်ရရှိရေး အတွက် ခရီးသွားများကို မျက်နှာချို သွေး၍ မေးရ တော့သည်။ ခရီးသည် သွားလိုသော နေရာနှင့် မိမိ ပြေးဆွဲနေသော ယာဉ်လိုင်း၏ လမ်းကြောင်းနေရာ မှန်ကန်ပါက ကားပေါ် မတက်ချင် တက်ချင်အောင်၊ မစီးချင် စီးချင်အောင် သူ့ထက်ငါ အလုအယက် ခေါ်ကြရသည်။

ခရီးသည် ယာဉ်လိုင်းများကို အားကိုးအားထား ပြု၍ သွားလာ နေကြသော ရန်ကုန်မြို့ နှင့်တော့ အတော်လေးကို ကွာသည်။ ရန်ကုန်မြို့၏ ခရီးသည်တင် ယာဉ်များကို အသုံးပြု နေကြသော ခရီးသွား များသည် မိမိလိုရာ ခရီးသွားရန် အတွက် ကားမှတ်တိုင်တွင် စောင့်နေကြပြီး မိမိစီးမည့် ကားမှတ်တိုင် ရှေ့ရောက် လာသည်နှင့် အလုအယက် တက်ကြရသည်။ ဆင်းမည်ဆို ပြန်တော့လဲ ရှေ့မှတ်တိုင် ကျော်ပြီး ပါမသွားစေရန် ကြိုတင်၍ ဆင်းရန် ပြင်ကြရသည်။

မန္တလေးမြို့ မှာတော့ ထိုသို့မဟုတ်။ ရပ်ရသည့် နေရာရော၊ မရပ်ရသည့် နေရာပါ ယာဉ်များကို ရပ်ပြီး ခရီးသည် ခေါ်ရသကဲ့သို့ ခရီးသည် ဆင်းချင်သော နေရာတွင် ရပ်ပေးကြ ရသည်။ ထိုကဲ့သို့ ယာဉ်လိုင်းများ စည်းကမ်း မဲ့မှုအပေါ် တာဝန်ရှိ သူများက အရေးယူလျှင် ယာဉ်မှူး၊ ယာဉ်လိုက်များ ခံကြရသည်။ အပြစ်ရှိခဲ့ ကြ၍ မဟုတ်လား။ ပြဿနာက တစ်နေရာပြီး တစ်နေရာ ခရီးသည် ရအောင် ရပ်ပြီးခေါ်လာတာ ကြာတော့ ကားပေါ်တွင် ပါလာသော ခရီးသည် နှစ်ဦးက စိတ်မရှည်တော့။ သူတို့လိုရာ ခရီး ရောက်ရန် ကြန့်ကြာမှု အတွက် အပြစ်တင် လာတော့သည်။ ပြဿနာရှာ တော့သည်။ ခရီးသည် ဘက်ကကြည့်လျှင် လည်း မှန်ပါသည်။ သူတို့မှာ ရှေ့ဆက် အလုပ်များက ရှိပေလိမ့်မည်။ ဥပမာ - စီးပွားရေး အတွက်၊ မိသားစုအတွက်၊ လုပ်ငန်းခွင် ဝင်ရန်အတွက်၊ အချိန်သတ်မှတ် ထားတာမျိုး ဖြစ်သည်။

ယာဉ်မှူး၊ ယာဉ်လိုက် ဘက်က ကြည့်ပြန်တော့လည်း ဂိတ်ကြေး၊ ဆီဖိုး ပင် မရသေးသော အခြေအနေ၊ ခရီးသည် နှစ်ဦးနှင့် မှတ်တိုင်အဆုံး ဆက်လက် သွားပါက ညနေ ကားသိမ်းချိန် ပေးသွင်းရမည့် အုံနာကြေး၊ ယာဉ်မှူး၊ ယာဉ်လိုက် တို့၏ လုပ်ခအား စောင့်မျှော် နေကြသော မိသားစု များ၊ ယာဉ်လိုက်၏ အငယ်ဆုံး ကလေးမှာ ခုရက်ပိုင်းအတွင်း ကျန်းမာရေး က သိပ်မကောင်းရှာ၊ သြော် ရှဥ့်လည်း မလျှောက်သာ၊ ပျားလည်း မစွဲသာ သော အခြေအနေ၊ အဖြေရှာဖို့တော့ လိုနေပြီ ဖြစ်သည်။ တရားမဝင် ဆိုင်ကယ်၊ ကား တက္ကစီယာဉ် များကြောင့်လား၊ မိမိ တင်ဆောင်ရမည့် လမ်းကြောင်း မဟုတ်ဘဲ ခရီးသွားများကို ခေါ်ယူ တင်ဆောင်သော ယာဉ်လိုင်းများ ရှိနေခြင်း ကြောင့်လား၊ ယာဉ်လိုင်းများပြီး သုံးစွဲသူ ခရီးသွား နည်းနေခြင်း ကြောင့်လား၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ယာဉ်လိုင်းမှူး များ အုံနာများ၊ ယာဉ်မှူး၊ ယာဉ်လိုက်များ၊ ဆွေးနွေးတိုင်ပင အဖြေရှာ၍ မန္တလေးမြို့တွင်း ပြေးဆွဲ နေကြသော ယာဉ်လိုင်းများ စနစ်တကျ စည်းကမ်း ရှိစေပြီး အရှည် တည်တံ့မှုနှင့် အတူ အားလုံးသော သက်ဆိုင်သူများ အဆင်ပြေကြ စေရန် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger