မေတ္တာနှင့် သစ္စာတရားကို သွေဖည်၍ အပြစ်နာစကား မဆိုသင့်ပြီ
ယနေ့ လွှတ်တော် အစည်းအဝေး များနှင့် ပြင်ပ စကားဝိုင်း များတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသံများ ကြားနေကြရ ခြင်းကြောင့် ဒီမိုကရေစီ စံဟု ဆိုကြသော အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် စည်းမျဉ်းခံ ဘုရင်စနစ်ကို အခြေခံသော ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ တို့ကို လေ့လာကြည့် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် လွတ်လပ်ရေး အကြိုကာလ ၁၇၇၄ ခုနှစ် စက်တင်ဘာ ၅ ရက်မှစ၍ လွတ်လပ်ရေး ရသည့် ၁၇၇၄ ခုနှစ် နောက်ပိုင်း ၁၇၈၂ ခုနှစ် မတ် ၁ ရက်အထိ ပြည်နယ် ၁၃ ပြည်နယ်မှ ကိုယ်စားလှယ် ၅၅ ဦး တက်ရောက် ဆွေးနွေးညှိနှိုင်း ရေးဆွဲခဲ့ကြ သော်လည်း ၃၉ ဦးကသာ အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် အခန်း (၇)ခန်း ပါဝင်ပြီး ၁၇၈၉ ခုနှစ်မှ စတင် သက်ရောက် ခဲ့ရာမှ ယခုအချိန် အထိ ၂၇ ကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။
ဥပဒေကို ပြင်ဆင်သည့် အကြောင်းအရာ များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျိုး သက်ရောက်ပြီး ၃၉ နှစ် ကြာသည့် ၁၈၂၈ ခုနှစ်တွင် သမ္မတ အင်ဒရူးဂျက်ဆင် လက်ထက်၌ အသက် ပြည့်မီသူ ပစ္စည်းမဲ့ လူဖြူ အမျိုးသားများ မဲပေးခွင့် ရရှိသည့် ပြင်ဆင်ချက်၊ အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) ပြီးဆုံးချိန်တွင် လူမည်း အမျိုးသားများ မဲပေးခွင့် ရရှိသည့် ပြင်ဆင်ချက် အမှတ် (၁၅)၊ ၁၉၂ဝ ပြည့်နှစ်တွင် အရွယ် ရောက်ပြီးသူ အမျိုးသမီးများ မဲပေးခွင့် ရသည့် ပြင်ဆင်ချက် အမှတ်(၁၉) တို့ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျိုး သက်ရောက်မှု ရှိပြီး ၃၉ နှစ်အကြာတွင် တစ်ကြိမ်၊ ၆၆ နှစ်အကြာတွင် တစ်ကြိမ်၊ ၁၃၁ နှစ်အကြာတွင် တစ်ကြိမ် ပြင်ဆင်ခဲ့သော ပြင်ဆင်ချက် များမှာ ပြည်သူတို့ အခွင့်အရေး ဖြစ်သော မဲပေးခွင့် (Franchise) ပိုမို ရရှိစေရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးကြ ရာ၌ ပြည်သူ့အကျိုး ရည်မျှော် ဆွေးနွေးသူများ နှင့် ပုဂ္ဂိုလ်ရေး ရှေ့တန်းတင် ဆွေးနွေးသူများ တွေ့ရသည်။ လွတ်လပ်စွာ သဘောကွဲလွဲ ခွင့် ရှိကြသော်လည်း ပြည်သူတို့ အရေးထက် ပုဂ္ဂိုလ်ရေး ဗန်းတင်ကာ လွမ်းချင်စရာ တေးသီကြရာ ၌ တပ်မတော် ကို ဆွဲထည့်ကြ သည်။ ဤ လုပ်ရပ်မျိုးမှာ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်တွင် အဆန်းတော့ မဟုတ်ပေ။
၁၉၅၈ ခုနှစ် သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ နု - တင်အုပ်စု ဖဆပလ ညီလာခံကို ထိုစဉ်က ဝန်ကြီးချုပ်၏ နေအိမ်ဝင်း အတွင်း၌ စတင် ကျင်းပခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ဟံသာဝတီ ကိုယ်စားလှယ် က တပ်မတော် သည် ပြည်သူ့ရန်သူ အမှတ်(၁)၊ ဆွေ - ငြိမ်းအုပ်စု ကို လိုလားသော မြို့ပြဝန်ထမ်း များသည် ပြည်သူ့ရန်သူ အမှတ်(၂)၊ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ အစိုးရအား လက်နက်ကိုင် ပုန်ကန်ကာ ပြည်သူတို့ အပေါ် ညှဉ်းပန်း နှိပ်စက်နေသော သူပုန်တို့ကို ပြည်သူ့ရန်သူ အမှတ်(၃) အဖြစ် ကြေညာခဲ့ ဖူးသည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် ၁၉၇၅ ခုနှစ် ဝန်းကျင်က ဧရာဝတီတိုင်း (ယခု ဧရာဝတီတိုင်း ဒေသကြီး) ၌ ပါတီဝင်များမှ နိုင်ငံရေးသမား ဟောင်းများ ဖယ်ရှားရေး၊ တောပြန် အလင်းဝင် ဖယ်ရှားရေး နှင့် စစ်ဗိုလ်၊ စစ်သား ဖယ်ရှားရေး ကြိုးပမ်းခဲ့ကြ ဖူးသည်။ ယခုတစ်ဖန် တရွေ့ရွေ့ လာပြန်သည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တွင် ၄င်းတို့ လိုလားချက် အတွက် မြားတစ်စင်းဖြင့် ပစ်မှတ်နှစ်ခု ထိအောင်ပစ်ဖို့ ကြိုးစား နေကြသည်။
ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် ၁၉၄၅ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဂျပန်တို့ လက်နက်ချ ပြီးနောက် စစ်ရှုံးနိုင်ငံ အဖြစ် သတ်မှတ်ခံ ရကာ အမေရိကန်တို့က ရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။ ဂျပန်လွှတ်တော် (Diet) သည် ဤဥပဒေဖြင့်ပင် နိုင်ငံကို ပြန်လည် တည်ဆောက်ခဲ့ရာ ယနေ့ ကမ္ဘာ့နိုင်ငံ များတွင် စီးပွားရေး အင်အား တတိယ အကြီးဆုံးနိုင်ငံ အဖြစ် ရပ်တည် နေနိုင်ကြောင်း တွေ့ရသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် နိုင်ငံတစ်နိုင်ငံ၏ အသက်ဝိညာဉ် ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပေ။ သို့သော် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း၏ သဘော တူညီချက် မပါဘဲ မည်သူတွေက ရေးဆွဲသဖြင့် ပြည်သူ့အကျိုးကို မဆောင်ကြဉ်း နိုင်ဆိုသည်ကိုကား ခြွင်းချက် ထားရမည် ဖြစ်သည်။ အထက်ပါ သာဓကများ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အကောင်အထည် ဖော်သူများနှင့် စောင့်ထိန်းသော နိုင်ငံသားတို့ သည်သာ ပဓာနကျ သူများ ဖြစ်သည်။
သို့ဖြစ်၍ ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး ကာလတွင် တိုင်းရင်းသား ပြည်သူတို့ အပေါ် ထားအပ်သော မေတ္တာတရားနှင့် သစ္စာတို့ကို သွေဖည်၍ အပြစ်နာစကား မဆိုသင့် တော့ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။
( အယ်ဒီတာ့အာဘော် )
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment