www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 7, 2014

သက်ရှိ သက်မဲ့ ရေသာ ပဓာန


သက်ရှိ သက်မဲ့ ရေသာ ပဓာန

အောင်ဝင်း (ဖျာပုံ)

မြန်မာနိုင်ငံသည် ရေနှင့်မြေကို အားထားရသော နိုင်ငံဖြစ်သည်။ မြေကို လူတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းရန် စီမံခန့်ခွဲရာတွင် ရေရှိမှ အဆင်ပြေမည် ဖြစ်သည်။ သို့အတွက် နိုင်ငံတော် အနေဖြင့် လူတိုင်းအတွက် သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရန် အတွက် ရေရရှိရေး စီမံဆောင်ရွက် ပေးလျက် ရှိနေသည်။

ကမ္ဘာကြီး၏ ၇၅ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပြီး လူသားတို့ သုံးစွဲနိုင်သည့် ရေချို ပမာဏမှာ ကမ္ဘာ့ ရေထုပမာဏ ၏ သုံးရာခိုင်နှုန်း ခန့်သာ ရှိသည်ဟု သိရသည်။ ထိုပမာဏ အနက်မှ သုည ဒသမ ၁ ရာခိုင်နှုန်း ခန့်သာလျှင် လူတို့ သုံးစွဲနေကြောင်း သုတေသီ တို့၏ မှတ်တမ်းများ အရ သိရသည်။ ရေသည် လူတို့အတွက် ဆေးတစ်ပါးဟု ဆိုကြသည်။ နံနက် မိုးလင်းသည်နှင့် ရေတစ်ခွက် သောက်လိုက် ခြင်းသည် ကျန်းမာရေး အတွက် အထူး ကောင်းမွန်သည် ဟု မြန်မာ တိုင်းရင်း သမားတော်များ ကရော၊ အနောက်တိုင်း ဆေးဝါး ပညာရှင်များ ကပါ လက်ခံ ကျင့်သုံးလျက် ရှိကြသည်။

သို့သော် အဆိုပါ ရေသည် ကျန်းမာရေး အတွက် အားကိုးအားထား ရလောက်သည့် ရေကြည် ရေသန့်ဖြစ်၊ မဖြစ်ကိုမူ တချို့က သတိမပြုမိ ကြပေ။ တချို့က ရေကြည်နေလျှင် ရေသန့်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည် ဟု ထင်နေကြသည်။ ရေကြည်တိုင်း ရေသန့် မဖြစ်ပေ။ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့် ဟူသည် ပါဝင်ရမည့် ဓာတ်ပစ္စည်း စံနှုန်းများနှင့် အညီဖြစ်သည့် ရေကို ဆိုလိုရင်း ဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် ရေကောင်း ရေသန့်တွင် အရောင်၊ အဆင်း၊ အနံ့၊ အရသာ မရှိရပါ။ အနည်များ၊ အဆိပ်အတောက် ဖြစ်စေသည့် ဓာတ်သတ္တုများ၊ ဓာတ်ဆားများ မပါဝင်စေဘဲ ရောဂါပိုးများ ကင်းစင်ရမည်။ရေတွင် ပါဝင်သော ဓာတု ဒြပ်ပေါင်းများ ၏ ပါဝင်မှု အချိုးအစား မပိုစေရ ဟူ၍ ပညာရှင်များ၏ သတ်မှတ်ချက် များကိုလည်း သိထားရန် လိုအပ် ပေသည်။

ကမ္ဘာတစ်ဝန်း တွင် သောက်သုံးရေ မသန့်ရှင်း မှုကြောင့် ငါးနှစ်အောက် ကလေးများ နှစ်စဉ် ၁ ဒသမ ၅ သန်းခန့် သေဆုံး ခဲ့ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ အေဂျင်စီ၏ သတင်း မှတ်တမ်း ထုတ်ပြန်မှု အရ သိရသည်။ ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ရည်မှန်း ဆောင်ရွက် နေသည်ကို သိရသည်။ ရေသည် စိုက်ပျိုးရေး အတွက် မရှိမဖြစ် လိုအပ် သကဲ့သို့ လူတို့အတွက် တစ်နေ့တာ ကျန်းမာရေး မှသည် တစ်သက်တာ ကျန်းမာရေး အတွက် အဓိက ကျလှသည်။

သန့်ရှင်းသော သောက်သုံးရေ မရှိပါက လူတို့တွင် အူရောင်ငန်းဖျား ရောဂါ၊ ဝမ်းကိုက် ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အသည်းရောင် ရောဂါ၊ သူငယ်နာ အကြောတက် ရောဂါ၊ အနာကြီး ရောဂါ၊ မျက်ခမ်းစပ် ရောဂါ၊သွေးလွန် တုပ်ကွေး ရောဂါ၊ ငှက်ဖျား ရောဂါ၊ ဆင်ခြေထောက် ရောဂါနှင့် သန်းစွဲရောဂါ တို့ ဖြစ်ပွား တတ်သည့် အတွက် ရေကောင်း ရေသန့်များ ရွေးချယ် သောက်သုံးရန် လိုအပ်လှ ပါကြောင်း အသိပေး ရေးသား လိုက်ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger