www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 16, 2014

ဂျပန်အစားအစာ သည် အသက်ရှည်ခြင်း ၏ သော့ချက်လော


ဂျပန်အစားအစာ သည် အသက်ရှည်ခြင်း ၏ သော့ချက်လော

စိန်ဝင်းနွယ်

ဂျပန် အစားအစာသည် UK တွင် ပို၍ လူကြိုက်များ လာပြီ ဖြစ်သည်။ မကြာသေးမီက အမျိုးသား စာရင်းဇယားရုံး ( Office of National Statistics - ONS ) ၏ ထုတ်ပြန်ချက်တွင် ဂျပန် အစားအစာ များ၏ ကျန်းမာရေး အကျိုးရလဒ် များကို ဖော်ပြထားသည်။

လေ့လာချက်အရ ဂျပန် အမျိုးသမီး များသည် လေ့လာခဲ့ ရသည့် နိုင်ငံများရှိ အမျိုးသမီး အားလုံး၏ သက်တမ်းထက် ပို၍ ရှည်ကြသည်။ ဂျပန် အမျိုးသမီးများ၏ ပျမ်းမျှ သက်တမ်းမှာ ၈၆ ဒသမ ၄ နှစ် ဖြစ်သည်။ UK အမျိုးသမီးများ၏ ပျမ်းမျှ သက်တမ်းမှာ အင်္ဂလန်တွင် ၈၂ ဒသမ ၈ နှစ်၊ ဝေလနှင့် မြောက်အိုင်ယာလန် တွင် ၈၂ ဒသမ ၁ နှစ်နှင့် စကော့တလန် တွင် ၈ဝ ဒသမ ၇ နှစ်တို့ ဖြစ်ကြသည်။

ဗြိတိသျှနှင့် ဂျပန် အမျိုးသမီးများ အကြား သက်တမ်း ကွာခြားမှုသည် အဓိကအားဖြင့် အစားအစာ ကြောင့် ဖြစ်သည်။ ဂျပန် အစားအစာတွင် ငါး၊ ဟင်းသီးဟင်းရွက် နှင့် လက်ဖက်ရည်ကြမ်း များ ကြွယ်ဝ၏။ ယင်းတို့သည် ကျွန်တော်တို့ များစွာ စားသုံးသင့်သည့် ကျန်းမာရေး အစားအစာများ ဖြစ်ကြသည်။ ဗြိတိသျှ အစားအစာ တွင်မူ အဆီဓာတ် နှင့် ကာဗို ဟိုက်ဒရိတ် များ မြင့်မား နေ၏။ ဗြိတိသျှ ပြည်သူများ အသက်ရှည်ရေး မျှော်လင့်နိုင်ရန် အတွက် အာရှနိုင်ငံများ၏ ဘဝ နေထိုင်မှု ပုံစံနှင့် စားသောက်မှု အလေ့အကျင့် များကို အတုယူကြရေး အကြံပြု ထားသည်။ 

မကြာသေးမီက ထုတ်ပြန်သည့် စာရင်းဇယား များအရ ဂျပန်လူမျိုး များသည် လူတစ်ယောက် တစ်နှစ်လျှင် ငါး ၇ဝ ကီလိုဂရမ် ကျော် စားသုံးပြီး အနောက် ဥရောပသား များက ၂၆ ကီလိုဂရမ် ခန့်သာ စားသုံးကြ သည်ကို တွေ့ရသည်။ Muriel Gall က ငါးစားသုံးခြင်း ၏ အဓိက အကျိုးရလဒ် အချို့ကို ထောက်ပြ ထားသည်။ ငါးအများစု သည် အဆီဓာတ် ပါဝင်မှု နည်းသည် ဖြစ်ရာ ယင်း အခြေအနေက ကိုယ်အလေးချိန် ထိန်းညှိရေး နှင့် နှလုံး ကျန်းမာရေး အတွက် အကျိုးပြုသည်။ အသားများထက် ငါးများကို ပို၍ စားသုံးလျှင် အဆီဓာတ် မြင့်တက် စေသော အသားများ နေရာတွင် ငါးများက နေရာ ယူသည်။ ထို့ကြောင့် အသားထက်ငါးများ ပို၍ စားသုံးခြင်းက သွေးတွင်း ကိုလက်စထရော မြင့်တက်မှုကို လျော့ပါး စေနိုင်သည်။ ဆော်လမွန်ငါး၊ ငါး သေတ္တာငါး၊ ငါးသလောက် ယောက်ဖ၊ ဟားရင်းငါး (Herring) ၊ ပီလ်ချာ့ဒ်ငါး (Pilchard) နှင့် ထရောက်ငါး (Trout) ကဲ့သို့သော ငါးများတွင် ကျန်းမာရေး အထောက် အကူပြု Omega-3 အဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်သည် ဖြစ်ရာ ယင်း အဆီဓာတ်က သွေးဆဲလ်များ စေးကပ်မှု နှင့် သွေးခဲဖြစ်မှု လျော့ပါးစေသည်။ သွေးကြောများ အတွင်းရှိ သွေးခဲသည် လေသင်တုန်း ဖြတ်ခြင်း၊ ရုတ်တရက် နှလုံးထိခိုက်ခြင်း တို့ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထို အဆီဓာတ် ကြွယ်ဝသော ငါးများ စားသုံးခြင်းသည် လေသင်တုန်း ဖြတ်ခြင်းနှင့် ရုတ်တရက် နှလုံးထိခိုက် ခံရခြင်း အန္တရာယ် ကျရောက်နိုင်မှု လျော့နည်း စေသည်။

ဂျပန်တို့သည် မှိုများ၊ ပင်လယ် ရေမှော်များ၊ ဂျုံ၊ ဆန်နှင့် ပဲပုပ် ပဲထွက် အစားအစာများ ကဲ့သို့သော ဟင်းသီးဟင်းရွက် များကို ပဏာမ များစွာ စားလေ့ ရှိကြသည်။ ဤ အစားအစာ များသည် ကျန်းမာရေး ကောင်းနိုင်ခြင်း၊ အသက်ရှည် နိုင်ခြင်း နှင့်ပတ်သက်၍ Muriel Gall က '' UK မှာ ဟင်းသီးဟင်းရွက် ကို နည်းနည်းပဲ စားကြတယ်။ ဟင်းသီးဟင်းရွက် နဲ့ အသီးများများ စားခြင်းက နှလုံးသွေးကြော ဆိုင်ရာရောဂါ၊ လေသင်တုန်း ဖြတ်ခြင်း၊ ကင်ဆာနဲ့ အရေပြားပေါ်မှာ အစက်အပြောက် များဖြစ်ခြင်း စတဲ့ ရောဂါများ ဖြစ်မယ့် အန္တရာယ်ကို လျှော့ချ ပေးနိုင်တယ်။ လက်ရှိ ထောက်ခံ အကြံပြုချက် တွေအရတော့ လူတစ်ယောက်ဟာ တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၈ဝ ဂရမ်လောက် စားသုံးသင့်တယ် လို့ ဆိုပါတယ်။ UK မှာ အဲဒီပမာဏရဲ့ တစ်ဝက်အောက် စားကြပြီး ဂျပန်မှာ တော့ အဲဒီ ပမာဏထက် ပိုပြီး စားကြတယ်။ ကိုလက်စထရော အဆင့် နိမ့်ကျနေခြင်း က နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်မှု အန္တရာယ်ကို လျှော့ချ ပေးပါတယ် ... '' ဟု ပြောသည်။

ဂျပန်တို့သည် စားသောက်ပုံ နှင့်ပတ်သက်၍ အခြား နည်းလမ်းကိုလည်း အသုံးပြုကြ ပါသေးသည်။ " ဟာရာ ဟာချီဘူ " ဟူသော ဂျပန် ရှေးရိုးစကား တစ်ခုရှိသည်။ အဓိပ္ပာယ် မှာ ' ဗိုက်ပြည့်လျှင် ဆက်မစား ပါနှင့် ' ဖြစ်သည်။ အစာ ပမာဏ နည်းနည်း နှင့် ကယ်လိုရီ နည်းနည်း စားခြင်း နှစ်မျိုးစလုံးသည် ဂျပန်တို့ ကျန်းမာခြင်း နှင့် အသက်ရှည်ခြင်း ၏ အကြောင်းရင်း ဖြစ်သည်။ Muriel Gall က ''ကျွန်တော်တို့ အစားအစာ တစ်ခုကို အမြန်စားသုံး လိုက်တဲ့အခါ ခန္ဓာကိုယ် အနေနဲ့ ဝပြီဆိုတဲ့ ခံစားမှုကို ပြဖို့ အချိန် ၁၅ မိနစ်ကနေ နာရီဝက်အထိ ယူနိုင်ပါတယ်။ အဲဒီအချိန် ရောက်ပြီး ဝနေကြောင်း ပြပေမယ့် မကြာခဏ ဆိုသလို ကျွန်တော်တို့ ဆက်ပြီး စားနေတတ်ကြ ပါတယ်။ ခန္ဓာကိုယ်ဟာ အစာလုံလောက် နေပြီလို့ ပြတဲ့နည်းနဲ့ ဝင်လာတဲ့ အစာတွေကို ထိန်းချုပ် နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဆက်ပြီးစားနေတဲ့ အတွက် တုံ့ပြန်မှုက နှေးကွေး သွားပါတယ်။ ဂျပန် လူမျိုးတွေ လုပ်သလို တနင့်တပိုး ဝအီနေတာမျိုး မဖြစ်ခင် စားနေတာကို ရပ်လိုက်ခြင်းက အလွန်အကျွံ စားမှုနဲ့ အဝလွန်မှုကို ထိန်းချုပ် နိုင်ပါတယ် ... '' ဟု ရှင်းပြပါကြောင်း ရေးသား လိုက်ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger