စံပြုထိုက်သူများ
ဇော်နောင်ဟိန်း ( Guitar )
ပညာရပ် တစ်ခုကို တတ်မြောက်ဖို့ အတွက် လုံလောက်တဲ့ အချိန် တစ်ခု ပေးရ ပါတယ်။ သင်ယူသူရဲ့အခြေခံ အနေအထား ရယ်၊ ပညာရဲ့ အတိမ်အနက် ရယ်က ကာလ တစ်ခုကို ရေးဆွဲပြဋ္ဌာန်း ရပါတယ်။ ပြင်ပ သင်တန်း တွေမှာ တစ်လ သင်တန်း၊ နှစ်လ သင်တန်း စသဖြင့် အချိန်တို သင်တန်းတွေ ရှိကြပြီး အခြေခံ ပညာကျောင်း တွေမှာတော့ သူငယ်တန်း ကနေ တက္ကသိုလ် ဝင်တန်း အထိ အဆင့်မြင့် ပညာမှာ ဘာသာရပ် အလိုက် လေး၊ ငါး၊ ခြောက်နှစ် အထိ သင်ယူကြ ရပါတယ်။
သင်ယူခြင်း ဆိုတာ ပြဋ္ဌာန်းချက် အရ ပြီးဆုံးသွားခဲ့ ပေမယ့် လက်တွေ့ ဘဝထဲ မှာတော့ မပြီးဆုံးသေး ပါဘူး။ ငယ်စဉ် ကလေးဘဝ မှာ အမေ၊ အဖေနဲ့ ပတ်ဝန်းကျင်က သင်ပေးတာကို လက်ခံခဲ့ ကြတယ်။ ဘုရားစာ ရွတ်တာ သင်ပေးတဲ့ မိဘတွေ လက်မှာ ကြီးပြင်း လာတဲ့ ကလေးက သုံးနှစ် သားလောက်နဲ့ ၂၄ ပစ္စည်း ရွတ်တတ် နေပြီ။ သမ္ဗုဒ္ဓေ ရွတ်တတ် နေပြီ။ ဆဲတာ သင်ပေးတဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေ ကတော့ မပီကလာနဲ့ ဆဲတတ် လာပြီး အရွယ်အရ ဆဲတာကလဲ ချစ်စရာ ကောင်း နေတာမို့ တချို့မိဘ တွေလဲ ကျေနပ်နေကြ ပါတယ်။ ကလေးငယ်တွေ ဘေးမှာထားပြီး ဘီယာဆိုင်မှာ ဘီယာသောက် နေကြတဲ့ မိဘတွေလဲ အခု နောက်ပိုင်း မထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါပြီ။ 'ကလေးကို လူကြားထဲ ဒီလို ခေါ်လာတော့ လူမကြောက် တော့ဘူး ... ' လို့ အကောင်းဘက်က ကြည့်ပြောတဲ့ မိဘတွေကိုလဲ တွေ့ဖူးပါတယ်။ စားသောက်ဆိုင် မှာ လူတန်းစား အမျိုးမျိုးရဲ့ ပြောပုံ၊ ဆိုပုံတွေ၊ သောက်ပုံ၊ စားပုံတွေ၊ အနည်းဆုံး ဆေးလိပ်၊ ဘီယာနံ့တွေ ကတော့ ဒီကလေးငယ် တွေအတွက် ယဉ်ပါးရင်း အကျွမ်းဝင် လာတော့မယ် ဆိုတာ နီးစပ်နေပါပြီ။ အကြောက်တရား မဝင်အောင် သင်ပေးလို့ ရတဲ့ နည်းလမ်း မရှိတော့ ဘူးလား စဉ်းစားကြည့် ရအောင်ပါ။
ပညာတတ်ပါစေ။ ပညာတတ်ရင် လူမကြောက် ပါဘူး။ ဘယ်လိုလူနဲ့ ဖြစ်ဖြစ် ရင်ဆိုင် နိုင်တာဟာ ပညာရှိမှပါ။ ငယ်စဉ်က ပညာ ကောင်းစွာ မသင်ခဲ့ရ သူတွေ အသက်ကြီးမှ နောင်တရကြ ပါတယ်။ ပိုက်ဆံ ချမ်းသာနေရင် တောင် သိမ်ငယ် နေတတ် ပါတယ်။ အခြေအနေ အရ အသိုင်းအဝိုင်း တစ်ခုဆီကို ချဉ်းကပ်ရတော့ မယ်ဆိုရင် မသိစိတ်က အကြောက် တရားတွေ ပေါ်ထွက် လာတတ် ပါတယ်။ မိမိမှာ ရှိနေတယ်လို့ တောင်မထင်တဲ့ ကြောက်စိတ်ပါ။ ငယ်စဉ်က မိသားစု အခြေအနေ အရ ကျောင်းထွက်ခဲ့ ရသူတွေ၊ စားဝတ်နေရေး အတွက် ပညာရေး အဆက်ပြတ် ခဲ့သူတွေ၊ ဘွဲ့ရပြီး လူတောမတိုး သူတွေ ဘယ်သူပဲ ဖြစ်ပါစေ သင်ယူခြင်း အဆက်မပြတ်ပါစေနဲ့။ သင်ယူခြင်း အဆက်ပြတ်ရင် ညံ့သွားတတ် ပါတယ်။ ဓားတွေသံချေး မတက်အောင်၊ ထက်နေအောင် သွေးပေး ရသလိုပါပဲ။ ဦးနှောက်ကိုလဲ Brain Storming လုပ်ပေးရတဲ့ သဘောပါ။ အလုပ် မရှိရင် ရှိတာ ရှာလုပ်ပါ။
အလကား မနေပါနဲ့။ အလကား နေတဲ့သူက အလကားလူပဲ ဖြစ်မှာပါ။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သိချင်ရင် အချိန်ကို ဘယ်လို အသုံးချ သလဲဆိုတာ နဲ့ပဲ ကြည့်ရ ပါတယ်။ အားလပ်ချိန်မှာ ဘာလုပ်လဲ ဆိုတာက လူတစ်ယောက် အနေနဲ့ သူ့ဘဝ ပန်းချီကားကို သူဘယ်လို ရေးဆွဲသလဲ ဆိုတာရဲ့အဖြေပါပဲ။ လူတိုင်းဘဝမှာ ပန်းချီကား တစ်ချပ် ရေးဆွဲနေကြ ပါတယ်။ ဘယ် အရောင်သုံးပြီး ဘယ်ပုံစံ ရေးမလဲ ဆိုတာ အဲဒီလူ အပေါ်မှာပဲ မူတည် ပါတယ်။
စဉ်ဆက်မပြတ် သင်ယူ နေခြင်းဟာ ရလာတဲ့ လူ့ဘဝကို မိမိကိုယ်တိုင် တာဝန်ယူခြင်း ပါပဲ။ သင်ယူတယ်။ တတ်မြောက်တယ်။ ထပ်ပြီး သင်ယူတယ်။ ထပ်ပြီး တတ်မြောက်တယ်။ ဒီလိုနဲ့ ပညာရှင် တစ်ယောက် ဖြစ်လာပြီး နောင် မျိုးဆက် အတွက် စံနမူနာ ကောင်း ဖြစ်လာ နိုင်ပါတယ်။ စံပြုထိုက်သူ မှန်သမျှဟာ စဉ်ဆက်မပြတ် သင်ယူ နေကြသူတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က တပည့် တစ်ယောက် ' ဆရာ့ကို ကန်တော့ ပါရစေ' ဆိုပြီး တစ်ရက်က အိမ်ရောက် လာတယ်။ ပြင်ဦးလွင် က သိန်းထောင်ချီ တန်တဲ့ နေရာကောင်း တစ်ခုမှာ စားသောက်ဆိုင်၊ ပရိဘောဂ အလုပ်ရုံနဲ့ ကားအမျိုးမျိုး စီးနိုင်တဲ့ အခြေအနေ နဲ့ပါ။ သူ့နယ်ပယ်မှာ အတန်အသင့် လွှမ်းမိုးမှု ရှိတဲ့သူ တစ်ယောက် ဖြစ်နေပြီ သူ့အသက် ၁၈ နှစ်၊ ၁၉ နှစ်လောက် ကတည်းက ရွှေဥဒေါင်းရဲ့'အကြံဉာဏ် ဖြင့် ကြီးပွားရေး' စာအုပ်ကို ဖတ်ခဲ့တာ။ တောက်မယ့် မီးခဲတရဲရဲ လို့ ပြောရမယ်။
အလုပ်ကို တာဝန်ယူပြီး လုပ်နိုင်တဲ့ ခေါင်းဆောင် စိတ်ဓာတ်ကို အဲဒီ အရွယ် ကတည်းက မြင်ခဲ့ရတာ။ 'ကျွန်တော်က ဆရာ့ရဲ့ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံ ကအစ ကြည့်ပြီး ပညာယူခဲ့ ရတာပါ။ အခု အချိန်ထိလဲ အခြေအနေ တစ်ရပ်အပေါ် မှာ ကောင်းဆိုး နှစ်တန်ကို အကျိုးအကြောင်း နဲ့ ရှင်းပြ ပေးတတ်တဲ့ ဆရာက အခု အချိန်ထိ ကျွန်တော့် ရင်ထဲက ဆရာပါပဲ ... ' တဲ့။ ကျွန်တော် ပီတိဖြစ်ရ ပါတယ်။ ဒီစကားက ကျွန်တော့် ရင်ထဲမှာ မျက်ရည်ကျ မိတဲ့စကားပါ။ 'ကောင်းတာ လုပ်တာပဲ ဆိုပြီး လုပ်ချင်ရာ မလုပ်မိစေနဲ့။ ကိုယ်လုပ်ချင်ရာ လုပ်တာကိုလဲ ကောင်းတာ လုပ်တာပဲ ဆိုတဲ့ အကြောင်းပြချက် မပေးမိစေနဲ့။ အများအကျိုး ထိခိုက် နေတယ်ဆိုရင် အဲဒါ ကောင်းတာ မဟုတ်တော့ဘူး။ မိသားစုနဲ့ နေတဲ့သူက မိသားစု မျက်နှာ ကြည့်ရတယ်။ ပတ်ဝန်းကျင်နဲ့ နေတဲ့သူက ပတ်ဝန်းကျင် မျက်နှာ ကြည့်ရတယ်။ တာဝန်ကြီးတဲ့ သူတွေက အမှားကြီး တတ်တယ်။ ဆုံးရှုံးမှု ကြီးတတ် ပါတယ်။ နိုင်ငံ အစိုးရတိုင်းဟာ ပြည်သူအတွက် စဉ်းစား ပြီး အလုပ်လုပ် ရသလိုပဲ လုပ်ငန်းရှင် တစ်ယောက်ကလဲ နောက်မှာ မှီခိုနေတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာ ကြည့်ရမယ် ' လို့ ဆုံးမစကား မဟုတ်တဲ့ သတိပေး စကား ဆိုရပါတယ်။ အခြား တစ်ဖက်က စဉ်းစား ကြည့်တော့ မိမိကိုယ်တိုင် က မသိလိုက်ဘဲ စောင့်ကြည့် အကဲဖြတ်ခံ လိုက်ရတယ် ဆိုတာပါပဲ။ အလုပ်တစ်ခုကို ကိုယ့်သဘော အတိုင်း လုပ်လာရင်းက စိတ်တိုစရာ တွေလဲ ကြုံခဲ့တယ်။
စိတ်ညစ်စရာ အခက်အခဲ တွေလဲ ဖြေရှင်းခဲ့ ရတယ်။ ဝမ်းသာ အားရ မာနဖြစ်စရာ အောင်မြင်မှု တွေလဲ ခံစားခဲ့ ရတယ်။ ဒီနေရာမှာ ကိုယ့်ကို ဘယ်သူက စောင့်ကြည့် အကဲဖြတ် နေတယ်လို့ မတွေးမိ ခဲ့တာကို အရိုးသားဆုံးဝန်ခံ ရမှာပါ။ ကျွန်တော် ကိုယ်တိုင် သူ့ရှေ့မှာ နူးညံ့တဲ့ သွင်ပြင်၊ ကြမ်းတမ်းတဲ့ လက္ခဏာ၊ ကျေနပ်မှု၊ မကျေနပ်မှု ရောယှက်တဲ့ အခြေအနေ တွေကို လုပ်ခဲ့ မိပါလားလို့ အခုအချိန် ရောက်မှ ပြန်တွေး မိပါတယ်။ဒီနေရာမှာ ကျွန်တော် လေးလေး နက်နက် တွေးမိ ပါတယ်။ အရင်အတိုင်းပဲ ဆက်သွား မလား။ အရင် အပြုအမူ အတိုင်းပဲ ငါ အလုပ်ရှင်ပဲ။ ငါ လူကြီးပဲ ဆိုပြီး လုပ်ချင် သလို ဆက်လုပ် မလား။ နေချင်သလို ဆက်နေ မလား။ ကိုယ့်ကို စောင့်ကြည့် နေတယ် ဆိုတဲ့ အသိနဲ့ သတိထားပြီး ပြုမူပြောဆို လုပ်ကိုင်မလား ဆိုတဲ့ အတွေးတွေ ဆက်တိုက် ဝင်လာခဲ့ ပါတယ်။
စံနမူနာကောင်း ဆိုတာ လူတိုင်းမှာ မရှိပါဘူး။ တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက် ရှားပါးတဲ့ အရာတစ်ခုပါ။ အသက်အရွယ် နဲ့ အတွေ့အကြုံ အရ စံပြုထိုက် သူများ ပြောင်းလဲ လာတတ် ပါတယ်။ အလယ်တန်း ကျောင်းသား ဘဝတုန်းက စံထားခဲ့ ရတဲ့ သူတစ်ယောက် ဟာ တက္ကသိုလ် ကျောင်းသား ဘဝမှာတော့ အခြား တစ်ယောက်ကို ပြောင်းလဲ စံပြု နိုင်ပါတယ်။ ဒါမှမဟုတ် တစ်သက်လုံး စံပြု ထိုက်သူတစ်ယောက်လဲ ဖြစ်နိုင်ပါတယ်။ နိုင်ငံရေး နယ်ပယ်မှ စံပြု ထိုက်သူတွေ၊ ဘာသာရေး နယ်ပယ်မှ စံပြုထိုက် သူတွေ၊ စာပေနယ်မှ စံပြုထိုက် သူတွေ၊ အားကစား လောကမှ စံပြုထိုက် သူတွေ စသဖြင့် နယ်ပယ် အသီးသီး အလိုက်စံပြုထိုက် သူတွေ ရှိကြပါတယ်။ ဒီနေရာမှာ ကလေးတွေ အတွက် စံပြုထိုက် တဲ့ ဖေဖေ၊ မေမေ ဖြစ်ဖို့၊ ကျောင်းသားထု အတွက် စံပြုထိုက်တဲ့ ဆရာ ၊ ဆရာမ တွေ ဖြစ်ကြဖို့၊ သက်ဆိုင်ရာ နယ်ပယ် အလိုက် စံပြုထိုက်တဲ့ သူတွေ ဖြစ်ကြဖို့ စဉ်ဆက်မပြတ် ကြိုးစားနေဖို့ လိုအပ်ပါတယ်။ မိမိကိုယ်တိုင် မသိလိုက် တဲ့ အချိန်တွင်းမှာ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်စရိုက် တွေကို အနာဂတ် ရဲ့ ခေါင်းဆောင် မျိုးဆက်သစ်တွေ အတုယူ လွဲမှား သွားခဲ့ရင် သမိုင်းစာမျက်နှာကို မျက်ရည်နဲ့ ဖျက်လို့ မရဘူးဆိုတာ သတိထားဖို့ လိုတယ် ဆိုတဲ့ အကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment