www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 5, 2014

ကမ္ဘာ့ဆရာများနေ့ (၂၀၁၄)


ကမ္ဘာ့ဆရာများနေ့ (၂၀၁၄)

World Teacher's Day (2014)


အနန္တေ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် ဘုရားနှင့် တစ်ဂိုဏ်းတည်း ပါဝင်သည့် ဆရာ ဆရာမ များကို ဂုဏ်ပြု ပူဇော် ခဲ့ကြသည်မှာ မြန်မာနိုင်ငံ ၌ ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် ရှိခဲ့ပြီး ဖြစ်ပေသည်။ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း နှင့် မြန်မာလူမျိုး တို့သည် ဆရာသမား များ၏ ဂုဏ်ဒြပ်နှင့် တန်ဖိုးကို လေးစား ကြည်ညို ကြသည်မှာ မြန်မာတို့၏ ချစ်စရာ ဓလေ့စရိုက် ပင် ဖြစ်ပါသည်။ ယနေ့ အချိန်အခါ သည် " ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဟူသော ဆောင်ပုဒ်အရ မြန်မာ တစ်မျိုးသားလုံး ပညာရည် မြင့်မားရေး ဦးတည်ချက် နှင့် လျော်ညီစွာ ချမှတ် ထားသော ပညာရေး စီမံကိန်း တို့ကို လက်တွေ့ အကောင် အထည်ဖော် သူများမှာ ဆရာ ဆရာမ များဖြစ်ကြပေရာ ယနေ့ ဆရာ ဆရာမ တို့၏ အခန်းကဏ္ဍမှာ လွန်စွာမှ အရေးကြီး လှပေသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း ယူနက်စကို သည် အနာဂတ် ၏ မျိုးဆက်သစ်များ မွေးထုတ်ရေး ၊ တစ်နည်း အားဖြင့် လူသား အရင်းအမြစ် များ တိုးတက် မြင့်မားရေး တွင် အဓိက ကျသည့် လိုအပ်ချက် များကို စဉ်ဆက် မပြတ် ဖြည့်ဆည်း ပေးရေး နှင့် ဆရာ ဆရာမ များ၏ အခန်းကဏ္ဍ မြှင့်တင်ရေး စည်းရုံးရေး လှုံ့ဆောင်မှုကို ရည်ရွယ်၍ ကမ္ဘာ့ ဆရာများနေ့ ကို ၁၉၉၄ ခုနှစ် ၊ အောက်တိုဘာ ၅ ရက်မှ စ၍ တရားဝင် သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့ ကျရောက်တိုင်း ကမ္ဘာ့ ဆရာများနေ့ ကို ကမ္ဘာ တစ်ဝန်း၌ ကျင်းပ လာခဲ့ကြ သည်မှာ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် ၂၀ ကြိမ်မြောက် သို့ ရောက်ခဲ့ပြီး ဖြစ်ပေသည်။ ကမ္ဘာ့ ဆရာများနေ့ သည် ပညာရေး ကဏ္ဍ တိုးတက် မြင့်မားရေး ၊ တစ်နည်း အားဖြင့် လူသား အရင်းအမြစ် တိုးတက် မြင့်မားရေး တွင် အဓိက ကျသည့် ဆရာ ဆရာမ များ၏ အခန်းကဏ္ဍ ကို အလေးထားမှု ၊ အပြန်အလှန် နားလည်မှု နှင့် အသိအမြင်များ နိုးကြား လာစေမှု တို့ကို ကိုယ်စားပြုသည့် နေ့ထူး နေ့မြတ်လည်း ဖြစ်သည်။ တစ်ဆက်တည်း မှာပင် အသိပညာ ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် လက်တွဲ လုပ်ဆောင်မှု အခြေအနေ များတွင် နိုင်ငံတကာ အဆင့် ပြန်လည် ဆွေးနေါး သုံးသပ်ရန် အတွက် ယနေ့ အချိန်တွင် အတူတကွ လေ့လာ ဆည်းပူး ကြပါစို့ ဟူသော ရည်ရွယ်ချက် နှင့်အညီ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနား အား ဆွေးနွေး အဖြေရှာရန် ယူနက်စကို က ခေါင်းစဉ် သတ်မှတ် ပေးပြီး ဖြစ်ပါသည်။ ယနေ့ အချိန်တွင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်တို့၌ ကမ္ဘာ့ ဆရာများနေ့ အဖြစ် နှစ်ပတ်လည် အခမ်းအနား များ ကျင်းပကာ ထူးချွန် ဆရာ ဆရာမ များအား ဆုချီးမြှင့်ခြင်း အစီအစဉ် ကို သက်ဆိုင်ရာ နိုင်ငံများ တွင်လည်း ကောင်း ၊ နိုင်ငံတကာ အဆင့် အဖြစ် ယူနက်စကို မှ လည်းကောင်း နှစ်စဉ် ကျင်းပ ပြုလုပ်လျက် ရှိပေသည်။ ထို့ကြောင့် အာစရိယ ဂုဏော အနန္တေ အနန္တ ဂိုဏ်းဝင် ဆရာ ဆရာမ တို့၏ ကျေးဇူး တရားကား ကမ္ဘာ တည်သရွေ့ ၊ လူ့လောကကြီး တည်ရှိနေ သရွေ့ ထာဝရ ထွန်းလင်း တောက်ပြောင် နေမည်မှာ မလွဲဧကန် ပင် ဖြစ်ပါတော့ သတည်း ။  ။

စာတည်း
မြ၀တီရသစုံမဂ္ဂဇင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger