ကျောင်းတက်လျှင် ထမင်း မစားရဘူး
မောင်လပြည့် (သာစည်)
''လောကကြီးကို ပြောင်းလဲဖို့ အသုံးပြု နိုင်သည့် ပါဝါ အရှိဆုံး လက်နက်ဟာ ပညာပဲ ဖြစ်ပါတယ်''။ ခေတ် အားလျော်စွာ တိုးတက် လာတော့ ပရိုဂျက်တာ ( Projector ) ကြီးတွေနဲ့ မှတ်သားသင်ယူ ရတဲ့စနစ် ထွန်းကား လာပြီ ဖြစ်တယ်။ ဝယ်ထားတဲ့ ဝှိုက်ဘုတ် ( White Board ) ကြီးတောင် အိပ်ငိုက်လျက် ငုတ်တုတ် မိန်းမော နေပါတော့တယ်။ ဆရာ ပြောတာကို နားထောင်လိုက်၊ ပရိုဂျက်တာ ကြီးကို မေးငေါ့လိုက် နဲ့ ငိုက်ဖို့တောင် အချိန် မရနိုင်ပါ။ လေ့လာသင်ယူ လိုသူအတွက် သင်ယူစရာတွေ အများကြီး ရလိုက်ချိန်မှာ ဖုန်းတစ်လုံး နဲ့ အလုပ်ရှုပ် နေသူအတွက် အတန်းသာ ပြီးသွားတယ် ဆရာ ဘာသင်သွားလဲ ဆိုတာကို မသိလိုက် သူတွေလဲ ရှိတယ်။ မသိလဲ ကိစ္စမရှိ၊ ဟန်းဒေါက် ( Handout ) ရှိသည်။ ပရိုဂျက်တာ နှင့် ချိတ်ဆက် သင်သွားတဲ့ ဖိုင် ( File ) ကို ကူးယူမယ် ဆို၍လဲ ရပါတယ်။ စာအတွက် စိတ်မပူ၊ ဖုန်းသာပူမှာ စိုးရိမ်လို့သာ ဖြစ်နေပါ တော့တယ်။
ဒုန်း… ဒုန်း… ဟိုဘက် အခန်းမှ ခေါက်သံ ကြားလိုက်ရတယ်။ ဘလက်ဘုတ် ( Black Board ) ကြီးကို တဒုန်းဒုန်း ခေါက်နေခြင်းပါ။ '' မြေဖြူပုံး သွားယူ အပေါ်ထပ်ကို'' ဆရာမ၏ အသံ ဖြစ်ပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မြေဖြူ ကို ရေအတူပမာ သုံးစွဲ နေရတုန်းပါလား။ ကလေးငယ်တွေ ဘလက်ဘုတ် ကြီးကို ငေးမောလျက် ထိုင်ရတဲ့ခုံက အဆင်မပြေ၊ ခေတ်မကုန် သေးတဲ့ ကျောက်သင်ပုန်းကို အိုင်ပတ် ( iPad ) ပမာ လက်က မချနိုင်သေး။ အိမ်သာဆိုတာ တောရွာ အတွက် ချုံကောင်း တစ်ခုပဲ လိုအပ်တယ်။ ဒီအနေအထား နဲ့ ပျော်မွေ့စွာ ပညာသင် နေသော လူငယ်လေးတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ အခုလို အနေအထားကို တိုးတက်အောင် ဘယ်သူက ပြုပြင်ပေး ကြမှာလဲ။ ရွာက လူကြီးကို အပြစ်တင် ရမလား၊ ကျောင်းအုပ် ဆရာကြီးကိုပဲ အပြစ်မြင် ရမလား၊ အထက်က လူကြီးတွေကို အကူအညီ တောင်းရမလား၊ မေးခွန်းပေါင်း များစွာနဲ့ အဖြေ ရှာမရ နေသာ ကျသွားတယ်၊ အနေအထား ကတော့ မပြောင်းလဲ သေးပါဘူး။ ကျောင်း မှန်မှန်တက်၊ စာမခက်တဲ့။ မိဘ ဖြစ်သူတွေက အားပေးရှာတယ်။ စာမတတ်ရင် ဆင်းရဲမယ်၊ စာတတ်ရင် မဆင်းရဲဘူး .. တဲ့။ ကလေး ဘဝတုန်းက အတွေးခေါင်း ထဲက မထွက်တော့ စာပေကို ကြိုးစား ဖြစ်ပါတယ်။ ကျောင်းတက်တာ မဆင်းရဲချင်လို့ ပညာကို သင်ယူတယ် လို့ပဲ သတ်မှတ်ထား မိတယ်။ စာတတ်ရင်တော့ ချမ်းသာ လိမ့်မယ်လို့ပဲ ယုံကြည် ထားတယ်။ ဘာကြောင့်ဆိုတဲ့ အတွေးတွေ မတွေးမိဘူး။
ဒီလိုနဲ့ ပညာရေးကို သူများထက် သာလွန်အောင် လေ့လာ သင်ယူ လိုက်စားမိတယ်။ တချို့ကလဲ ကျောင်းတက်တာ ထမင်းမစား ရဘူး၊ အလုပ်လုပ်မှ ထမင်းစား ရမယ်ဆိုတဲ့ မိဘတွေရဲ့လမ်းညွှန်မှု အမှားအောက်မှာ ဇဝေဇဝါ အဖြေရှာဖွေ မနေတော့ဘဲ လယ်ယာ ဆိုတဲ့ ကွန်ရက်ထဲ မနက်မိုးလင်း ကနေ မိုးချုပ်အထိ လိုင်းကောင်းကောင်း နဲ့ အင်တာနက် သုံးနေရသလို ပျော်နေရှာ တုန်းပါပဲ။ ဆရာ့အသံ ရုတ်တရက် ကြားလိုက်မှ အတွေးတွေ ရပ်တန့် သွားတော့တယ်။ ဒီနေ့ ဒီလောက်ပါပဲ၊ ဘာ မေးစရာများ ရှိပါသလဲ စသဖြင့် သင်တန်းကို ရပ်လိုက် ပါတော့တယ်။ ကျွန်တော့် အတွေးတွေ ကတော့ ဟိုး .. အတိတ်ဆီကို ပြေးနေလျက်။ ကျွန်တော် ပညာသင်တာ မဆင်းရဲဖို့ သက်သက် ပဲလား။ ကျွန်တော် ဘာသာတရားတွေ ဖတ်ကြည့် လေ့လာတော့ ဘုရားရှင်က ပညာဆိုတာ အကျိုးအကြောင်း အဆိုး အကောင်းကို သိတာပညာ၊ လုပ်သင့် လုပ်ထိုက်တာ ပြောသင့် ပြောထိုက် တာကို သိတာပညာ စသဖြင့် ဖတ်ဖူးပါတယ်။ ကျွန်တော့်အသိ အတော်မှား နေသလား၊ တကယ်တော့ ကျွန်တော် သင်နေတာက ပညာတတ်ဖို့ လောက်ပဲ၊ ပညာရှိဖြစ်ဖို့ မဟုတ်သေးဘူး ဆိုတာကို တွေးမိ လိုက်တယ်။
ကျောင်းတက် ပညာသင်ယူ နေသူ အားလုံး ကရော ပညာ တတ်ဖို့လား၊ ပညာရှိ ဖို့လား။ အတွေးက တစ်ဖက်ရွာက ဘလက်ဘုတ် ကြီးကို ဝှိုက်ဘုတ်ကြီး အဆင့် ဖြစ်အောင်၊ မြေဖြူကို မက်ကာ ( Marker Pen ) ဖြစ်အောင်၊ ပဲ့ရွဲ့ ဆွေးလုလု ဘလက်ဘုတ်ကြီး ကို ပရိုဂျက်တာကြီး အဆင့်ဖြစ် အောင်၊ ကျောင်းတက်လျှင် ထမင်းမစားရဘူး၊ အလုပ်လုပ်မှ ထမင်းစား ရမယ် ဆိုတဲ့ အတွေးတွေ ပပျောက်အောင် စာပေမျိုးစေ့ တိုး၍ ချရဦးမည်သာ။ Education is the most powerful weapon which you can use to change the world(Nelson Mandela) ပြောသည့် လောကကြီးကို ပြောင်းလဲဖို့ အသုံးပြုနိုင်တဲ့ ပါဝါ အရှိဆုံး လက်နက်ဟာ ပညာတစ်ခုပဲ ဖြစ်ပါတယ် ဆိုတာကို ကျွန်တော့် ရွာကလူတွေ သိစေချင် လိုက်ပါဘိ။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment