www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 29, 2014

ရန်ကုန်မြို့ရှိ ပန်းခြံ ၅ဝ ကျော်ကို အခမဲ့ဝင်ခွင့် ပြုသွားမည်ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယိုရိုက်ကူးမှုများ အတွက် သတ်မှတ်ငွေကြေး ပေးဆောင်ရမည်



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဥယျာဉ် အပါအဝင် ပန်းခြံ ၅ဝ ကျော်ကို ၂ဝ၁၅ ခုနှစ်ဧပြီလ မှစတင်ကာ ဝင်ကြေးအခမဲ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ဆောင်မှု သည် အများ ပြည်သူများ အပန်းဖြေ နိုင်ရန် နေရာများ နည်းပါး ခြင်းကြောင့် ယင်း နေရာများတွင် စိတ်အေးချမ်းစွာ အပန်းဖြေ နိုင်စေရန် ရည်ရွယ် ထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ပန်းခြံ ၆၃ ခုရှိသည့် အနက် လက်ရှိ အခမဲ့ ဝင်ခွင့်ပြု ထားသော ပန်းခြံအချို့ အပါအဝင် ပန်းခြံ ၅၉ ခုကို ၂ဝ၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ဝင်ကြေး အခမဲ့ ပြုလုပ်မည် ဖြစ်ပြီး ကျန်ရှိသော မြကျွန်းသာ၊ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင် နှင့် အာဇာနည် ဗိမာန် စသည့် နေရာလေးခု ကို ဝင်ကြေးများ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးများ ဆက်လက် ကောက်ခံမည့် မြကျွန်းသာ ကိုလည်း ပုဂ္ဂလိက သို့ ငှားရမ်းထားပြီး အဆင့် မြှင့်တင်မှု လုပ်ငန်းများ လုပ်ဆောင် နေခြင်းကြောင့် ဝင်ကြေး ဆက်လက် ကောက်ခံရခြင်း ဖြစ်ကြောင်း၊ အလားတူ ပြည်သူ့ရင်ပြင် ကိုလည်း Natural World ကုမ္ပဏီသို့ ငှားရမ်းထားပြီး ရှစ်မိုင်လမ်းဆုံ ရှိ မြိုင်ဟေဝန် ပန်းခြံမှာ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေး သော်လည်း ဝင်ကြေးများ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် အာဇာနည် ဗိမာန် ကိုလည်း ဝင်ကြေးပေး ရသည့် စနစ် အသုံးပြုရခြင်း သည် နိုင်ငံတကာ တွင် အထိမ်းအမှတ် နေရာများသို့ ဝင်ရောက် ရာတွင် ဝင်ကြေး ပေးဆောင် ရခြင်းများ ရှိနေခြင်းကြောင့် ဝင်ကြေး ပေးသည့် စနစ်ကို ပယ်ဖျက်မည် မဟုတ်ကြောင်း သိရသည်။

ကန်တော်ကြီး ဥယျာဉ် (ပုံ) သို့ အခမဲ့ ဝင်ရောက်ရာတွင် ဇေကမ္ဘာကုမ္ပဏီ သို့ ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှ လွဲ၍ အခြားသော ဝင်ပေါက် ခုနစ်ပေါက်မှ အခမဲ့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ အခမဲ့ ဝင်ရောက် ခွင့်ပြုမည့် ပန်းခြံ ၅၉ ခုကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက် အပန်းဖြေ နိုင်ရန် စီစဉ် ပေးသွားမည် ဖြစ်ကြောင်း၊ အခမဲ့ ဝင်ကြေးဟု ဆိုရာတွင် လူဝင်ကြေး နှင့် ယာဉ်ဝင်ခ များသာ အခမဲ့ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယို ရိုက်ကူးမှုများ အတွက် သတ်မှတ် ငွေကြေး ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ပြုလုပ်မည့် ပန်းခြံ ၅၉ ခုအနက်မှ ကန်တော်ကြီး ဥယျာဉ်မှာ နှစ်စဉ် ဝင်ငွေ ငွေကျပ်သိန်း ၂ဝဝဝ ခန့် ရရှိပြီး အလားတူ အင်းလျားပန်းခြံ မှ ဝင်ငွေ ငွေကျပ်သိန်း ၁၅ဝ ခန့်၊ စော်ဘွားကြီးကုန်း ရှိ နံ့သာမြိုင် ပန်းခြံ မှ ဝင်ငွေ ငွေကျပ် ၁၅ သိန်း ခန့်၊ အင်းစိန်ပန်းခြံ မှ ဝင်ငွေ ငွေကျပ် ၁၄ သိန်း ခန့်ရရှိရာ အခမဲ့ ပြုလုပ်မည် ဆိုပါက နှစ်စဉ် ပန်းခြံများမှ ဝင်ငွေ ငွေကျပ်သိန်း ၂၂ဝဝ နီးပါးခန့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger