ယဉ်ကျေးမှု အဆင့်အတန်း မြင့်သောနိုင်ငံ
''ပညာရေးဟာ နိုင်ငံရဲ့ အခြေခံအုတ်မြစ် ပါပဲ။ ပညာရေးရဲ့ အနှစ်သာရ၊ ပညာရေးရဲ့ အဆုံးစွန် ပန်းတိုင်ဟာ အကျင့်စာရိတ္တ ပျိုးထောင်ရေးပဲ ဖြစ်တယ်'' ဟု ပလေတိုက ဆိုခဲ့သည်။ ကျောင်းစာ သင်ခန်းများ ဖွင့်နိုင်လေ၊ ထောင်တံခါးများ ပိတ်နိုင်လေ ဆိုသည်မှာ ကျောင်းများက လူလိမ္မာ၊ လူယဉ်ကျေးများ ဖြစ်လာရန် လိုအပ်သော ကိုယ်ကျင့်တရား ရှိသူများ မွေးထုတ် ပေးခြင်းကို ဖော်ညွှန်းသည်။
မဃဒေဝ လင်္ကာတွင် ''အကျင့်စာရိတ္တ၊ ဝါရိတ္တဟု၊ အလှရတနာ၊ မြတ်တန်ဆာလည်း၊ သတ္တဝါချင်း၊ မင်းဆင်းရဲသား၊ မပိုင်းခြားဘူး၊ လေးပါးကြီးငယ်၊ မျိုးနွယ်မဆို၊ ရွယ်ပျိုနုရင့်၊ ဆင်တိုင်းတင့်၏'' ဟု ဆိုထားရာ လူသားတိုင်းနှင့် အတင့်တယ်ဆုံး အရာမှာ မွန်မြတ် သန့်ရှင်းသော အကျင့်စာရိတ္တ ကို မွေးမြူ နိုင်ခြင်းပင် ဖြစ်သည်။
ကျောင်းများတွင် စာရိတ္တပညာကို သင်ကြား နေကြရာ ကိုယ်နှုတ် နှလုံးသုံးပါးလုံး ဖြင့် ယဉ်ကျေးသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အကျင့်အကြံ များ စွဲမြဲစွာ သန္ဓေတည် မိရန်လိုသည်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုသည့် မြန်မာ့လူမှု အဖွဲ့အစည်း၏ ကောင်းမြတ် လှသည့် အစဉ်အလာများကို လေးစား လိုက်နာ တတ်သည့် နှလုံးသားများ ဖွံ့ဖြိုး ရှင်သန်လာရန် လိုသည်။
ကောင်းသော ကိုယ်ကျင့်တရား ဟူသည်မှာ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား ကောင်းမွန် မြင့်မြတ်ခြင်း ကို ဆိုလိုသည်။ မတရားမှုနှင့် မကောင်းမှု မှန်သမျှကို မလိုလားဘဲ ရွံရှာ မုန်းတီးခြင်း၊ ကောင်းမှုနှင့် တရားမျှတမှု မှန်သမျှကို လိုလား နှစ်သက်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ တာဝန်ဝတ္တရား ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ မိမိ၏ အကျိုးကျေးဇူး နှင့် သူတစ်ပါး အကျိုးကျေးဇူး တို့ကို ယုတ်လျော့ စေမည့်အပြုအမူ၊ အကျင့်အကြံများကို ရှောင်ကြဉ်ခြင်း၊ အားလုံး၏ အကျိုးကျေးဇူး ပွားများရာ ပွားများကြောင်း ကို ထာဝစဉ် ရှေးရှုခြင်း၊ သစ္စာရှိခြင်း၊ နှလုံးသား ယဉ်ကျေး သိမ်မွေ့၍ သူတစ်ပါးကို ကြင်နာ သနားတတ်ပြီး မေတ္တာ ကရုဏာတရား နှင့် ပြည့်စုံခြင်း စသည် တို့သည် ကိုယ်ကျင့်တရား ဖြစ်သည်ဟု စာရေးဆရာ မုံရွာဝင်းဖေ က သူ၏ ကိုယ်ကျင့်တရား နှင့် ဘဝတက်လမ်း စာအုပ်တွင် ရေးသားခဲ့သည်။
ယနေ့ အိုင်တီခေတ်တွင် မွေးဖွား လာသော ကလေးများသည် မျက်စိကြီး၊ နားကြီးများ ဖြစ်ကြသည်။ ခေတ်ပေါ် အိုင်တီပစ္စည်း များကို ဆရာ၊ ဆရာမ များထက်ပင် ပိုင်နိုင် ကျွမ်းကျင်စွာ ကိုယ်တိုင် သုံးစွဲတတ် နေကြသည်။ ခေတ်ပေါ် ဗန်းစကားများ၊ စကားဝှက် အသုံးအနှုန်း များကိုလည်း ကျွမ်းကျင် ကြသည်။ အဆိုးရွားဆုံး အချက်တစ်ချက်မှာ ထိုမှ အပြောအဆို၊ အပြုအမူ၊ အသုံးအနှုန်း များ၊ အမူအကျင့် မှားများ ကျောင်းစာသင်ခန်း တွင် ယူဆောင် ပျံ့နှံလာခြင်းပင် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ ယှဉ်တွဲ သင်ကြားရသည့် စာသင်ခန်းထဲတွင် မဖွယ်မရာ အပြုအမူ အပြောအဆိုများ ပြန့်ပွား လာခြင်းသည် ယဉ်ကျေးသော လူ့ဘောင် အဖွဲ့အစည်း အတွက် မကောင်းလှပေ။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ များကို စာရိတ္တပညာ သင်ကြား ပေးရာတွင် ဆရာ၊ ဆရာမ များက မကောင်းသော အပြုအမူ၊ အကျင့်အကြံ တို့ကို မပြုလုပ် မကျင့်ကြံ စေရန် မေတ္တာတရား ရှေ့ထား၍ ကလေးများ၏ နှလုံးသားတွင် စာနာစိတ်၊ မေတ္တာစိတ် တို့ကို ထည့်သွင်း ပေးနိုင်ကြ ရမည် ဖြစ်သည်။ ထိုအခါ ကိုယ်စိတ် နှလုံးသုံးပါးဖြင့် ရိုင်းပျသော၊ မဖွယ်မရာ အပြုအမူ များကို ကလေးများ ပြုမူရန် ဝန်လေး လာမည် ဖြစ်သည်။ ကျောင်းမှ ခံစားသိမြင် နားလည်ခဲ့သော အတွေးအမြင် များသည် ပြင်ပလူမှု ဝန်းကျင် အသိုင်းအဝိုင်း အထိပါ ထိရောက်မှု ရှိသည်။
သို့ဖြစ်ရာ ကိုယ်ကျင့်တရား ကောင်းမွန်သော၊ နှလုံးရည် လှသော အရင်းအမြစ် စွမ်းရည်များကို ကလေးများ၌ ငယ်စဉ် ကာလမှစ၍ ကိုယ်နှင့်မကွာ ပါလာစေရန် ဆရာ၊ ဆရာမများက သွန်သင် ပေးကြရမည် ဖြစ်သည်။ သို့မှသာ တည်ဆောက် လိုသည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက်၍ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သော နိုင်ငံအဖြစ် ဖော်ဆောင် နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
No comments:
Post a Comment