www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 24, 2014

မဲခေါင်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာမိတ်အဖွဲ့မှ ချီးမြှင့်သော The Best Airlines of the Year Award ဆုကို MAI ရရှိ


ရန်ကုန် ၊ ၂၄-၁၀-၂၀၁၄

မဲခေါင်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာမိတ်အဖွဲ့မှ ပေးအပ်ချီးမြှင့်သော ယခုနှစ် အတွက် Mekong Tourism Alliance Awards ဆုချီးမြှင့်မှု များထဲမှ The Best Airlines of the Year Award ဆုကို အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) က ရရှိကြောင်း အဆိုပါ လေကြောင်းလိုင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) အနေဖြင့် ၄င်း၏ ဝန်ဆောင်မှု များနှင့် စီစဉ် ဆောင်ရွက်ပုံများ စည်းစနစ် ကျမှုကြောင့် ထိုဆုချီးမြှင့် ခံရခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်ကလည်း အလားတူ ဆုမျိုးကို MAI က လက်ခံရရှိခဲ့ ဖူးကြောင်း၊ နှစ်စဉ် Mekong Tourism Alliance Awards ဆုများပေးအပ် ချီးမြှင့်ရာတွင် မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာ စသည့် နိုင်ငံများရှိ လေကြောင်းလိုင်း များထဲမှ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု၊ စည်းစနစ်ကျမှု အစရှိသော အချက်အလက်များ အပေါ်တွင် မူတည်ကာ ဆုများ ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် MAI လေကြောင်းလိုင်း သည် ပြည်တွင်း ခရီးစဉ်များ အပြင် စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ နှင့် ဖနွမ်းပင် အစရှိသော မြို့များသို့လည်း လေကြောင်း ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့ သို့လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်မှစ၍ ပျံသန်း ပြေးဆွဲ ခဲ့သည်။

ထို့အပြင် ကိုရီးယားနိုင်ငံ အင်ချုံးမြို့ သို့လည်း ယခုလ ၂၆ ရက်မှစတင်ကာ လေကြောင်း ခရီးစဉ်သစ် ပြေးဆွဲသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဟောင်ကောင်၊ ဒူဘိုင်း စသည့် နိုင်ငံများသို့လည်း တိုးချဲ့ ပျံသန်းရန် အစီအစဉ်များ ပြုလုပ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger