www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 8, 2014

စာမတတ်သူ ပပျောက်ရေး မှ စာမဖတ်သူ ပပျောက်ရေး သို့


စာမတတ်သူ ပပျောက်ရေး မှ စာမဖတ်သူ ပပျောက်ရေး သို့

( အယ်ဒီတာ့အာဘော် )

နိုင်ငံ တစ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူတိုင်း စာတတ် မြောက်ရေးသည် အဓိက အရေးအကြီးဆုံး ပိုင်းတွင် ပါဝင်နေသဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီး တို့၏ စာတတ် မြောက်ရေး လုပ်ငန်း တို့ကို စဉ်ဆက်မပြတ် အရှိန် အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးအတွက် ၁၉၆၅ ခုနှစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့ ၌ ကျင်းပသည့် စာတတ် မြောက်ရေး ညီလာခံကြီး မှ စက်တင်ဘာ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အဖြစ် သတ်မှတ် ပြဋ္ဌာန်း ခဲ့သည်။

မြန်မာနိုင်ငံတွင် ပညာရေး ဝန်ကြီးဌာန နှင့် ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သော ယူနက်စကို အဖွဲ့တို့ ပူးပေါင်းပြီး ကမ္ဘာ့ စာတတ် မြောက်ရေးနေ့ အခမ်းအနား ကို နှစ်စဉ် ကျင်းပ ခဲ့သည်။ မြန်မာနိုင်ငံ၏ စာတတ် မြောက်ရေး လှုပ်ရှားမှု သမိုင်းကို လေ့လာ ကြည့်လျှင် ရှေးမြန်မာမင်းများ လက်ထက်က စာတတ်မြောက်မှု နှုန်း ၈၅ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။

သို့သော် ကိုလိုနီခေတ် ပညာရေး ကြောင့် ၁၉၄၈ ခုနှစ်တွင် စာတတ်မြောက်မှု နှုန်း ၃၅ ရာခိုင်နှုန်း သို့ ကျဆင်း ခဲ့ရသည်။ထို့ကြောင့် ၁၉၄၉ ခုနှစ်တွင် လူထု ပညာရေး သင်တန်းနှင့် 'အ' သုံးလုံး သင်တန်း များ ပို့ချ ဆောင်ရွက် ခဲ့ရာ ၁၉၆၃ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း သို့ တိုးတက် လာခဲ့သည်။ ၁၉၆၄ ခုနှစ် တွင် တစ်မျိုးသားလုံး လှုပ်ရှားမှု အသွင်ဖြင့် တစ်နိုင်ငံလုံး 'အ' သုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုကို နှစ်စဉ် တိုးမြှင့် ဆောင်ရွက် ခဲ့၍ ၁၉၇၁ ခုနှစ်တွင် မိုဟာမက် ရီဇာပါလာဗီ ဆု နှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆု တို့ကို ရရှိခဲ့သည်။

မြန်မာနိုင်ငံ တွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေ လိုက်ရသော သက်ကြီးပိုင်းများ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့ ရသော ဒေသများတွင် အများဆုံး ရှိသည်။

ယခုအခါ နိုင်ငံတော်သည် လူတိုင်းအတွက် ပညာရေး အစီအစဉ်ဖြင့် သက်ကြီးပိုင်း စာတတ် မြောက်ရေးကို အလေးပေး ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် စာတတ်မြောက်မှု နှုန်းမှာ ၂ဝ၁၂ ခုနှစ် သက်ကြီး စာတတ်မြောက်မှု နှုန်း ၉၅ ဒသမ ဝ၈ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့ကြောင်း သိရသည်။

ဤသို့ စာတတ် မြောက်မှုနှုန်း တိုးတက် လာခြင်းသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်သော်လည်း ထို စာတတ်မြောက် မှုနှုန်းကို ဆက်လက် ထိန်းသိမ်း သွားနိုင်ရန်လည်း ကြိုးစား ကြရမည် ဖြစ်သည်။ စာတတ်မြောက်မှု လှုပ်ရှားရေး အစီအစဉ်များ ပြီးဆုံး သွားသည်နှင့် သင်ယူ ထားသော စာများ မေ့ပျောက် သွားပြီး ပွဲပြီးမီးသေ မဖြစ်ရန် လိုသည်။

ထို့ကြောင့် စာတတ်ပြီး သူများ အတွက် စာဖတ်ရှိန် မြှင့်တင်၊ စာမဖတ်သူ ပပျောက်ရေး အတွက် ကျေးလက်၊ မြို့ပြ၊ နိုင်ငံအနှံ့ စာကြည့်တိုက် ပေါင်း ငါးသောင်းကျော် စနစ်တကျ ဖွင့်လှစ် ပေးခဲ့သည်။ ၂၁ ရာစု ပညာခေတ် ၏ စိန်ခေါ်လာမှု ကို ရင်ဆိုင်နိုင်ရန် ပြင်ဆင် ပေးခဲ့ခြင်း ဖြစ်၍ ပြည်သူများ စာဖတ်ရှိန် မြှင့်တင်၍ စဉ်ဆက်မပြတ် သင်ယူ လေ့လာနိုင်ရန် စာကြည့်တိုက် များကို အကူအညီ ယူ၍ ကြိုးစား သွားကြရမည် ဖြစ်သည်။

ယခုအခါ တစ်နိုင်ငံလုံး စာတတ်မြောက် ရေးကို အမျိုးသားရေး အမြင်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက် လာမှု အကျိုးဆက်ကြောင့် နိုင်ငံသား အားလုံးနီးပါး စာတတ် လာကြပြီး စာဖတ်ရှိန် မြှင့်တင်ရေး တွင်လည်း ရပ်တိုင်း၊ ရွာတိုင်း၊ နေရာတိုင်း၌ စာကြည့်တိုက်များ ထူထောင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ တိုးတက်သည့် နိုင်ငံများမှ နိုင်ငံသားတိုင်း စာကို စွဲမြဲစွာ ဖတ်ကြ သည်ကို နမူနာယူ ၍ ''အလိမ္မာ စာမှာရှိသည်'' ဆိုစကားအတိုင်း ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် စာမတတ်သူ ပပျောက်ရေး မှသည် စာမဖတ်သူ ပပျောက်ရေး ကို အလေးထား အကောင် အထည်ဖော်၍ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အုတ်တစ်ချပ် သဲတစ်ပွင့် ကျရာနေရာမှ ပါဝင် သွားကြရ မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger