www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 20, 2014

ဦးထုပ်


ဦးထုပ်

ဦးစွာ (မြန်မာစာ) အုန်းတော

''ဦးထုပ်ဆိုတာ ဘာနာမ်လဲဟေ့''

''ပင်ကိုယ်နမ်ပါ...''လို့ ဖြေဆိုကြတဲ့ အသံတွေ ကြားက ပေါင်းစပ်နာမ် ဟု ဖြေလိုက်သော အသံကို ကြားဖြစ်အောင် ကြားလိုက် ပါတယ်။ ကြားလိုက်တော့ အဲဒီ ကလေးကို အထခိုင်းပြီး-

''မင်းက ပေါင်းစပ်နာမ် လို့ ဖြေလိုက်တော့ ဦးထုပ်ဆိုတဲ့ နာမ်က ဘာ ဝါစင်္ဂတွေ ပေါင်းထား တာလဲ''

''ဦးခေါင်းနဲ့ ထုပ်ပိုးကို ပေါင်းထား တာပါဆရာ''

အဲဒီလို အူကြောင်ကြောင် ဖြစ်နေတဲ့ ကလေးတွေကို နှစ်စဉ် တစ်ယောက်၊ နှစ်ယောက် တွေ့တွေ့ နေရပါတယ်။ အောက်တန်းတွေ ကတည်းက 'ကျောင်းသား ဟန်ဆောင်ပြီး ထမင်း အချောင်စား လာကြ သူလေးတွေ' လို့လဲ မှတ်ချက်ပြု ထားပါတယ်။ သူတို့ကို သီးသန့် ခေါ်ပြီး နားလည်နိုင် လောက်အောင် ရင်းရင်းနှီးနှီး ရှင်းပြ ပေးခြင်းနဲ့ ကုစားရ ပါတယ်။ ဦးထုပ်ဟာ ပင်ကိုယ်နာမ် ဖြစ်ကြောင်း ရှင်းပြရင်း အတွေးတစ်ခု ဝင်လာပါတယ်။

ဦးထုပ် ဆောင်းသူ များစွာ ရှိသလို မဆောင်းသူလဲ များစွာရှိ ပါတယ်။ ဦးထုပ် ဆောင်းသူ တချို့ကတော့ နေဒဏ်၊ မိုးဒဏ် ခံနိုင်အောင်နဲ့ တချို့ကတော့ စတိုင် လုပ်ချင်လို့ ဆောင်းကြတာ ဖြစ်ပါတယ်။ မဆောင်းတဲ့ သူတွေ ကတော့ ခေါင်းလေးမှာကို မကြိုက်လို့လား၊ အခြား ဘာအကြောင်း ကြောင့်ရယ် မသိပါ။ ကိုယ်ချင်း မစာတတ်လို့ မသိရခြင်းမှာ ကျွန်တော် ကိုယ်နှိုက်က ဦးထုပ် ဆောင်းတဲ့ အလေ့ ရှိသောကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ အခု အရွယ်ရ လာပြီဖြစ်လို့ ဦးထုပ် အဖြူ ဆွတ်ဆွတ် ကိုသာ အမြဲဆောင်း ပါတယ်။

ဦးထုပ်နဲ့ ပတ်သက်လို့ မွမ်းမံ သင်တန်း တစ်ခုမှာ သင်တန်းဆရာမ တစ်ဦးက အတန်းထိန်း နည်းနဲ့ ပတ်သက်ပြီး ပို့ချရာမှာ သူ့ အတွေ့အကြုံ တစ်ခုကို ထည့်ပြော ပါတယ်။ သူဟာ ကျောင်းအုပ် ဖြစ်ပါတယ်။ သူ့ လက်ထောက် တစ်ယောက်ဟာ ဦးထုပ် အမြဲဆောင်း ပါတယ်။ သူ အမြဲဆောင်းတဲ့ ဦးထုပ်ဟာ သူ့တပည့်တွေ အတွက် သင်္ကေတ တစ်ခု ဖြစ်နေပါတယ်။ သူ အတန်းမဝင် အားလို့ သူ့ဦးထုပ်ကို သူ့ကိုယ်စား အတန်း စားပွဲပေါ်မှာ တင်ထား လိုက်ရင် အတန်းသားတွေ တုတ်တုတ်မှ မလှုပ်ရဲကြောင်း သင်တန်း ဆရာမက ပို့ချပါတယ်။ ဆရာမက 'သူ့အတန်းမှာ သူကိုယ်တိုင် မရှိပေမယ့် သူ့ဦးထုပ် ရှိနေရင် တစ်တန်းလုံး ငြိမ်နေကြောင်း၊ ဘယ်လို နည်းလဲ မသိကြောင်း ...' ပြောခဲ့ဖူးတာကို အမှတ်ရ နေပါတယ်။

အဲဒီ ပို့ချချက်ကို အခုအခါမှာ ပြန်စဉ်းစား မိတော့ လူကိုယ်တိုင် မရှိပါဘဲ ဦးထုပ်ကို စားပွဲပေါ် တင်ထားရုံနဲ့ အတန်းငြိမ်အောင် ထိန်းထားခြင်း အပေါ် နည်းနှစ်နည်း စဉ်းစားလို့ ရမိပါတယ်။ ပထမနည်း ကတော့- ' ဆရာအခု အစည်းအဝေး သွားမယ်။ ဆရာ့ကိုယ်စား ဆရာ့ ဦးထုပ်ကို စားပွဲပေါ်မှာ တင်ထားခဲ့မယ်။ အဲဒီတော့ ကျက်စရာ ရှိတာကျက်၊ တွက်စရာ ရှိတာတွက်၊ အဲဒီလို မဟုတ်ဘဲ ဆရာ မရှိဘူး ဆိုပြီး လုပ်ချင် ရာလုပ်၊ ဆော့ချင်ရာ ဆော့ နေလို့ကတော့ သေဖို့သာမှတ် .. ' လို့ မှာထားပြီး အစည်းအဝေး၊ အခြား တစ်နေရာကို သွားပါမယ်။ ပြန်လာလို့ (ဝါ) နောက်တစ်နေ့ အဲဒီ အတန်းဝင်တဲ့ အချိန်မှာ ပြဿနာ ဖော်ထုတ်ပြီး ပြဿနာ လုပ်တဲ့သူရှိက ရိုက်တဲ့နည်း ပါပဲ။ ဟိုတစ်ခတ်က ကလေးတွေကို ထိုသို့ ရိုက်ဆုံးမ တာကို မမြင်ချင် အဆုံး၊ မကြားချင် အဆုံး ရှိခဲ့ဖူးပါတယ်။ 

ဒုတိယ နည်းကတော့- ''ဆရာ အစည်းအဝေး တက်စရာ ရှိတယ်။ အစည်းအဝေး ဆိုတာကလဲ ကျောင်းအုပ်ကြီး ရဲ့ ညွှန်ကြားမှုကို ယူတာပါပဲ။ ဒါမှ မင်းတို့ကို ကောင်းသထက် ကောင်းအောင်၊ တော်သထက် တော်အောင် သွန်သင် ဆုံးမ နိုင်မှာဖြစ်တယ်။ ဒီတော့ ဆရာ အစည်းအဝေး တက်နေတဲ့ အချိန်မှာ မင်းတို့ စာကျက်စရာ ရှိတာ ကျက်နေ၊ တွက်စရာ ရှိတာ တွက်နေကြ၊ ဆရာက မင်းတို့ အတွက် အစည်းအဝေး သွားတက်ရမှာ ဖြစ်တယ် ... ' လို့ နားလည်အောင် ပြောပြီး ဆရာ့ ကိုယ်စား ဦးထုပ်ကို ထားခဲ့တာက တစ်နည်း ဖြစ်ပါတယ်။

ကျွန်တော် စဉ်းစားမိသည်မှာ ဆရာ မရှိပါဘဲ အတန်းငြိမ်အောင် ထိန်းရာမှာ အတန်းငြိမ်ဖို့ အတွက် ဆရာက ဆရာဟူသော နေရာမှာ နေကာ ရိုက်နှက် ကြိမ်းမောင်းပြီး ထိန်းတဲ့နည်းနဲ့ နားလည်အောင် ပြောပြီး နားလည်လို့ ငြိမ်နေတဲ့ ထိန်းနည်းလို့ နှစ်မျိုး ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့ ဦးထုပ်ကို စားပွဲပေါ် တင်ထားရုံနဲ့ အတန်းငြိမ်အောင် ထိန်းတာ ကတော့ ဘယ်နည်းကို သုံးတယ်ဆိုတာ ကျွန်တော် မသိပါ။ ဦးထုပ်ကို စားပွဲပေါ် ထားပြီး ဆရာက ယမကာဆိုင် သွားနေလဲ အတန်းသားတွေ ကတော့ ဦးထုပ်အရှိန်နဲ့ အတန်းငြိမ် နေတာပါပဲ ဟု .. သင်တန်း ဆရာမ ပို့ချသွားတာကို အမှတ်ရ နေမိပါတယ်။ အဲဒီလို ဦးထုပ်နဲ့ အတန်း ထိန်းတာကို မကြုံဘူးပါ။ ကိုယ်တိုင်လဲ မကျင့်ဘူးပါ။

ဦးထုပ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခုကတော့ ကျွန်တော်ဟာ ခေတ်နဲ့ လျော်ညီစွာ လျှာထိုးဦးထုပ် အဖြူ ဆွတ်ဆွတ် ကို ဆောင်းပါတယ်။ အဲဒီ လျှာထိုးဦးထုပ် အဖြူဆွတ်ဆွတ် ဟာ ကျွန်တော့်ရဲ့ သင်္ကေတလို ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ တပည့်တွေက 'ဆရာ ကြီးက ဦးထုပ်ကို ခေါင်းပေါ်မှာ တင်ရုံလေး တင်ထားတယ်' ဟု ပြောလာ ကြလို့ ဖြစ်ပါတယ်။'

ကျွန်တော် ဦးထုပ်ဆောင်း တာကတော့ ထီးမဆောင်းချင် တာက တစ်ကြောင်း၊ နေဒဏ်၊ မိုးဒဏ် ခံနိုင်ဖို့က တစ်ကြောင်းကြောင့် ဖြစ်ပါတယ်။ စတိုင်လုပ်ဖို့ လုံးလုံး မဟုတ် တာတော့ သေချာပါတယ်။ ကိုယ်သင်ရမယ့် အတန်းမှာ ကိုယ်မရှိ သော်လည်း ဦးထုပ်ကို ချထားပြီး အတန်းထိန်း ဖို့ကို ဘယ်တုန်း ကမှ မစဉ်းစား ခဲ့ဖူးပါ။ သို့သော်လဲ တပည့်တွေ ကတော့ ကျွန်တော် လျှာထိုးဦးထုပ် အဖြူ ဆွတ်ဆွတ်ကို သူများနဲ့ မတူ၊ ခေါင်းပေါ်မှာ တင်ရုံလေး တင်ပြီး ဆောင်းတာကို သတိပြု မိနေကြ ပါတယ်။

တစ်နေ့မှာတော့ ကျွန်တော် ဝိုင်းတစ်ခုကို စာသွားပြ ပါတယ်။ အဲဒီနေ့ က ဥပုသ်နေ့ ဖြစ်နေတဲ့ အတွက် စာပြရမယ့် အိမ်က အလုပ်ရုံ ဆိုတော့ အလုပ်ပိတ် ပါတယ်။ ကျွန်တော် ကလဲ ခါတိုင်းလိုပဲ ဆိုင်ကယ်ကို အိမ်ရှေ့မှာပဲ ရပ်ထားခဲ့ပြီး ဦးထုပ် ကိုတော့ နောက်ကြည့် မှန်ပေါ်မှာ ချိတ်ထားခဲ့ ပါတယ်။ အိမ်ပေါ် စာတက် သင်ပြီး စာသင်ချိန် တစ်နာရီ ပြည့်လို့ ပြန်ဆင်း လာကာ ဆိုင်ကယ် ပေါ်တက်၊ ဦးထုပ်ကို ဆောင်းလိုက်တော့ စာရွက် တစ်ရွက် ထွက်လာပါ တယ်။

''ဆရာကြီး၊ ကျွန်တော်တို့ ဆိုင်ကယ် ခိုးဂိုဏ်းထဲ က တစ်ယောက်က ဆရာကြီး ဆိုင်ကယ်ကို သော့တုနဲ့ ဖွင့်ပြီး တွန်းလာတာကို ကျွန်တော် မြင်လို့ အဲဒါ ငါ့ဆရာကြီး ဆိုင်ကယ် မလုပ်နဲ့လို့ ပြောပြီး ထားခဲ့ပါတယ်။ ဆရာကြီးရဲ့ ဦးထုပ် ကြောင့် ဖြစ်ပါတယ်။ တပည့်မိုက် ... '' ဆိုတဲ့စာကို တွေ့လိုက်ရ ပါတယ်။ ဘာပဲ ပြောပြော ကျွန်တော့် ဦးထုပ်က ကျွန်တော့် ဆိုင်ကယ်ကို အကာအကွယ် ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်တစ်စီး မဆုံးရှုံးလိုက် ရသော်လည်း စာရိတ္တ ပျက်နေတဲ့ တပည့် တစ်ယောက် ရှိနေတာကို အတိအကျ သိလိုက် ရသောအခါ .....။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger