နှစ်ပေါင်းသက်တမ်း ၁၃၀ ကျော်ရှိ ရွှေနန်းတော်ကျောင်း
မန္တလေး ၊ ၂၀-၉-၂၀၁၄
မန္တလေး ဒေသခံ ပြည်သူများက ရွှေကျောင်းကြီး ဟု ခေါ်ဆိုသော နှစ်ပေါင်း သက်တမ်း ၁၃ဝ ကျော်ရှိ ကုန်းဘောင်ခေတ် (၁၉)ရာစု မြန်မာမှု အနုပညာ ဗိသုကာ လက်ရာစံပြု ကျောင်းကြီး ဖြစ်သည့် ရွှေနန်းတော် ကျောင်းကို ပြုပြင် ထိန်းသိမ်းရန် အတွက် အမေရိကန် အစိုးရ၏ အကူအညီဖြင့် သုတေသန ဆန်းစစ်မှု များကို ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် သုတေသန ဆန်းစစ်မှု များကို အပြီးသတ် ဆောင်ရွက်ပြီး ရှေးဟောင်း သုတေသနဌာန သို့ တွေ့ရှိချက်များ ကို တင်ပြ ညှိနှိုင်းကာ ပြုပြင် ထိန်းသိမ်းမှုများကို ၂ဝ၁၅ ခုနှစ် ဇွန်လတွင် အပြီးသတ် နိုင်ရန် လျာထားကြောင်း ရွှေကျောင်းကြီး ပြုပြင် ထိန်းသိမ်းရန် သုတေသန ဆန်းစစ်မှုများ ဆောင်ရွက် နေသော World MONUMENTS FUND မှ ပရိုဂရမ် ဒါရိုက်တာ Mr. Jeffrey Allen က ပြောကြားသည်။
''သုတေသန ဆန်းစစ်မှုကို မီးဘေး အန္တရာယ် ကာကွယ်ရေး၊ ရေနုတ်မြောင်း စနစ်၊ ဓာတ်ပုံ မှတ်တမ်းတင်ခြင်း၊ လက်ဆွဲပန်းချီ၊ ရွှေယွန်း၊ သစ်သား ထိန်းသိမ်းခြင်း၊ တည်ဆောက်ပုံ ထိန်းသိမ်းခြင်း ကဏ္ဍ ခုနစ်ခုပါဝင် ပါတယ်။ ရေနုတ်မြောင်း စနစ်အတွက် စက်တင်ဘာ ၁၉ ရက်နဲ့ ရွှေယွန်းအတွက် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ မှာ ကျွမ်းကျင်သူ တွေလာမှာ ဖြစ်ပါတယ်။ ကျန် အဖွဲ့တွေက လာရောက်ပြီး ဖြစ်ပါတယ်။ ရွှေကျောင်းကြီး အတွက် မီးဘေးနဲ့ မိုး ရေဒဏ်က အဓိက အန္တရာယ် ဖြစ်ပြီး ခြကောင်နဲ့ မှိုကလဲ အန္တရာယ်ပေးမှာ ဖြစ်ပါတယ်။ ကျောင်းရဲ့ တောင်ဘက် အောက်ခြေတိုင် အချို့မှာ ခြကောင်နဲ့ မှိုတွေ တွေ့နေ ရပါတယ်။ အနိမ့်ပိုင်း ဖြစ်တဲ့အတွက် မိုးရေဒဏ် ခံရပါတယ်။ မိုးရေကြောင့် မှိုဖြစ်ပြီး ကျွန်းသားမှာ ပါတဲ့ ခြကောင်ကို ကာကွယ်ပေး နိုင်တဲ့ ဓာတ်တွေကို ဖျက်ဆီး ပါတယ်။ တိုင်အချို့ လဲရာမှာ သက်ရင့်ကျွန်း တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ပြုပြင်ရာမှာ အမိုး၊ အပေါ်ထပ်ကို စပြီး ပြုပြင်မှာပါ။ အမိုးနဲ့ ကျောင်း အပေါ်ပိုင်းက ပျက်စီးမှု နည်းပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။
#Yadanarpondaily






No comments:
Post a Comment